ကျောင်းကို ဖုန်းပါလာလို့ ရှင်းရတဲ့ ပြဿနာတွေက မကြာခဏဆိုသလို တက်နေတတ်တယ်။ ဖုန်းကနေတစ်ဆင့် ရည်းစားစာပို့တယ်။ ဖုန်းကနေ ဆဲကြ၊ ဆိုကြ၊ ရန်ဖြစ်ကြတယ်။ စာသင်ချိန်အတွင်း ဂိမ်းကစားတယ်။ ယူကျုကနေ မတော်တရော်ဇာတ်လမ်းတွေ ကြည့်တယ်။ မကျေနပ်တဲ့ဆရာမကို ဓာတ်ပုံခိုးရိုက်ပြီး အွန်လိုင်းပေါ်ကနေ ဆဲတာတို့ လုပ်တယ်။ ကျောင်းသူတစ်ယောက်ရဲ့ အောက်ပိုင်းပုံကို နောက်ကနေ ခိုးရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်တာတို့ကို ဖြေရှင်းနေရတယ်။ လက်ကိုင်ဖုန်းတွေက ကျောင်းသားတွေကို မလှုပ်နိုင်အောင် တုပ်ထားပြီး ပြဿနာနွံထဲ တွန်းပို့နေကြတယ်။


တစ်ရက်သားမှာတော့ လေအေးစက်လွှတ်ထားလို့ စေ့ထားတဲ့ ကျောင်းအုပ်ကြီး ရုံးခန်းတံခါးက “ကျွီ” ခနဲမြည်ပြီး ဟသွားတာကို စားပွဲမှာထိုင်နေတဲ့ ကျုပ်က မြင်လိုက်တယ်။ ပြီးတော့ လက်တစ်ဖက်က ကားသော့ကိုကိုင်ထားကာ သားသားနားနား ဝတ်စားထားတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် ဝင်လာတယ်။ 

“ဝင်ခွင့်ပြုပါရှင့် ...”

“ဟုတ်ကဲ့...။ ဘာများ အကူအညီပေးရမလဲ ခင်ဗျာ”

“မိဘတစ်ယောက်အနေနဲ့ တိုင်စရာရှိလို့ပါရှင့်”

“ပြောပါခင်ဗျာ”

“မနေ့က ကိုးတန်းမှာ တက်နေတဲ့ ကျွန်မသားရဲ့ဖုန်းကို တခြားကျောင်းသားတစ်ယောက်က ခွင့်ပြုချက်မယူဘဲ စာသင်ချိန်အတွင်းမှာ ခိုးကိုင်ပါတယ်။ ပိတ်ထားတဲ့ Password ရအောင်ဖွင့်ပြီး ဖုန်းထဲမှာပါတဲ့ တခြားနံပါတ်တွေဆီ မက်ဆေ့ခ်ျကနေ ညစ်ညမ်းစာတွေ ပို့ပါတယ်။ အဲ့ဒါကို အရေးယူပေးဖို့ လာပြီးတော့ တိုင်ကြားတာပါ ဆရာကြီး”

“ဟုတ်ကဲ့.... ကျွန်တော်လည်း သိပြီးပါပြီ။ အဲ့ဒီကျောင်းသားကိုလည်း ခေါ်ယူသတိပေးပြီးပါပြီ။ သူ့မိဘကိုလည်း တွေ့ဖို့ ခေါ်ထားပါတယ်”

အဲ့ဒီနောက် ကျုပ်လည်း နောက်ဆိုရင် ဒီလိုအဖြစ်မျိုး မဖြစ်ရအောင် တာဝန်ယူပါကြောင်း။ ဖြစ်နိုင်ရင် ကျောင်းသားတွေကို ဖုန်းတွေ မပေးလိုက်ဖို့ မေတ္တာရပ်ခံရင်း တောင်းပန် နှစ်သိမ့်လိုက်ရပါတယ်။ ကျုပ်ကလည်း ကျောင်းအုပ်ကြီးဆိုပေမယ့် ကျောင်းသား ၇၀၀ ကျော်ရှိတဲ့ ကျောင်းမှာ ကျောင်းသားတစ်ဦးချင်းကို ထောင့်စေ့အောင် ဘယ်မှာလာပြီး အသေးစိတ် အုပ်ချုပ်နိုင်ပါ့မလဲ။ အတန်းပိုင်ရော ဘာသာပြရော ဝိုင်းထိန်းမှ ဖြစ်ပေတော့မပေါ့။ 

ကျုပ်တို့ ကိုယ်ပိုင်ကျောင်းတွေမှာက ကျောင်းသားတွေကို အုပ်ချုပ်ရာမှာ အင်မတန်မှကို သတိထားရတယ်လေ။ တချို့မိဘတွေက ဆတ်ဆတ်ထိ ခံကြတာ မဟုတ်။ ကျောင်းသားတွေကို ဆုံးမရာမှာ ရိုက်ဖို့မပြောနဲ့ ခက်ထန်တဲ့စကားပြောရင်တောင် ပိုက်ဆံပေးရတဲ့ကျောင်းဆိုပြီး မိဘတွေက အတွန့်တက်ကြတာ။ တစ်ဖက်မှာလည်း ဘာသာပြဆရာတွေက စာကိုသာ အသားကုန်သင်ကြတာ။ အတန်းကိုထိန်းသိမ်းရာမှာတော့ အားနည်းချက်ရှိတာကို တွေ့ရတယ်။ 

အခုဖြစ်စဉ်မှာလည်း ဆရာက အရှေ့မှာ စာသင်နေတုန်း နောက်ဆုံးတန်းက ကျောင်းသားငါးယောက်က ဖုန်းကလိနေတယ်လို့ ဆိုတယ်။ ဖုန်းကလည်း ကိုယ့်ဖုန်း မဟုတ်။ သူများဖုန်းကို ခိုးကိုင်ကြတာပါ။ အများထဲက တစ်ယောက်က ပိတ်ထားတဲ့ Password ကို ရအောင် ဖွင့်နိုင်တယ်ဆိုတော့ အဲဒီကျောင်းသားက နှယ်နှယ်ရရတော့ မဟုတ်လောက်ဘူး။ ဖုန်းကိုင်တဲ့အတတ်ပညာကို အတော်ကျွမ်းကျင်ပုံရတယ်။ 

ပြီးတော့ တခြားဖုန်းနံပါတ်တွေဆီ မက်ဆေ့ခ်ျကနေ အဆီအငေါ် မတည့်တဲ့စာတွေ၊ မဟုတ်တရုတ်စာတွေကို ပို့တယ်ဆိုတော့ အတော့ကို တရားလွန်နေပြီ။ လက်ခံရရှိတဲ့ဖုန်းတွေကလည်း စိတ်ဆိုးကြ၊ ဒေါသထွက်ကြ၊ ရန်လုပ်ကြတော့တာပေါ့။ ဒီလို လက်သရမ်းတဲ့ ကျောင်းသားမျိုးရဲ့ ပြစ်မှုကို သူ့မိဘဆီ အသိပေးထားမှ တန်ကာကျလောက်မယ်။ တော်ကြာဥပဒေနဲ့ မလွတ်ကင်းတဲ့ အကြောင်းအရာတွေ ရေးမိလို့ ပုဒ်မ ၆၆ (ဃ) နဲ့ ငြိသွားလို့ကတော့ အခက်သားလား။ 

ကျုပ်တို့နိုင်ငံမှာက အခြေခံပညာအဆင့် ကျောင်းသားမိဘတွေက အုပ်စုနှစ်မျိုးရှိနေတယ်။ တစ်အုပ်စုက သူတို့သားသမီးတွေကို ကျောင်းလာရင် တန်ဖိုးကြီး စမတ်ဖုန်းတွေ ထည့်ပေးလိုက်တယ်။ ကျန်အုပ်စုကတော့ ထည့်မပေးလိုက်တဲ့ အုပ်စုပါပဲ။ 

ဒီနေရာမှာ ပေးလိုက်တာ ကောင်းတယ်၊ ပေးလိုက်တာ မကောင်းဘူးလို့ ငြင်းခုံစရာ မရှိပေမယ့် တကယ်လိုအပ်တဲ့နေရာမှာ ဖုန်းပေးသုံးဖို့၊ သုံးစွဲနည်းလမ်းညွှန်ပေးဖို့ မိဘတွေမှာ အဓိက တာဝန်ရှိပါတယ်။ ကျောင်းသားလူငယ် ဆိုတာကတော့ လစ်ရင်လစ်သလို တလွဲသုံးမှာပဲ။ အလယ်တန်း၊ အထက်တန်းကျောင်းသား အဆင့်မှာ စမတ်ဖုန်းကို အသုံးချပြီး ပညာသင်ယူရမယ့် အခြေအနေက မရှိသလောက် ရှားပါတယ်။ 

ကျောင်းကို ဖုန်းပါလာလို့ ရှင်းရတဲ့ ပြဿနာတွေက မကြာခဏဆိုသလို တက်နေတတ်တယ်။ ဖုန်းကနေတစ်ဆင့် ရည်းစားစာပို့တယ်။ ဖုန်းကနေ ဆဲကြ၊ ဆိုကြ၊ ရန်ဖြစ်ကြတယ်။ စာသင်ချိန်အတွင်း ဂိမ်းကစားတယ်။ ယူကျုကနေ မတော်တရော်ဇာတ်လမ်းတွေ ကြည့်တယ်။ မကျေနပ်တဲ့ဆရာမကို ဓာတ်ပုံခိုးရိုက်ပြီး အွန်လိုင်းပေါ်ကနေ ဆဲတာတို့ လုပ်တယ်။ ကျောင်းသူတစ်ယောက်ရဲ့ အောက်ပိုင်းပုံကို နောက်ကနေ ခိုးရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်တာတို့ကို ဖြေရှင်းနေရတယ်။ လက်ကိုင်ဖုန်းတွေက ကျောင်းသားတွေကို မလှုပ်နိုင်အောင် တုပ်ထားပြီး ပြဿနာနွံထဲ တွန်းပို့နေကြတယ်။ 

ဒီလိုကျူးလွန်တာတွေကို တားဆီးနိုင်ဖို့ စာသင်ကျောင်းတွေမှာ တာဝန်တွေပိုလာတယ်။ စာသင်ခန်းမဝင်မီ အတန်းပိုင်ဆရာမတွေက ကျောင်းသားတွေဆီမှာ ပါလာတဲ့ဖုန်းတွေကို ရှာဖွေသိမ်းဆည်းရတယ်။ ကျောင်းချိန်တစ်ချိန်လုံး သိမ်းထားပြီး ကျောင်းဆင်းတော့ တစ်ဦးချင်းစီကို ပြန်ပေးရတာပေါ့။ တစ်ချက် လစ်ဟာသွားတာနဲ့ ပြဿနာက သောင်းခြောက်ထောင်။ 

ကျောင်းသားတွေ ကျောင်းကို ဖုန်းယူမလာရလို့ တားမြစ်ပြန်တော့လည်း မိဘတွေက မနှစ်မြို့။ ဖုန်းပေးလိုက်တဲ့ မိဘတွေကို ဘာ့ကြောင့်များ ပေးလိုက်ရသလဲလို့ မေးမိတော့။ ယာဉ်ကြောတွေကျပ်လို့ ကျောင်းကားနဲ့အပြန် သူတို့ကလေး ဘယ်နေရာ ရောက်နေပြီလဲလို့ သိရအောင်တဲ့ဗျာ။ ဒီကိစ္စလောက်ကတော့ အလွယ်လေး။ ကျောင်းကား ယာဉ်မောင်းကို မေးလို့ရနေတဲ့ဥစ္စာ။ 

စမတ်ဖုန်းကို လွဲမှားစွာကိုင်တာကြောင့် ရှုပ်ထွေးပွေလီလှတဲ့ လူမှုပြဿနာပေါင်းစုံနဲ့ အန္တရာယ်တွေကတော့ ရေးပြလို့ကုန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရွယ်မတိုင်ခင်မှာ စမတ်ဖုန်းကို ဘယ်လိုကိုင်တွယ်သင့်တယ်။ စမတ်ဖုန်းကိုင်ခြင်းကြောင့် ရရှိလာမယ့် ဘေးထွက်ဆိုးကျိုးတွေကို ကျန်းမာရေး ရှုထောင့်အရ မိဘတွေ သိထားဖို့လိုတယ်။ 

အကြမ်းအားဖြင့် တစ်နေ့ နှစ်နာရီလောက်ပဲ ကလေးတွေကို စမတ်ဖုန်း ပေးကိုင်သင့်တယ်။ အချိန်ပိုပြီး ပေးထားရင်တော့ ဦးနှောက်စွမ်းအင်ကို ပျက်စီးစေမယ်။ မှတ်ဉာဏ်အားတွေ ဆုတ်ယုတ်လာမယ်။ အမြင်အာရုံတွေ ထိခိုက်လာမယ်။ အချိန်လွန်ပြီး အိပ်ရေးပျက်လာမယ်။ 

မူလတန်းအရွယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး ၉ နာရီကနေ ၁၁ နာရီအထိ အိပ်ချိန်ပေးရမယ်။ တစ်ရက်ကို တစ်နာရီလောက် ကိုယ်လက်လှုပ်ရှားတဲ့အနေနဲ့ ကစားခွင့် ပေးရမယ်။ တီဗီကြည့်တာတို့ ဂိမ်းကစားတာတို့ အီလက်ထရွန်နစ်ပစ္စည်း ကိုင်ခွင့်ပေးတာတို့ကို လျှော့ချရမယ်။ 

သတ်မှတ်ထားတဲ့အချိန်ကို ပြည့်ဝအောင်အိပ်ပြီး ကစားခွင့်ရတဲ့ကလေး တွေဟာ ကျန်းမာသန်စွမ်းကာ တွေးခေါ်စွမ်းအားလည်း ကောင်းလာတယ်လို့ ဆိုတယ်။ ပညာသင်ယူရာမှာ အလွယ်တကူ တတ်မြောက်လာမယ်။ အခုလို ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေ ပေးထားမှ အလယ်တန်း၊ အထက်တန်းရောက်လာတဲ့အခါ ပညာသင်ယူရင်း အီလက်ထရွန်နစ် ပစ္စည်း (စမတ်ဖုန်း) တွေကို စည်းနဲ့ကမ်းနဲ့ ကိုင်လာတတ်မယ်။ 

ဒီလိုမှ မဟုတ်ရင်တော့ စာသင်ကျောင်းတွေမှာ ကျောင်းသားလူငယ်နဲ့ စမတ်ဖုန်း ပြဿနာတွေကတော့ နေ့စဉ်လိုလို ရှင်းနေရပြီး အဆုံးမရှိ လုံးချာလည်နေဦးမှာပေါ့။ 

ကိုသောင်း (ပညာရေး)