“ပညာရေးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှ အပြောင်းအလဲတွေ တကယ်ထိရောက်မယ်”
၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။   အယ်ဒီတာ

ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး များစွာ ပြုလုပ်နေသည့် အစိုးရသစ် လက်ထက်တွင် မြန်မာ့ပညာရေး နယ်ပယ်အတွင်း အပြောင်းအလဲများ မည်မျှရှိနေပြီ၊ ၂၀၁၇ ခုနှစ်တွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့လာရဖွယ် ရှိသည့် အခြေအနေများကို ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပညာဌာန ကထိက ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် မေးမြန်းဖော်ပြအပ်ပါသည်။

Voice : အခု ၂၀၁၇ ခုနှစ် ပညာရေး အပြောင်းအလဲ မျှော်မှန်းချက်တွေအကြောင်း မမေးခင် ပြီးခဲ့တဲ့  ၂၀၁၆ ခုနှစ် ပညာရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး အကျဉ်းချုံးပြီး မှတ်ချက်ပေးစေလိုပါတယ်။ 

Dr.SKMT : ပြီးခဲ့တဲ့နှစ် ပညာရေး အပြောင်းအလဲဆိုရင် အားမရဘူးလို့ပဲ ပြောရမှာ။ လုပ်တာတော့ ရှိပါတယ်။ သို့သော် လက်တွေ့ထင်သာ၊ မြင်သာပြောင်းလဲတာ မရှိခဲ့ဘူးလို့ ပြောရမှာပေါ့။ အခုနှစ်မှာတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန အနေနဲ့ ပိုပြီး အလုပ်လုပ်စေချင်ပါတယ်။ 

Voice : အမျိုးသားပညာရေး မူဝါဒကော်မရှင် အနေနဲ့ ပညာရေးမူဝါဒ အပြောင်းအလဲကို ဘယ်လောက်ထိ လုပ်နိုင်မယ်လို့ သုံးသပ်ပါသလဲ။ 

Dr.SKMT : အခုထိ ပညာရေးမူဝါဒ ကော်မရှင် ဘာတွေလုပ်နေသလဲ ဆိုတာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေ သေသေချာချာ မသိရတာက နံပါတ်တစ်အချက် ပြဿနာပါ။ နောက်ပြီးတော့ ပညာရေးမူဝါဒ ကော်မရှင်ထဲမှာ ပါဝင် ဖွဲ့စည်းထားတဲ့ ပုံစံပေါ့။ တချို့အခြေခံက ဆရာ၊ ဆရာမတွေဆိုရင် တော်တော်ဝေဖန်ကြပါတယ်။ အခြေခံကဏ္ဍ သိပ်မပါဘူးပေါ့။ အဲဒီအပိုင်းမှာ အားနည်းတာ ရှိတယ်။ သူတို့ (အမျိုးသားပညာရေး မူဝါဒကော်မရှင်) လုပ်မယ်ဆိုရင် တော်တော်ကြီးကို သတိကြီးကြီး ထားပြီးတော့မှ ပညာရေး မူဝါဒတွေ ချမှတ်ဖို့၊ မူဝါဒ ချမှတ်တဲ့ လမ်းစဉ်တွေ ပွင့်လင်းမြင်သာဖို့ လိုတယ်။ တာဝန်ခံမှုရှိဖို့ လိုတယ်။ တကယ်ကိုလည်းပဲ ပညာရေး မူဝါဒတွေဟာ လက်ရှိဖြစ်နေတဲ့ ပညာရေးစနစ်ကြီးကို ထင်ဟပ်နိုင်တဲ့ ပညာရေး မူဝါဒကြီး ဖြစ်ရမှာပေါ့။ ပညာရေး ပြောင်းလဲမယ်ဆိုရင် နိုင်ငံရေးဆန်ဆန် တွေးလိုက်တဲ့အခါ ပညာရေးက ပြုပြင်ပြောင်းလဲမှု နှောင့်နှေးသွားတာ တွေ့ရတယ်။ ပညာရေးကို တကယ်ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလို့ပဲ မြင်ရမှာ။

Voice : အမျိုးသားပညာရေး ဥပဒေမှာဆိုရင် ပညာရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ရှိတယ် ဆိုပြီး ပြဋ္ဌာန်းထားတာ ပါပါသေးတယ်။ အခုပြောသလိုဆို ဥပဒေက ပြဋ္ဌာန်းထားတဲ့ အချက်နဲ့ ချိတ်ဆက်မယ်ဆိုရင် ဘာများပြောဖို့ ရှိပါမလဲ။ 

Dr.SKMT : ရှေ့မှာတောင်းဆိုမှုတွေ လုပ်ခဲ့တာက ပညာရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ပိုမိုပွင့်လင်းမြင်သာဖို့ တောင်းခဲ့တာ။ အခုနက ပြောသလို ပညာရေးမူဝါဒ ကော်မရှင်က အခုထိတော့ ဘာလုပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိဘူး။ အဓိက သူ့အတွက် အခက်အခဲ ဖြစ်စေမှာပါ။ ဒီဟာကို ပြင်နိုင်မယ် ဆိုရင်တော့ ဒီ ၂၀၁၇ မှာ သူလုပ်လို့ရမယ့် အလုပ်တွေ ရှိမယ်။ ဥပမာ-အမျိုးသားပညာရေး ဥပဒေကို ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ အဲဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ခေတ်စနစ်နဲ့ မလျော်ဘဲ ပြင်ရမယ့်ဟာတွေ ရှိပါတယ်။ ဗဟိုချုပ်ကိုင်မှုရှိတဲ့ အရေးအသားတွေ ရှိနေသေးတယ်။ ဒါဟာ ပညာရေး၊ အုပ်ချုပ်ရေး ယန္တရားတွေမှာ၊ သင်ကြားရေးနဲ့ အုပ်ချုပ်ရေးမှာ အနှောင့်အယှက် ဖြစ်စေတာ တွေ့တယ်။ အဲဒါကြောင့် သုံးသပ်မှုတွေ လုပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။ နောက် ပညာရေး ဝန်ကြီးဌာန အနေနဲ့ ဆိုလည်း ဌာနအလိုက် ဥပဒေတွေ အဆင့်မြင့်ပညာရေး ဥပဒေ၊ အခြေခံပညာရေး ဥပဒေ စသဖြင့် ဒီဥပဒေတွေ စတင် အကောင်အထည်ဖော်ဖို့၊ ကိုင်တွယ်ဖို့ လိုပြီလို့ ပြောချင်ပါတယ်။ အခုထိတော့ မူကြမ်းအနေနဲ့သာ ပြီးနေပါသေးတယ်။ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေ ငြိမ်နေတယ် ဆိုတာကလည်း လက်ရှိအစိုးရ အပေါ်မှာ နားလည်မှုတစ်ခု ထားပြီးတော့သာ ငြိမ်ကြတာပါ။ သို့သော် ရေရှည်မှာ ဒါက အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာ။ ဒါက လုပ်ငန်းလုပ်တဲ့သူနဲ့ ဆိုင်တယ်။ ဦးဆောင်တဲ့ သူတွေနဲ့ ဆိုင်တယ်။ သူတို့က ပိုပြီးတော့ ထိထိရောက်ရောက် ဦးဆောင်နိုင်ဖို့ လိုတယ်။

Voice : အခြေခံပညာကဏ္ဍ အတွက်ကတော့ အဓိက ဘာတွေ အပြောင်းအလဲ ဖြစ်လာနိုင်ပါသလဲ။ ဒီလိုပြောင်းလဲလာနိုင်တယ်လို့ ပြောရတဲ့ အကြောင်းအရင်းကရော ဘာပါလဲ။ 

Dr.SKMT : အခုရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ပညာရေးဘတ်ဂျက်ကို တိုးပေးတယ်။ အဲဒီတော့ အခြေခံပညာကဏ္ဍမှာ အဓိက လိုအပ်ချက်က ဘာလဲဆိုရင် (၁) သင်ထောက်ကူပြု ကိရိယာတွေပါ။ ဒီဟာတွေက ပြည့်ပြည့်စုံစုံ မရှိဘူး။ သင်ထောက်ကူပြုဆိုတဲ့ နေရာမှာ စာသင်ခန်းက အစပေါ့။ စားပွဲ၊ ကျောက်သင်ပုန်း စသဖြင့်ပေါ့။ သင်ကြားရေးနဲ့ ဆိုင်တာတွေပေါ့။ (၂) ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်ပိုင်းပါ။ ဒီအပိုင်းကိုလည်း မြှင့်တင်ဖို့ လိုပါတယ်။ စွမ်းရည်ပိုင်း ဆိုတာလည်း ဆရာဖြစ်ခွင့်နဲ့ဆိုင်တဲ့ စာချုပ်ကိစ္စတွေမှာ ပြောကြ၊ ဆိုကြ ဖြစ်လာပါတယ်။ ရေရှည်အတွက် ခုကတည်းက စဉ်းစားရပါမယ်။ (၃) အခြေခံပညာကဏ္ဍအပိုင်းမှာ ဗဟိုချုပ်ကိုင်မှုကို ပိုပြီးတော့ လျှော့ချရမယ်ဆိုတာ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်ကြားနေရတဲ့ သတင်းတွေ အများစုဟာ ဗဟိုချုပ်ကိုင်မှုဆန်တယ်။ ဗဟိုချုပ်ကိုင်မှု ဆန်တယ်လို့ သုံးသပ်တာသည် အုပ်ချုပ်ရေးယန္တရားမှာ ရှိတဲ့ အထက်နဲ့ အလယ်အလတ် အဆင့်ကြားထဲမှာ ချိတ်ဆက်မှု အားနည်းနေတာကြောင့်လို့ ယူဆတယ်။ အပေါ်ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်လို့ ပြောနေပေမယ့် တကယ်က အောက်ခြေက ဟိုအရင်က အတိုင်းပဲ သွားနေပါတယ်။ ဒါကတော့ အုပ်ချုပ်ရေးယန္တရား အနေနဲ့ လက်တွေ့ပြုပြင်ပြောင်းလဲလို့ရတဲ့ အရာတွေမှာ ဒါတွေ ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ် ထင်ပါတယ်။ 

Voice : အခြေခံပညာကဏ္ဍအတွက် ဘာတွေအပြောင်းအလဲ ဖြစ်လာနိုင်ပါသလဲ။ 

Dr.SKMT : အပြောင်းအလဲ ဖြစ်လာနိုင်တာကတော့ ပြီးခဲ့တဲ့ နှစ်ကစပြီး အခြေခံပညာကဏ္ဍကို ဦးစားပေးလုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားတယ်။ အဲဒီထဲမှာ တစ်ခုဘာပါသလဲ ဆိုတော့ အသက်မွေးဝမ်းကျောင်း ဆိုပြီး စကားတွေ ပြောလာတယ်။ အသက်မွေးဝမ်းကျောင်း ဆိုတော့ တက္ကသိုလ်အထိ ရောက်စရာ မလိုဘဲနဲ့ အတန်းတစ်ခု ရောက်ပြီးတာနဲ့ အသက်မွေးဝမ်းကျောင်းသွားပေါ့။ အဲဒီတော့ ဒါလည်း ပြောင်းလဲနိုင်မှု တစ်ခု။ နောက်တစ်ခုကတော့ အခြေခံပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်မှု ပိုအားကောင်းလာနိုင်မယ်လို့ မြင်တယ်။ လက်ရှိအစိုးရအပေါ်မှာ နိုင်ငံတကာက  ကူညီမယ့် အရိပ်အယောင်တွေ တွေ့ရတယ်။ ပညာရေးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှ  အပြောင်းအလဲတွေ တကယ်ထိရောက်မယ်လို့ ယူဆတယ်။ ဒီပုံအတိုင်းသာ သွားနေမယ် ဆိုရင်တော့ မူသာ ပြောင်းသွားမယ်။ မူပြောင်း၊ လူပြောင်း ဒီလိုမျိုး ကိုက်ညီမှု မရှိတဲ့ဟာတွေ ရှိတယ်။ တချို့လုပ်ထုံး လုပ်နည်းတွေက ဥပဒေနဲ့ လုပ်စရာ မလိုဘဲ တကယ်တမ်း လက်တွေ့ညွှန်ကြားမှုတွေနဲ့ သွားပြီး လုပ်လို့ရတဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီလိုမျိုးတွေ လုပ်ဆောင်ဖို့ အားကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေတော့ ရှိပါတယ်။

Voice : အဆင့်မြင့်ပညာကဏ္ဍ အတွက်ရော အဓိက ဘာတွေအပြောင်းအလဲ ဖြစ်လာနိုင်ပါသလဲ။ ဒီလိုပြောင်းလဲလာနိုင်မယ်လို့ ပြောရတဲ့ အကြောင်းအရင်းကရော ဘာပါလဲ။

Dr.SKMT : အပြောင်းအလဲ ဖြစ်လာနိုင်တာနဲ့ ပတ်သက်ပြီး လက်ရှိ တွေ့နေရတာကတော့ ဆရာအဖွဲ့တွေနဲ့ ကျောင်းသားအဖွဲ့တွေရဲ့ ဆက်ဆံရေး ပိုကောင်းလာတယ်။ လက်ရှိ ကျောင်းအာဏာပိုင်တွေနဲ့ရော။ ဒါကလည်း အစိုးရ အပြောင်းအလဲ၊ အစိုးရရဲ့ မူဝါဒနဲ့လည်း ဆိုင်တယ်လို့ ထင်ပါတယ်။ သို့သော် တခြားပြောင်းစရာကတော့ သင်ကြားရေး၊ စာမေးပွဲ၊ ရာထူးတိုး ကိစ္စတွေ ဒါက အခြေခံမှာလည်း ရှိပါတယ်။ ဒီဟာတွေကတော့ ပြောင်းလဲဖို့ ဆွေးနွေးနေတယ်လို့ ကြားပါတယ်။ သိပ်မကြာခင်မှာ ပြောင်းလဲလာနိုင်ခြေ ရှိပါတယ်။ နောက်ထပ် ဘာတွေပြောင်းလဲလာနိုင်ဦးမလဲ ဆိုတော့ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရပါဦးမယ်။ ဘာလို့လဲဆိုတော့ အဓိက ဝန်ကြီးဌာနကိစ္စ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နိုင်ငံတကာမှာတော့ Sustainable Development Goal 4 (SDG 4) ခေါ်တာပေါ့။ ဒါကို မြန်မာကလည်း လုပ်မယ်ပေါ့။ အဲဒီထဲမှာ ဆရာ၊ ဆရာမ စွမ်းရည်မြှင့်ရေး၊ နောက် ပညာရေးဘတ်ဂျက်ကို ဘယ်လိုသုံးမလဲဆိုတာ အဲဒါပါတဲ့အတွက် ဒီနိုင်ငံကလည်း ပါဝင်ထားတဲ့အတွက် အဲဒီအပေါ်မှာ လိုက်လုပ်လာနိုင်ခြေ ရှိပါတယ်။ 

Voice : ပညာရေး အပြောင်းအလဲ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး နောက်ဆုံး ဘာတွေ ထပ်ပြောဖို့ ရှိပါဦးမလဲ။ 

Dr.SKMT : တစ်ခုတော့ရှိတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ ရာထူးအပြောင်းအလဲတွေ ဖြစ်လာနိုင်မလားပေါ့။ ဘာလို့လဲဆိုတော့ လုပ်သက်ပင်စင်ယူကြတာ ရှိတယ်။ ဒီအပေါ်မှာတော့ အပြောင်းအလဲ အနေနဲ့ လုပ်တာလား၊ သူ့ဟာသူ သမားရိုးကျဖြစ်စဉ် ပုံစံလား ဆိုတာတော့ မသိဘူးပေါ့။ တကယ်လို့သာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင်တော့ ဒါက ကောင်းတဲ့လက္ခဏာလို့ ယူဆရမယ်။

နေဇာကျော်