အမှန်တကယ်သာ သတင်းမီဒီယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လိုပြီး သတင်းသမားတွေကိုလည်း ကျင့်ဝတ်တွေနဲ့ ညီစေချင်တယ်ဆိုရင် သတင်းအရင်းအမြစ် စတင်ပေါက်ဖွား အခြေတည်ရာ ဌာနတွေကသာ သတင်းအမှန်တွေကို အချိန်မဆိုင်းဘဲ ဖြစ်ရင်ဖြစ်တဲ့အတိုင်း၊ တွေ့ရင်တွေ့တဲ့အတိုင်း မှန်မှန်ကန်ကန် သတင်းမီဒီယာသမားတွေ အလိုကျ တုံ့ပြန်ပြောဆို ဖြေကြားပေးဖို့သာ လိုပါတယ်။
ယခုရက်ပိုင်း ထူးခြားတဲ့သတင်းတွေအထဲမှာ သတင်းမီဒီယာသမားနှစ်ဦးကို အစိုးရက လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင် ၇ နှစ်စီ ချမှတ်လိုက်တဲ့သတင်းက ရှေ့တန်းရောက်လာပါတယ်။ ဒီသတင်းဟာ ပြည်တွင်းသတင်းတွေမှာသာမက ကမ္ဘာ့သတင်းမီဒီယာတွေရဲ့ သတင်းစာမျက်နှာတွေအထိကို ပျံ့နှံ့သွားခဲ့ရပြီး ဒီရက်ပိုင်းမှာဆိုရင် ဒီအပေါ် သူ့ဘက် ကိုယ့်ဘက်တွေက ပြောဆိုနေကြသံတွေလည်း ကြားမိရသလို ဒီအပေါ် ပြန်ကြားရေးဒုဝန်ကြီးကတော့ “အယူခံဝင်ခွင့် ရှိနေပါသေးတယ်” လို့ပြောခဲ့တာလည်း ကြားလိုက်မိပါတယ်။ ဆိုလိုချင်တာကတော့ ဒီအမှုအပေါ် အစိုးရဘက်ကတော့ ဥပဒေနဲ့အညီ တရားစီရင်ခဲ့ပြီးချိန်မှာ အယူခံဝင်ခွင့်ရှိပါတယ်၊ ဒီအပေါ် ဥပဒေကြောင်းအရ ပြန်စဉ်းစားသက်ညှာတာမျိုးတွေ၊ ဖြေလျှော့တာမျိုးတွေ ရှိလာနိုင်ပါသေးတယ်လို့ ပြောချင်နေပုံရပါတယ်။ တရားစီရင်ရေးဆိုင်ရာအတွက် ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သက်သာခွင့်၊ လွတ်ငြိမ်းခွင့်တွေရဖို့ဆိုရင်လည်း ဥပဒေကြောင်းအရပဲ ပြန်လည်လျှောက်ထားကြရမှာပါပဲ။

သို့သော်လည်း မည်သို့ပင်ဆိုစေ ယခုအချိန်မှာတော့ ဒီအမှုနဲ့ပတ်သက်လို့ အစိုးရအနေနဲ့လည်း နိုင်ငံတကာမျက်နှာစာမှာ မျက်နှာပန်းလှမယ့်အဖြစ်မျိုး မဖြစ်လာခဲ့သလို သတင်းမီဒီယာသမားတွေဘက်ကလည်း သူတို့ကိုယ်တိုင်နဲ့ သူတို့အပေါ် မှီခိုနေကြရတဲ့မိသားစုတွေ၊ သူတို့သတင်းသမားတွေအတွက်လည်း ဒါဟာ ကောင်းမွန်မှန်ကန်တဲ့အဖြေမဟုတ်ခဲ့ပါဘူး။ ဆိုလိုချင်တာကတော့ ဒီအဖြစ်ဒီအမှုအတွက် ဒီလိုစီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဟာ မည်သူ့ဘက်ကမှ အကျိုးမရှိခဲ့ဘူး၊ မျက်နှာကောင်းမရခဲ့ဘူးလို့ ပြောလိုရင်းပဲဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ ယခုလို အထွေထွေဘေးကျပ်နံကျပ်ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအကြားကနေပြီး လွတ်မြောက်ဖို့၊ ရုန်းကန်ကြဖို့၊ နိုင်ငံ့စီးပွားရေးကိုမောင်းနှင်ကြဖို့၊ ငြိမ်းချမ်းရေးရအောင် ဆောင်ကြဉ်းကြဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေမှာ မဏ္ဍိုင်ကြီးသုံးရပ်နဲ့ဖွဲ့စည်းထားတဲ့ အစိုးရဘက်ကချည်းပဲလုပ်နေလို့ ဖြစ်မလား၊ အခြားဒေါက်တိုင်တွေဖြစ်တဲ့ အစိုးရအတွက် နား၊ မျက်စိတွေဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာသမားတွေရော မလိုတော့ဘူးလား၊ နောက်ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ အချုပ်အချာအာဏာကို ပိုင်ဆိုင်ကြတဲ့ ပြည်သူတွေကရော မပါဝင်ကြလို့ဖြစ်ပါ့မလား။ ဒါဆိုရင် သတင်းမီဒီယာများနဲ့ သတင်းအရင်းအမြစ် ပေါက်ဖွားတည်ရှိရာ အစိုးရဌာနတွေအကြား ဘယ်လိုရှေ့ဆက်သွားကြမလဲ။ သူ့ဘက်ကိုယ့်ဘက် ဘာတွေအပေးအယူအလျှော့အတင်းရှိကြရမလဲ၊ နှစ်ဦးနှစ်ဖက်ကြားမှာ သဟဇာတဖြစ်အောင် မဇ္ဈိမပဋိပဒါလမ်းစဉ်ကနေ ဘယ်လိုလျှောက်လှမ်းကြမလဲဆိုတာ ယထာဘူတကျကျ ဆွေးနွေးသုံးသပ်အဖြေရှာကြရမယ့်အချိန် ဖြစ်နေပါပြီ။

ဒီလိုမီဒီယာကဏ္ဍတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ကြဖို့ဆိုရင် ယခင်၂၀၁၇ ခုနှစ် ဇူလိုင်လ၂၇ ရက်နေ့ သတင်းမီဒီယာသမားတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတဲ့အစဉ်အလာလေးလည်း ရှိခဲ့ဖူးပါသေးတယ်။ အဲ့ဒီတုန်းကဆိုရင် အခု ပြန်ကြားရေးဒုဝန်ကြီးဖြစ်သူ အဲ့တုန်းက သတင်းမီဒီယာ ကောင်စီက ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းက ဘာပြောခဲ့ဖူးသလဲဆိုတော့ “မီဒီယာသမားများရဲ့ တာဝန်နဲ့ ကျင့်ဝတ်အရ သတင်းတွင် မှန်ကန်ခြင်း၊ တိကျခြင်း၊ မျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းနဲ့ အချိန်နဲ့တစ်ပြေးညီ ပြည်သူကိုတင်ပြရန် လိုအပ်ခြင်းများရှိကြကြောင်း၊ မိမိတို့မီဒီယာသမားများအနေနှင့် တာဝန်ကိုထမ်းဆောင်ရာတွင် ကျန်မဏ္ဍုင်ကြီး ၃ ရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိလျှင် မအောင်မြင်နိုင်ပါကြောင်း၊ သတင်းတန်ဖိုးရှိသည့် ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အချိန်မီဆက်သွယ်ပြီး အချက်အလက်များ တောင်းခံရပါကြောင်း၊ ထို့အပြင် ၎င်းတို့၏သဘောထားကို မေးမြန်းရပါကြောင်း၊ ထိုသို့မေးမြန်းရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းမပြုပါက မီဒီယာသမားများအနေနှင့် ကျင့်ဝတ်ဖောက်ဖျက်ရန် ဦးတည်သွားနိုင်ပါကြောင်း” ပြောကြားခဲ့ဖူးတာကိုလည်း ကြားသိခဲ့ကြဖူးမှာပါ၊။

ဒီနေရာမှာပြောချင်တာကလည်း ဒီအကြောင်းအရာပဲဖြစ်ပါတယ်။ ပြောချင်တာကတော့ ဒီဆွေးနွေးပွဲအကြောင်းမဟုတ်ပါဘူး။ ဆွေးနွေးပွဲမှာ ဆွေးနွေးပြောဆိုခဲ့တဲ့ သတင်းမီဒီယာသမားတို့နှင့် သတင်းအရင်းအမြစ်တည်ရှိရာ သက်ဆိုင်ရာဌာနတို့ရဲ့ ဆက်နွှယ်မှုသဘောတရားကိုသာ ပြောလိုရင်းပါ။ အမှန်တော့ သတင်းမီဒီယာသမားတို့အတွက် သတင်းရယူရေးဆောင်ရွက်ကြတဲ့နေရာမှာ ပြန်ကြားရေးဝန်ကြီးပြောသလို ဖြစ်ချင်တဲ့ဆန္ဒ၊ မဖြစ်စေချင်သည့်ဆန္ဒများ ဆိုသည်ထက် သူ့ဘက်ကိုယ့်ဘက် လိုက်နာလုပ်ဆောင်ရမယ့်အချက်အလက်တွေကို သတင်းမီဒီယာဥပဒေထဲမှာ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းထားပေးပြီးသားတာဖြစ်သလို ကောင်စီက ဒုတိယဥက္ကဋ္ဌပြောတာ အလွန်သဘာဝကျလှပါတယ်။ သူပြောတာကို လေ့လာကြည့်တဲ့အခါ သတင်းမီဒီယာသမားတွေအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုအပေါ် သတင်းရယူကြတဲ့နေရာမှာ ဥပဒေနဲ့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားပေးတဲ့ကျင့်ဝတ်ကို လိုက်နာကြရသလို ဖြစ်ချင်တာကိုလည်း လုပ်လို့မရပါဘူး။ ပြည်သူကို ပြန်လည်ပေးပို့ပေးမယ့်သတင်းတစ်ခုဟာ မှန်ကန်ခြင်း၊ တိကျခြင်း၊ မျှတခြင်းနဲ့ ဘက်လိုက်ခြင်းကင်းပြီး သူတို့အချိန်မီ သိရှိနိုင်ရေးကိုပဲ ဦးတည်နေကြရတာပါပဲ။

ဒီလိုဦးတည်ချက် မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ကြတဲ့နေရာမှာ အထက်မှာပြောသလို သတင်းအရင်းအမြစ် စတင်ပေါက်ဖွားတည်ရှိရာအစိုးရဌာနတွေက (လွှတ်တော်၊ အစိုးရဌာနနဲ့တရားရေးဌာန) အချိန်နဲ့ တစ်ပြေးညီ သတင်းမပေးဘူး။ မြန်မြန်ဆန်ဆန် မထုတ်ပြန်ပေးဘူး။ မီဒီယာဆိုတာ (Media = တစ်ဆင့်ခံဆက်သွယ်ပေးခြင်း)လို့ဆိုထားတဲ့အတွက် ပြည်သူကို ပြန်လည်တစ်ဆင့်ခံပြီးပြောပြပေးဖို့ ဥပဒေနဲ့အညီတောင်းဆိုတာကိုလည်း မပေးဘူးဆိုရင်တော့ ကောင်စီက ဒုတိယဥက္ကဋ္ဌပြောခဲ့တာက အလွန်သဘာဝကျလှပါတယ်။ သတင်းဟာ အမှန်ဘက်ကိုဦးမတည်ဘဲသတင်းမှန်ကိုရရှိရေးအတွက် ကြိုးစားရုန်းကန်ကြရင်း သူတို့အနေနဲ့ ကျင့်ဝတ်ဖောက်ဖျက်ရေးဘက်ကိုသာ ဦးတည်သွားစေတော့မှာဖြစ်ပြီး အခုလို အဖြစ်မျိုးတွေနဲ့ တိုးနေတော့မှာ အမှန်ပဲဖြစ်ပါတယ်။

ဒီအချက်ဟာ အင်မတိအင်မတန် သဘာဝကျလှတဲ့အချက်ဖြစ်သလို မဏ္ဍိုင်ကြီး ၃ ရပ်က အစိုးရဌာနတွေအနေနဲ့ အထူးသတိထားကြရမယ့်သတင်းစကားလည်း ဖြစ်ပါတယ်။ 

ဒါနဲ့ဆက်စပ်လို့ အခုရက်ပိုင်းဖြစ်နေတဲ့ သတင်းဖြစ်စဉ်ဖြစ်ရပ်တစ်ခုအပေါ် ဥပမာပေးပြီး ဆွေးနွေးကြည့်ရင် ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်မယ့်ကိစ္စတစ်ခု ရှိပါတယ်။ ဒါကတော့ ယခင် ဩဂုတ်လ ၂၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆွာရေလှောင်တမံ ပေါက်ကျခဲ့တဲ့ဖြစ်စဉ်မှာ အစိုးရဘက်ကသာ စိုးရိမ်နေရပြီဆိုတဲ့ သတင်းအမှန်ကို မီဒီယာတွေကိုထုတ်ပြန်ပေးခဲ့ရင် သူတို့ကတစ်ဆင့် ပြည်သူတွေဆီသာ အရောက်ပို့ပေးခဲ့နိုင်မယ်ဆိုရင် အခုလိုအပျက်အစီးများပြီး လူအများဘေးဒုက္ခဖြစ်မယ့်အဖြစ်မျိုး ဖြစ်လာနိုင်မယ်မထင်ပါဘူး။ ဆိုလိုရင်းကတော့ ဒီသတင်းအပေါ် မီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့် အစိုးရအနေနဲ့လည်း မှန်ကန်တိကျတဲ့သတင်းအပေါ် အထူးအာရုံစိုက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ကြမယ်။ သက်ဆိုင်ရာ  Focal Ministry ကို တိုက်တွန်းမယ်။ ပြည်သူတွေကို ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် မဖြစ်ပွားမီက ကြိုတင်ကာကွယ်တားဆီးရာလည်းရောက်စေခဲ့မှာ အမှန်ပါပဲ။

ဒါပေမဲ့ အခုဖြစ်နေတဲ့အခြေအနေတွေက တစ်မျိုးပါ။ အပ်နဲ့ထွင်းရမယ့်အခြေအနေကို ပုဆိန်နဲ့ပေါက်ရတော့မယ့်ကိန်းမျိုးပါပဲ။ ဘက်မလိုက်ဘဲ မျှတစွာပြောရရင် သတင်းမီဒီယာသမားတို့က သူတို့အနေနဲ့ မြေပြင်ကရရှိတဲ့သတင်းအချက်အလက်တွေကို အတည်ပြုပေးဖို့ အစိုးရ ဌာနတွေဆီက ပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်ကြတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဒီလိုအရေးကြီးပြီး ပြည်သူတစ်ရပ်လုံး အချိန်နဲ့တစ်ပြေးညီ သိထားသင့်တဲ့ကိစ္စမျိုးတွေကို မီဒီယာကလည်း မဖော်ပြပေးဘူး၊ သူတို့ကလည်း မထုတ်ပြန်ဘူး။ ကောင်းပါတယ်ခင်ဗျ၊ ပြဿနာမရှိပါဘူးခင်ဗျဆိုတဲ့ အကောင်းသံတွေကို ငံ့လင့်ယုံကြည်နေကြရင်း ရေငုံနှုတ်ပိတ် နေမယ်ဆိုရင် အထက်ပိုင်းက နိုင်ငံ့ခေါင်းဆောင်တွေလည်း မသိရှိဘူး၊ ပြည်သူတွေသာ နစ်နာကြရမှာဖြစ်တဲ့အတွက် အချို့သောကိစ္စတွေအနေနဲ့ သတင်းကျင့်ဝတ်ဆိုတာထက်ကိုကျော်လွန်ပြီး ပြည်သူတွေအတွက်ဆိုတဲ့ဘက်ကို အရဲစွန့်ပြီး ရေးသားဖော်ပြလိုက်ရတာတွေလည်းရှိခဲ့ကြတာပါ။

ဒီအတွက်ပဲ အစောက မီဒီယာကောင်စီကဒုတိယဥက္ကဋ္ဌကြီးပြောခဲ့သလို ကျင့်ဝတ်ဖောက်ဖျက်ရေးဘက်ကို ဦးတည်သွားတယ်ဆိုတာက ဒါကိုဆိုလိုနေခြင်းပဲဖြစ်ပါတယ်။ ဒီအချက်ကို အစိုးရဌာနတွေက အထူးသတိထားကြစေလိုပါတယ်။ သတိချပ်ကြရမှာလည်း ဖြစ်ပါတယ်။ သတင်းတစ်ခုဟာ ပြည်သူလူထုနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အချိန်နဲ့တစ်ပြေးညီ သိရှိကြရမယ့်သတင်းလား၊ ထိမ်ချန်ပြီး အတည်ပြုဖို့ အချိန်စောင့်ဆိုင်းပေးနေစေရမယ့်သတင်းလား၊ ယခင်ခေတ်ကာလတုန်းကလို ပြည်သူကို အသိမပေးဘဲ တိုးတိုးတိတ်တိတ်သာကျိတ်ပြီး ကိုယ့်ဌာနအတွင်းမှာသာ သတင်းအမှောင်ချပြီး ဖြေရှင်းနေကြရမယ့် သတင်းလားဆိုတာကိုလည်း ကွဲကွဲပြားပြား ခွဲခြားတတ်ကြဖို့ လိုလာနေပါပြီ။ ပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတာမို့ အချိန်နဲ့တစ်ပြေးညီ သိထိုက်တဲ့သတင်းတစ်ခု၊ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ သတင်းတစ်ခုဆိုရင် သေးသေးကြီးကြီးဖြစ်ရင်ဖြစ်တဲ့အတိုင်း၊ တွေ့ရင်တွေ့တဲ့အတိုင်း သက်ဆိုင်ရာအစိုးရဌာနနဲ့ သတင်းမီဒီယာတို့ကပူးပေါင်းပြီး ပြည်သူတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ သိဖို့ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးကြဖို့လိုလာပါတယ်။

ဒီအချက်တွေကိုလည်း သတင်းမီဒီယာဥပဒေထဲမှာ ပါပြီးသားလည်း ဖြစ်ပါတယ်။ သတင်းမီဒီယာသမားတို့က တောင်းခံတဲ့အချက်အလက်တွေကို အစိုးရဌာနတွေက ဖြေကြားပေးဖို့၊ လုံခြုံရေးနဲ့ဆိုင်တဲ့အချက်အလက်တွေကလွဲလို့ စာရွက်စာတမ်းအထောက်အထားတွေကိုလည်း ထုတ်ပြန်ပေးဖို့ဆိုတာတွေ အပြည့်အစုံပါပြီးသားပါ။ အစပိုင်း အထက်မှာပြောသလို သတင်းမီဒီယာသမားတွေအနေနဲ့ သူတို့ဖြစ်ချင်သလိုဆိုတာမျိုးဆိုတာကလည်း သဘာဝမကျလှပါဘူး။ သူတို့ဖြစ်ချင်သလိုမျိုးဆိုတာကလည်း ဥပဒေထဲမှာပါတဲ့အတိုင်းသာ အစိုးရဌာနတွေက လိုက်နာပေးကြဖို့ကိုပဲ ဆိုလိုရင်းသာ ဖြစ်ပါတယ်။ ထူးထူးခြားခြားကွန့်မြူးပြီး အပိုတောင်းဆိုနေကြတာမျိုးလည်း မဟုတ်ဘူးလို့ထင်ပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ယခုပြည်သူ့အစိုးရလို့ပဲဆိုဆို အရပ်သားစစ် စစ်အစိုးရလို့ပဲခေါ်ခေါ် သူတို့တက်လာခါစအချိန်တုန်းက အစိုးရဌာနတိုင်းလိုလိုမှာ သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆိုတာတွေကိုဖွဲ့ပြီး တရားဝင်ကြေညာ ထားပေးတာရှိပါတယ်။ အများပြောနေကြတဲ့သတင်းတွေအရဆိုရင် ဌာနတစ်ခုမှာ ကိစ္စတစ်ခုသိချင်လို့ ဆက်သွယ်မေးမြန်းကြတဲ့အခါမှာ ဒီအဖွဲ့တွေဆိုတာကလည်း သူတို့ဆီကအဖြေမှန်ကို ချက်ချင်းတုံ့ပြန်ပေးဖို့ အခက်အခဲတွေရှိနေကြတုန်းပဲ။ အချို့ဖုန်းတွေဆို ဆက်သွယ်လို့တောင်မရဘူး။ အမြဲတမ်းမအားဘူးပဲပြောနေတယ်ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်နေခဲ့တာပါ။

ဒီအတွက် နိဂုံးချုပ်အနေနဲ့ အထက်မှာပြောခဲ့သမျှကို ကောက်ချက်ဆွဲထုတ်ရရင် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် သတင်းမီဒီယာသမားတွေဘက်ကချည်းပဲ ကျင့်ဝတ်တွေကိုလိုက်နာနေလို့၊ အစိုးရဌာနတွေကထုတ်ပြန်တဲ့ သတင်းအမှန်တွေကိုချည်းပဲ ထိုင်စောင့်နေလို့၊ သူတို့အလိုကျ သတင်းတွေကိုပဲ လိုက်လံထုတ်ပြန်ပေးနေလို့တော့ မှန်ကန်တဲ့အရွေ့တစ်ခုအပေါ် ရောက်လာနိုင်မယ်မထင်ပါဘူး။ ဒီအတွက် အမှန်တကယ်သာ သတင်းမီဒီယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လိုပြီး သတင်းသမားတွေကိုလည်း ကျင့်ဝတ်တွေနဲ့ညီစေချင်တယ်ဆိုရင် သတင်းအရင်းအမြစ် စတင်ပေါက်ဖွားအခြေတည်ရာဌာနတွေကသာ သတင်းအမှန်တွေကို အချိန်မဆိုင်းဘဲ ဖြစ်ရင်ဖြစ်တဲ့အတိုင်း၊ တွေ့ရင်တွေ့တဲ့အတိုင်း မှန်မှန်ကန်ကန် သတင်းမီဒီယာသမားတွေအလိုကျ တုံ့ပြန်ပြောဆိုဖြေကြားပေးဖို့သာ လိုပါတယ်။ သတင်းဆိုတာမျိုးက သစ်သီးတစ်လုံးနဲ့တူပါတယ်။လတ်လတ်ဆတ်ဆတ်စားမှ ချိုမြိန်တဲ့အရသာကို ခံစားရတာမျိုးဖြစ်တာမို့ ပြည်သူတွေအနေနဲ့လည်း သတင်းအမှန်ကို အားချင်းချက်ချင်းသိကြရမှ ပွင့်လင်းထင်သာမြင်သာရှိတဲ့ ခေတ်စနစ်တစ်ခုရဲ့ အသီးအပွင့်ကို ခံစားကြရမှာဖြစ်သလို သူတို့ရဲ့သတင်းဆာလောင်မှုဘဝက လွတ်မြောက်လာသလို ခံစားမိကြမှာလည်း အမှန်ပင်ဖြစ်ပါတယ်။  ICT နည်းပညာတွေ တိုးတက်ခေတ်မီသထက်ခေတ်မီလာခြင်းနဲ့အတူ ကပ်ညိပါလာတာကလည်း သတင်းတွေပဲဖြစ်ပါတယ်။ သတင်းဆိုတဲ့နေရာမှာလည်း သတင်းအဆင့်အတန်းများစွာရှိတဲ့အထဲကမှ ခိုင်လုံတိကျတဲ့အစိုးရဌာနတွေက ပြောရေးဆို ခွင့်ရှိတဲ့သူတွေပြောတဲ့ သတင်းအမှန်တွေကိုသာ ငတ်မွတ်ဆာလောင်နေတာဖြစ်တဲ့အတွက် ဒီဆာလောင်ငတ်မွတ်မှုတွေကို အမြန်ဖြည့်ဆည်းပေးကြမှသာ သတင်းအမှန်တွေကို အချိန်မီသိလို့ သတင်းသမားတွေကလည်း ကျင့်ဝတ်တွေစောင့်ထိန်းကြပြီး အားလုံးပြုံးပျော်နိုင်တဲ့ ကောင်းမွန်တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို ပိုင်ဆိုင်လာကြမှာ အမှန်ပင်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ