လူငယ်တစ်ယောက်အနေနှင့် ဦးနှောက်တစ်ခုတည်း ကောင်းနေရုံနှင့် မလုံလောက်ပါ။ နှလုံးသားရှိဖို့လည်း လိုအပ်ပါသည်။ ထို့အတူ ခံယူချက်ရှိဖို့လည်း လိုအပ်ပါသည်။ လူငယ်တွေ ရင်ဆိုင်နေရသော အခက်အခဲပြဿနာ များကို မိသားစုတစ်စုစီကသာ ဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။ လူငယ်တစ်ယောက်၏ဘဝနှင့် စိတ်ဓာတ်သည် မိနှင့်ဖပေါ်တွင် မူတည်နေသောကြောင့် ရှင်သန်ခြင်းစစ်မှန်အောင်၊ ကြီးပြင်းခြင်းမှန်ကန်အောင် သင်ကြားလမ်းညွှန်ပေးကြရပါမည်။
လူငယ်ဆိုသည်မှာ တိုင်းပြည်တစ်ပြည်၏အနာဂတ်ဖြစ်ပါသည်။ တိုင်းပြည်၏အနာဂတ်ပိုင်ရှင်လေးများ ကောင်းမွန်စွာကြီးပြင်းလာရန်အတွက် လူသားတိုင်းတွင်တာဝန်ရှိပါသည်။ တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည်လည်း လူသားတိုင်းနှင့် သက်ဆိုင်မှုရှိပါသည်။ လူငယ်ဆိုသည့်အတိုင်း အရာရာတွင် တက်တက်ကြွကြွရှိနေဖို့လည်း အထူးလိုအပ်ပါသည်။

လူငယ်လေးတွေ တက်တက်ကြွကြွလုပ်ကိုင်ပါမှ တိုင်းပြည်ကြီးသည် တိုးတက်မှုတွေနှင့် ရုပ်လုံးကြွနေမည်ဖြစ်ပါသည်။ လူငယ်လေးများသည် တစ်ဦးနှင့်တစ်ဦး ဘဝကိုဖြတ်သန်းနေသောပုံစံများ မတူညီကြပါ။ အချို့ကား ပညာရေးအတွက်သာ အားထုတ်နေကြရပြီး အချို့ကားပညာသင်ချိန်မှာပင် စားဝတ်နေရေးအတွက်ပါ ပူပန်ရုန်းကန်နေကြရပါသည်။ ဤသို့ စားဝတ်နေရေးအတွက်ပါ ရုန်းကန်နေရသော လူငယ်များကို ရွေးချယ်ဖျက်ဆီးရန် ချောင်းနေသောမူးယစ်ရာဇာကြီးများ ရှိနေပါသည်။ 

ကျွန်မတာဝန်ထမ်းဆောင်နေသော ကရင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် မူးယစ်ဆေးဝါးဖမ်းမိသည့်သတင်းများ မကြာခဏ ကြားသိမြင်သိနေရပါသည်။ လွန်ခဲ့သောတစ်ပတ်ခန့်တွင် ၈ တန်းကျောင်းသားဆီက မူးယစ်စေသောဆေးဝါးများ ဖမ်းဆီးရမိဟူသော သတင်းကို ဖတ်လိုက်ရပါသည်။ ထိုသတင်းကိုဖတ်ပြီးပြီးချင်း ဝမ်းနည်းမှုများ၊ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပါသည်။

လူငယ်တွေ အပြစ်လုပ်ခြင်းသည် သူနှင့်သက်ဆိုင်ရာမိဘများတွင် အထူးတာဝန်ရှိပါသည်။ ကရင်ပြည်နယ်၏ အုပ်ထိန်းသူအများစုသည် လူငယ်လေးများ၏ မိခင်၊ ဖခင်များ မဟုတ်ကြပါ။ သက်ဆိုင်ရာ အဘိုး၊ အဘွား၊ အဒေါ်၊ ဦးလေးတို့နှင့်သာ အနီးကပ်နေထိုင်ကြရပါသည်။ အနီးကပ်စောင့်ရှောက်နေသော အဘိုး၊ အဘွား၊ အဒေါ်၊ ဦးလေးတို့၏ ရင်ခွင်သည် မိဘများ၏ရင်ခွင်လောက်တော့ နွေးထွေးမှုမရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

မိဘ၏ဆိုဆုံးမမှုများနှင့် အနီးကပ်ကြီးပြင်းခဲ့ရသူ လူငယ်တစ်ယောက်၏ ဘဝဖြတ်သန်းပုံနှင့် အဘိုး၊ အဘွားတို့၏ ဆုံးမမှုများနှင့်သာ ကြီးပြင်းခဲ့ရသူတို့၏ ဘဝဖြတ်သန်းပုံများသည် မည်သို့မှမတူညီနိုင်ပါ။ မိဘများနှင့်ဝေးကွာနေရသောလူငယ်များသည် မှန်ကန်သည်၊ မမှန်ကန်သည်ကို ဆုံးဖြတ်နိုင်စွမ်းအားနည်းပါသည်။ ဆုံးဖြတ်နိုင်စွမ်းအားနည်းသည်နှင့်အတူ မိမိကိုယ်ကိုယ်ယုံကြည်မှုများလည်း နည်းပါးကြပါသည်။

အနာဂတ်အတွက် ကိုယ်ဝန်ဆောင်နေကြရသော မိခင်လောင်းများဖြစ်သည့် လူငယ်များ၏ အလုံခြုံဆုံးနှင့် အနွေးထွေးဆုံးရင်ခွင်မှာ မိဘ၏ရင်ခွင်ဖြစ်ပါသည်။ လူငယ်များနှင့် တကွဲတပြားနေနေကြရသော မိခင်၊ ဖခင်များကို အပြစ်တင်လိုခြင်းမဟုတ်ပါ။ “ကိုယ့်သားသမီးကို အမေ့ဆီမှာထားခဲ့တာပဲ၊ အဖေ့အိမ်မှာထားခဲ့တာပဲ” ဆိုပြီး စိတ်ချလက်ချမနေစေလိုခြင်း ဖြစ်ပါသည်။

“ငွေရေးကြေးရေး ပြည့်စုံလျှင်ပြီးရော ငါပိုက်ဆံရှာနေတာသည် သားသမီးတွေအတွက်ပဲ” ဟူသော စိတ်ထားလေးသာထားရှိနေရုံနှင့် သားသမီးတို့အနာဂတ် လျှောက်လှမ်းစေဖို့ မလုံလောက်တော့ပါ။ မမြင်တာကြာသော အဖေနှင့်အမေကို သားသမီးဖြစ်သူက မမှတ်မိခြင်း၊ မခင်တွယ်ခြင်းများကို လူမှုပတ်ဝန်းကျင်တွင် မကြာခဏ ကြားနေမြင်နေကြရပါသည်။ ယနေ့အချိန်အခါများတွင် မိသားစုဟူသောအဓိပ္ပာယ်ဖြစ်သည့် စည်းလုံးခြင်း၊ ကြင်နာခြင်း၊ အနစ်နာခံခြင်းများ ပျောက်ဆုံးနေကြသည်မှာ မြန်မာ့လူနေမှုအတွက် ဝမ်းနည်းဖွယ်ဖြစ်ပါသည်။

နိုင်ငံရပ်ခြားသွားရောက် အလုပ်လုပ်ကိုင်မှ ချမ်းချမ်းသာသာနေ ထိုင်နိုင်မည်မဟုတ်ပါ။ ကိုယ့်ပြည်၊ ကိုယ့်မြေမှာ ရိုးရိုးသားသားကြိုးကြိုး စားစားလုပ်ကိုင်နေထိုင်လျှင်လည်း ကြီးပွားချမ်းသာနိုင်ပါသည်။ မြန်မာပြည်ရှိ မိသားစုအများစုသည် နိုင်ငံရပ်ခြားတစ်ပါးက ယဉ်ကျေးမှုများဖြစ်သည့် တကွဲတပြားစီ လွတ်လွတ်လပ်လပ်နေထိုင်ခြင်းကို တဖြည်းဖြည်း ကျင့်သုံးလာသည်ကို တွေ့မြင်နေရပါသည်။ 

အဆောက်အအုံတစ်ခု တည်ဆောက်ရန်အတွက် အုတ်မြစ်ချရန်လိုအပ်သည်။ ထိုအုတ်မြစ်သည်လည်း ခိုင်ခံဖို့တည်တံ့ဖို့ အထူးလိုအပ်ပါသည်။ ထိုအုတ်မြစ်ဆိုသည်မှာ လူငယ်လေးများ၏ကြိုးစားမှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ မှန်ကန်ရာကို ဆုံးဖြတ်နိုင်စွမ်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ အုတ်မြစ်ခိုင်ခိုင်မာမာချမထားလျှင် အဆောက်အအုံသည်လည်း အချိန်ခဏလေးနှင့် လဲပြိုသွားမည်ဖြစ်ပါသည်။

သားသမီးများကလည်း ကိုယ့်အဖေ့၊ ကိုယ့်အမေ နိုင်ငံခြားမှာနေသည်ကိုပင် သူငယ်ချင်းတွေကြားတွင် မြှောက်ကြွမြှောက်ကြွဖြစ်ပြီး ထင်ရာစိုင်းနေသည့်လူငယ်လေးများကိုလည်း မကြာခဏမြင်ဖူးနေပါသည်။ ထိုကလေးအများစုသည် ပညာရေးတွင် လမ်းဆုံးခြင်းမရှိဘဲ လောကကြီးအတွက် လူပိုများဖြစ်သွားကြသည်ကိုလည်း မြင်တွေ့နေကြပါသည်။ အကွပ်မဲ့ကြမ်း ပရမ်းပတာဆိုသော စကားပုံနှင့်အညီ မိဘများ၏အုပ်ထိန်းမှုများအောက်တွင် အနီးကပ်မနေရသူ လူငယ်များသည် မူးယစ်ဆေးစွဲခြင်း၊ ရန်ဖြစ်ခြင်း၊ မိန်းကလေးများဆိုလည်း လမ်းမှားရောက်ခြင်းများဖြစ်နေသည်ကို ဝမ်းနည်းဖွယ် မြင်တွေ့နေကြရပါသည်။

လူငယ်ဆိုသည်မှာ လွတ်လပ်မှုကိုမြတ်နိုးတတ်သော သတ္တဝါတစ်မျိုးဖြစ်ပါသည်။ လွတ်လပ်ခြင်းဟူသည် ရှိသင့်သလောက်တော့ လွတ်လပ်သင့်ပါသည်။ အရမ်းကြီး လွတ်လပ်သွားလျှင်လည်း လွတ်သွားမည်ဖြစ်ပါသည်။ မကောင်းတာကိုမှ စမ်းသပ်ချင်၊ လက်တည့်စမ်းချင်သည့်သူမျိုးလည်း ဖြစ်ကြပါသည်။ ထိုသို့စပြီးလက်တည့်စမ်းခြင်းမှ ဆေးလိပ်သောက်တတ်ခြင်း၊ အရက်သောက်တတ်ခြင်း၊ ကွမ်းစားတတ်ခြင်း၊ ထိုသည်မှတစ်ဆင့် မူးယစ်ဆေးဝါးကိုပါ လက်တည့်စမ်းဖြစ်သွားကြခြင်း ဖြစ်ပါသည်။ မိဘများ၏အုပ်ထိန်းမှုအောက်တွင် မနေထိုင်ရသောလူငယ်များ ပျက်စီးနေသည်ကို မြင်တွေ့နေကြရသကဲ့သို့ မိဘအုပ်ထိန်းမှုများနှင့် အနီးကပ်နေထိုင်ရသူများအနေနှင့်လည်း စိတ်ပိုင်းဆိုင်ရာခံစားချက်အပြည့်နှင့်ထင်ရာစိုင်းနေသော လူငယ်များလည်း ရှိပါသည်။

လူငယ်များသည် ယုံကြည်ချက်နှင့် လျှောက်လှမ်းနေကြသူများဖြစ်သည်မို့ သူတို့၏ယုံကြည်ရာများကို လူကြီးများအနေနှင့် မဖျက်ဆီးသင့်ပါ။ ဥပမာ-မဂ္ဂဇင်း၊ ဝတ္ထုများဖတ်နေသော လူငယ်များကို စာမကြည့်ဘူးဆိုပြီး ပြင်ပစာအုပ်များဖတ်ခြင်းကို ခွင့်မပြုခြင်း၊ ကလေးက ဘောလုံးကန်ဝါသနာပါ၍ ဘောလုံးကန်သည်ကို တားမြစ်ခြင်း စသည်တို့ကိုမပြုလုပ်သင့်ပါ။ ယနေ့ခေတ်လူငယ်များအတွက် စာသာမက၊ အခြားအားကစား၊ စာပေ စသည့်ကဏ္ဍများ၌ ထူးချွန်မှုရှိရန် လိုအပ်နေပါသည်။

စာပဲ၊ စာပဲဆိုပြီး အားခဲနေသည့်မိဘအများစုသည် သားသမီးကို ကိုယ်မျှော်လင့်ထားသည့်အဆင့်များ၊ ဆုများမရသည့်အခါ သားသမီးများအပေါ် ဖိအားများပေးကြပါသည်။ မည်သည့်သားသမီးကမှ မိဘများ၏ အဆူအဆဲခံရသည်ကို ပျော်မည်မထင်ပါ။ ထိုသို့ဆူဆဲခြင်းများသည် လူငယ်များ၏ မိမိကိုယ်ကိုယ်ယုံကြည်မှုများ ပျောက်ဆုံးသွားတတ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ငယ်စဉ်အခါက အဆူအဆဲများခံခဲ့ရသည့် ကလေးအများစုသည် ကြောက်စိတ်များ အားကြီးကြပါသည်။ ကြောက်စိတ်ဟူသည်ကား လောကကြီးကို အလွယ်တကူ အရှုံးပေးနိုင်စွမ်းရှိပါသည်။ ကလေးများကို အမြဲဆူဆဲခြင်း၊ သူတို့လုပ်ချင်သည့်ဆန္ဒများကို သင့်သည်မသင့်သည် မစဉ်းစားဘဲ ပိတ်ပင်ခြင်းတို့သည် အိမ်တွင်းအကြမ်းဖက်မှုများပင်ဖြစ်ပါသည်။

လူငယ်တစ်ယောက်အနေဖြင့် ဦးနှောက်တစ်ခုတည်း ကောင်းနေရုံနှင့်မလုံလောက်ပါ။ နှလုံးသားရှိဖို့လည်း လိုအပ်ပါသည်။ ထို့အတူ ခံယူချက်ရှိဖို့လည်း လိုအပ်ပါသည်။ လူငယ်တွေရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို မိသားစုတစ်စုစီကသာ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။ လူငယ်တစ်ယောက်၏ဘဝနှင့် စိတ်ဓာတ်သည် မိနှင့်ဖပေါ်တွင် မူတည်နေသောကြောင့် ရှင်သန်ခြင်းစစ်မှန်အောင်၊ ကြီးပြင်းခြင်းမှန်ကန်အောင် သင်ကြားလမ်းညွှန်ပေးကြရပါမည်။

လူငယ်တွေ တိုးတက်ဖို့အတွက် အလိုအပ်ဆုံးအရာကိုမေးပါလျှင် မိခင်ကောင်းတွေကို ညွှန်ပြရမည်ဖြစ်ပါသည်။ ကလေးကောင်းမှ လူကြီးကောင်းမည်ဖြစ်သည့်အတွက် ကလေးများကို စနစ်တကျပြုစုပျိုးထောင်သင့်ပါသည်။ ပြုစုပျိုးထောင်ခြင်းဟူသည် လူသားတိုင်းကျင့်သုံးရမည့် ကျင့်ဝတ်တစ်ခုလည်း ဖြစ်ပါသည်။ လူငယ်များကို သူ့အရွယ်နှင့်သူ ဆုံးဖြတ်ခွင့်၊ လွတ်လပ်ခွင့်များပေးပြီး စာဖတ်တတ်သည့်အရွယ်တွင် စာဖတ်တတ်ရန်၊ လူသားချင်းအပေါ် စာနာစိတ်ထားတတ်ရန်၊ သူတို့၏စိတ်ခံစားချက်ကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးခြင်း၊ အရွယ်အလိုက်သိသင့်သော မျိုးဆက်ပွားကျန်းမာရေး၊ မိမိကိုယ်ကိုယ်တန်ဖိုးထားတတ်ရန်၊ သူတစ်ပါးအပေါ်တွင်လည်း တန်ဖိုးထားတတ်ရန် စသည့်ဖြင့် ကဏ္ဍအလိုက်ပြုစု ပျိုးထောင်သင့်ပါသည်။ သို့ပါသောကြောင့် တိုင်းပြည်တစ်ပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်လေးများ၏ဘဝ အောင်မြင်တိုးတက်ရန် သက်ဆိုင်ရာမိဘများက ကိုယ်စီတာဝန်များ ကျေပွန်ကြပါစို့။

မုဒိတာ (တောင်သာ)