လက်တွေ့နဲ့ ကင်းကွာနေတဲ့ နိုင်ငံရေးခံယူချက်တွေက တစ်စုံတစ်ယောက်အတွက် အကျိုးရှိသယောင် ရှိပေမယ့် လူ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ သိပ်ပြီး အဆင်မပြေတဲ့ အတွေးအခေါ်တွေ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားစစ်စစ် နည်းပါးတယ်ဆိုရင် လက်ရှိအင်န်အယ်လ်ဒီအစိုးရ အသိုင်းအဝိုင်း၊ နိုင်/ကျဉ်း အဖွဲ့၊ စာရေးဆရာများအဖွဲ့၊ ပါတီပေါင်း ၉၀ ကျော်တို့က ကန့်ကွက်ကြလိမ့်မယ်။ နိုင်ငံရေးပညာဆိုတာ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ နိုင်ငံသားတွေရဲ့အရေး (Political Education)ဆိုလိုပါတယ်။ ကျောင်းတွင်းသင်ခန်းစာမှာ “နိုင်ငံရေးသိပ္ပံ” ဘာသာရပ်အနေနဲ့ ထည့်သွင်း စာမေးပွဲဖြေဘာသာရပ်အပြင် လူငယ်တွေ နိုင်ငံရေး မျက်စိပွင့်လင်းစေရေး၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ချစ်ခင်ရေး၊ ကိုယ့်လူမျိုး၊ ကိုယ့်ရေမြေသယံဇာတကို တန်ဖိုးထားခင်တွယ်တတ်ရေး၊ နိုင်ငံတော်ရဲ့ သမိုင်းဖြစ်စဉ်ကို သိထားခြင်းက အနာဂတ်နိုင်ငံတော်ပုံဖော်ရေး၊ ဘဝနေနည်းဆိုတဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်တတ်ဖို့ လေ့ကျင့်ပေးရင်း ပြည်သူ့နီတိကို သိရှိလို့ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ဦးနှောက်ယိုစီးမှု မရှိစေရေးအထိ ပါဝင်ပါတယ်။ 

မြန်မာ့ပညာရေးစနစ်ကို ကြည့်မယ်ဆိုရင် အင်္ဂလိပ်နယ်ချဲ့ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်တွေမှာ “နိုင်ငံရေး” ဘာသာရပ် မသင်ကြားခဲ့ရပါဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (၁၉၇၄-၁၉၈၈) ခုနှစ်မှာ “နိုင်ငံရေးသိပ္ပံ” ဆိုပြီး ပါတီလမ်းစဉ်ကို ရိုက်သွင်းသင်ကြား ခံရကာ တက္ကသိုလ်၊ ကောလိပ်တွေမှာ အောင်မြင်ဖို့လိုအပ်တဲ့ ဘာသာရပ်အထိ ကျယ်ကျယ်ပြန့်ပြန့်ပြဋ္ဌာန်းခဲ့တာ ရှိပါတယ်။ “နိုင်ငံရေးသိပံ္ပ”ဘာသာရပ် ကျရှုံးရင် စာမေးပွဲကျပါတယ်။ ဆေးတက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံ မအောင်လို့  ဆရာဝန်ဘွဲ့မရဘဲ နေရပ်ပြန်သွားရတဲ့ ဆရာဝန်လောင်းတွေထိ တွေ့ဖူးတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသာ အကောင်းဆုံး လမ်းစဉ်အဖြစ် ကိုယ့်ဘာသာကိုယ် ဂုဏ်ဖော်ပြီး အခြားလမ်းစဉ်တွေကို ဝေဖန်သုံးသပ်ပြတဲ့ နိုင်ငံရေးအမြင်ကို နိုင်ငံရေး သိပ္ပံအဖြစ် သင်ကြားခဲ့ရလို့ မပြည့်မစုံတဲ့ နိုင်ငံရေးဖြစ်တယ်။ 

ယခုဖော်ပြလိုတာက ပရို Professional Politician ကို ဆိုလိုတာပါ။ ပရိုဆိုတာ ကျွမ်းကျင်တဲ့နိုင်ငံရေးကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တယ်။ ဒါနဲ့ပတ်သက်ပြီး အမြဲတမ်း သင်ယူနေတယ်။ စိတ်ပါလက်ပါနဲ့ တစ်စိတ်တည်းထားပြီး စွဲစွဲမြဲမြဲ လုပ်တတ်ကြတယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ တာဝန်ယူတဲ့ စိတ်ထားနဲ့ ကိုယ့်ရဲ့ဂုဏ်သတ္တိ၊ ဂုဏ်သိက္ခာကို စောင့်ထိန်းကြပါတယ်။ နေရာ၊ အခွင့်အရေးနဲ့ တာဝန်တွေရဲ့ သဘာဝကို ကောင်းကောင်းနားလည်လက်ခံပြီး ကျရာနေရာမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြပါတယ်။ အလုပ်အပေါ်မှာ သဘောထားမှန်မှန်၊ အဂတိနည်းနည်းနဲ့ ဆောင်ရွက်တတ်တဲ့ စိတ်ထားရှိကြတယ်။ စိတ်ဓာတ်ကောင်းမွန်ပြီး ဒီအချိန် ဒီအလုပ်ကို နည်းနည်းမှ မလျှော့တမ်း ကြိုးစားလုပ်ဆောင်နေတယ်။ ဒီအတွက် ယင်း ဒေါင်ဒေါင်မြည် အချက်တွေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးသမား ရှာကြည့်နိုင်ပါပြီ။ 

တက္ကသိုလ်၊ ကောလိပ်နဲ့ အထက်တန်းကျောင်းတွေမှာ “နိုင်ငံရေး” ဘာသာရပ် ပြဋ္ဌာန်းပေးသင့်ပြီပဲဖြစ်တယ်။ နိုင်ငံရေးသမားက သူ ထောင်ကျတယ်။ ထောင်ထဲမှာ နိုင်ငံရေးစာပေ သင်ရတယ်။ ထောင်ရဲ့ နှိပ်စက်မှုဒဏ် ဘယ်လိုခံရတယ်။ သူ့အလှည့်ရောက်ရင် ဘယ်လို ပညာပေးလိမ့်မယ် စသဖြင့် နရသိန် (ထောင်) အတွေ့အကြုံတွေ လူလယ်ကောင်မှာ ပြောဆိုမော်ကြွားနေတတ်သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ရေမြေသဘာဝကို ချစ်ခင်တွယ်တာလိုစိတ်ရှိသူ၊ သံယောဇဉ်ကြီးမားသူ၊ ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံအပေါ် ဂုဏ်ယူတတ်လိုစိတ်တွေ ဖြစ်ပေါ်လာအောင် လေ့ကျင့်မွေးယူတာပဲ ဖြစ်တယ်။

(၁) ယနေ့မှာ “လူမှုရေး” ဘာသာရပ်ဆိုပြီး အထက်တန်းကျောင်းတွေမှာ သင်ကြားပေးကာ စာမေးပွဲစစ်ဆေးတဲ့ ဘာသာရပ်ရှိတယ်။ “ပြည်သူ့ နီတိ” ဆိုပြီး ပုံမှန်လေ့ကျင့်ပေးနေတဲ့ ဘာသာရပ်ရှိပြီး (နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ “နိုင်ငံသား” တစ်ယောက်အဖြစ် ခံယူထားရမယ့် “စိတ်”၊ သဘောတရား၊ အစိုးရအပေါ် အဆိုးမြင်ခြင်းမရှိစေဖို့ စသဖြင့် အခြေခံကျကျ သင်ကြားပေးတယ်။ ဘာသာတရားမဲ့ ကွန်မြူနစ်နိုင်ငံတွေမှာ။ 

(၂) “ပြည်သူ့ နီတိ” သို့မဟုတ် ပြည်သူတိုင်း လိုက်နာကျင့်သုံးရမယ့် စည်းကမ်းများ သတ်မှတ်လမ်းညွှန်ပေးကာ စည်းကမ်းတကျရှိရှိ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ထားနိုင်ခဲ့ကြတယ်။ 

(၃) ဗြိတိသျှဖွဲ့စည်းအုပ်ချုပ်ပုံ (British Constitution)-ဗြိတိန် ကိုလိုနီနိုင်ငံများ၊ ဗြိတိန်ကောလိပ်၊ တက္ကသိုလ်တွေမှာ မသင်မနေရ ဘာသာရပ်ဖြစ်တယ်။ “ကမ္ဘာ့ နေမဝင်အင်ပါယာ” ဘဝက ယင်းကို နိုင်ငံတိုင်း အဓိကထားသင်ကြားပေးပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ အစိုးရဖွဲ့စည်းမှုဆိုင်ရာ သဘောတရားတွေကို အဓိကထားပြီး သင်ကြားပေးကြပါတယ်။ မြန်မာတက္ကသိုလ်ကျောင်းသားတွေ ကာလကတ္တား တက္ကသိုလ်တက်ရောက်ပြီး ICS ဘွဲ့ အရယူကာ မြို့ပိုင်၊ နယ်ပိုင်ရာထူး မျှော်ကိုးကြတယ်။ အမြဲတမ်းအတွင်းဝန်ရာထူး ရလိုခဲ့ကြတယ်။ အမြဲတမ်းအတွင်းဝန် ဦးတင်ထွဋ်တို့၊ ဦးအုန်းမောင်တို့ နာမည်ကျန်ခဲ့ပါတယ်။ 

(၄) နိုင်ငံရေးနှင့်အစိုးရ (Politics and Governments) - ယင်းဘာသာရပ်က ခက်ခဲလေးနက်သလို ကျောင်းသားအနည်းငယ်သာ လေ့လာသင်ယူကြတယ်။ အသက် ၁၆ နှစ်အထက် သင်ကြားခွင့်ရှိတဲ့ “နိုင်ငံရေးသိပံ္ပ” ဘာသာရပ်သဘောမျိုးပါပဲ။ အမေရိကန်ပြည်ထောင်စုမှာ သင်ကြားပေးနေတယ်။ 

(၅) လူမှုရေးပညာ (Social Education) - အနောက်နိုင်ငံတွေမှာ လူမှုရေးပညာကို ဗဟုသုတအနေနဲ့ပဲ သင်ပေးကြတယ်။ စားသုံးသူ အခွင့်အရေး၊ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး သင်ကြားပေးတယ်။ ကျောင်းကျန်းမာရေး၊ ဘာသာရေး၊ အလုပ်အကိုင်၊ လူမှုရေး စတဲ့ ခေါင်းစဉ်တွေခွဲပြီး သင်ကြားပေးတယ်။ 

(၆) ဥရောပသမဂ္ဂ (Europian Union Students) - ကျောင်းအချို့မှာပဲ သင်တယ်။ အရေးပေါ် ပြဋ္ဌာန်းဘာသာရပ်အဖြစ် လေ့လာကြတယ်။ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂမှ ထွက်ခဲ့ပြီဖြစ်တယ်။ 

(၇) အမေရိကန်နှင့်နိုင်ငံရေးပညာ - အမေရိကန်မှာ ပညာရေးကို ဗဟိုက ချုပ်ကိုင်တာမျိုး မရှိဘူး။ မိမိပြည်နယ်အစိုးရက မိမိရဲ့ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေရဲ့ စီမံခန့်ခွဲမှု အပြည့်ပေးထားကြတယ်။ နိုင်ငံရေးပညာကို မသင်မနေရ ပြဋ္ဌာန်းတယ်။ “ဘွဲ့လွန်ဒီဂရီ” ဘာသာရပ်အနေနဲ့ “နိုင်ငံရေးအထူးပြု” ရှိပါတယ်။ 

(၈) ဂျာမနီနှင့် နိုင်ငံရေးပညာ -ဂျာမနီမှာ ပညာရေးကို ဗဟိုက ချုပ်ကိုင်ထားပြီး နိုင်ငံရေးကို အထက်တန်းကျောင်းမှာ သင်ရတယ်။ နိုင်ငံရေးပညာ အဓိက လိုက်စားတဲ့နေရာက ကောလိပ်နှင့်တက္ကသိုလ်တွေပဲ ဖြစ်တယ်။ ဂျာမနီလူငယ်တွေဟာ အထက်တန်းကျောင်းသား ဘဝကတည်းက နိုင်ငံရေးလိုက်စားကြတယ်။ လွတ်လပ်တဲ့အတွေးအခေါ်နဲ့ နိုင်ငံချစ်စိတ်ပေါ်ထွန်းရေး သင်ကြားပေးတယ်။ 

(၉) ဥပဒေ- နိုင်ငံရေးနှင့် ဥပဒေတွဲလျက်ရှိပါတယ်။ လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း သိထားကြရမယ်။ ဥပဒေနဲ့ နွယ်ပြီး နိုင်ငံရေးမှာ ဘယ်လိုပတ်သက်ရင် ဘယ်လိုရင်ဆိုင်မယ်၊ ပုဒ်မ (၁၈) ဆိုရင် ဘယ်လိုအရေးယူခံရမယ်။ ဘယ်လိုခွင့်ပြုချက်တောင်းရင် လက်ခံဆောင်ရွက်နိုင်တယ်။ သိရမယ်။ 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ စနစ်တကျသင်ကြားပေးတဲ့ “နိုင်ငံရေးသိပ္ပံ” ဘာသာရပ်ကို အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေမှာ ပြဋ္ဌာန်းသင့်ပါတယ်။ နိုင်ငံရေးမှာ အဆုတ်၊ အတက် ရှိတယ်။ အတုံ့၊ အလှည့် ရှိတယ်။ နိုဝင်ဘာ ၁၂ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းက မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ဖမ်းဆီးထိန်းသိမ်း လူဝတ်လဲစေတာ မမျှတတဲ့ဆုံးဖြတ်ချက်ဖြစ်လို့ သံဃာတော်တွေအပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ကြတယ်။ ယင်း အပါအဝင် အကျဉ်းကျခံနေရတဲ့ စာရေးဆရာတွေ ပုဒ်မ ၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ စာနယ်ဇင်းသမားတွေ လွတ်လပ်ခွင့်ပေးဖို့ Pen Myanmar အဖွဲ့က နိုဝင်ဘာ ၁၅ ရက် တော်ဝင်စင်တာမှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးကဗျာ သရုပ်ဖော်တင်ဆက်မှုမှာ တောင်းဆိုခဲ့ခြင်းဖြစ်တယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ကိုပြင်ရမယ်လို့ တောင်းဆိုခဲ့ကြတယ်။ 

ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရှိသေးခြင်းကြောင့် လက်ရှိဆွေးနွေးလျက်ရှိတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဆောက်လုပ်မှုကို လက်မခံနိုင်ကြောင်း “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူး ကိုကောင်းထက်ကျော်က နိုဝင်ဘာ ၈ ရက်က ဆိုတယ်။ ယင်းနေ့မှာ ကျောင်းသားအဖွဲ့အစည်း ၁၅ ဖွဲ့က ကျောင်းသားသမဂ္ဂ တရားဝင်တည်ရှိခွင့်ရဖို့ တကသ အဆောက်အအုံဆိုင်ရာ ကျောင်းသားမျိုးဆက်တွေရဲ့ အခြေခံမူသဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းသိရကာ ယင်းကြေညာချက်မှာ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ကျောင်းတိုင်းမှာ တရားဝင်ရပ်တည်ခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ပြုရမှာဖြစ်ပြီး ယင်းအချက်တွေ အာမခံမှုဖြစ်စေမယ့် ပညာရေးဥပဒေတွေနဲ့ နည်းဥပဒေတို့မှာ လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ကြောင်း ဖော်ပြထားတဲ့အပြင် လက်ရှိ အဆောက်အအုံဟောင်းမြေနေရာမှာ ကျောင်းသားမျိုးဆက် အသီးသီးရဲ့ သဘောထားမပါဝင်ဘဲ ဆောက်လုပ်ထားတဲ့ ယာယီတဲနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ဖယ်ရှားရှင်းလင်းဖို့ ယင်းနေရာအား သမိုင်းဝင်မြေနေရာအဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် ကမ္ပည်းကျောက်တိုင် စိုက်ထူကာ ယခင်အတိုင်း ထားရှိဖို့ ဆိုကြတယ်။ 

လက်တွေ့နဲ့ကင်းကွာနေတဲ့ နိုင်ငံရေးခံယူချက်တွေက တစ်စုံတစ်ယောက်အတွက် အကျိုးရှိသယောင်ရှိပေမယ့် လူ့အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ သိပ်ပြီး အဆင်မပြေတဲ့ အတွေးအခေါ်တွေ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။ လူရယ်လို့ဖြစ်လာရင် “နိုင်ငံချစ်စိတ်” ဆိုတဲ့ အတွေးအခေါ် မသင်ကြားပေးရင် ဘယ်လောက်ပဲ ပညာထူးချွန်ပါစေ ဦးနှောက်ယိုစီးမှုဖြစ်ကာ နိုင်ငံခြား ခိုလှုံခွင့်တောင်းခဲ့ကြဖူးတယ်။ “နိုင်ငံရေး” ကို သင်ကြားပေးသင့်ပြီ။

ဒေါက်တာထူးပြည့်စုံသျှင်