တရုတ်အရာရှိများနှင့် လုပ်ငန်းရှင်များ ယခင်ကပြောကြားဖူးသလို မြန်မာပြည်သူများ ကြီးပွားချမ်းသာရေးမှာ ၎င်းတို့၏ အကျိုးအမြတ် ရရှိရေးထက် ပိုမိုအရေးကြီးပါသည်ဟု ဆိုနေစေကာမူ မြန်မာပြည်ရှိ ဧရာမ တရုတ်ရင်းနှီးမြှုပ်နှံမှုကြီးများမှာ အဓိကအားဖြင့် တရုတ်ကိုယ်ကျိုးစီးပွား၏ စေ့ဆော်မှုကြောင့် ဖြစ်သည်ဆိုသည့်အချက်မှာ ထင်ရှားလျက်ရှိပါသည်။
(၃) တရုတ်အနေနှင့် မြန်မာနိုင်ငံနှင့် အပြန်အလှန်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးများတွင် ဆွေးနွေးညှိနှိုင်းတိုင်ပင်သော လမ်းကြောင်းကိုထွန်းကားစေသင့်

ပထမဦးစွာအားဖြင့် တရုတ်ပြည်အနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသည့် စီးပွားရေးဖွံ့ဖြိုးမှုများအတွက် အထောက်အကူဖြစ်စေမည့် ကဏ္ဍများသို့ ဦးလှည့်သင့်သည်။ တရုတ်ပြည်၏ ကိုလိုနီလက်သစ် အလိုရမ္မက်များအဖြစ် သက်ဆိုင်ရာ မြန်မာလူ့အဖွဲ့အစည်းများက ထင်မြင်ယူဆမှုများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် နောက်တစ်သုတ်ရင်းနှီးမြှုပ်နှံမည့် တရုတ်ပြည်၏စီမံကိန်းများသည် မြန်မာဒေသခံများ၏ ဖွံ့ဖြိုးရေးကို အထောက်အကူ မဖြစ်သည့်ကဏ္ဍများမှ ရွှေ့ပြောင်းသင့်သည်။ မြန်မာနိုင်ငံ၏ ဒုတိယနှင့် တတိယတန်းကဏ္ဍများဆီသို့ ပြောင်းရွှေ့သင့်သည်။ ယခင်အတွေ့အကြုံများအရ မြန်မာ့ကုန်ထုတ်စက်မှုလုပ်ငန်းတွင် ပီကင်းနှင့် နေပြည်တော်တို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်နိုင်သည်။ ထိုသို့အားဖြည့်ရာတွင် တရုတ်ပြည်မှ အတတ်ပညာအထောက်အပံ့တို့ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ပြည်တွင်းစိုက်ပျိုးရေးသုံးစက်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းသည့် ထုတ်လုပ်ရေးဗဟိုချက်မများအဖြစ် ဖွံ့ဖြိုးတိုးတက်စေခြင်းမျိုးဖြစ်သည်။ ရေရှည်မျှော်ကြည့်လျှင် တရုတ်ပြည်အနေဖြင့် သူ့အတွေ့အကြုံကိုအသုံးပြုလျက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို ပို့ကုန်အခြေပြုစီးပွားရေးမှ ပို့ကုန်နှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် ဗဟိုချက်မအဖြစ် ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ ထိုသို့အထောက်အကူပြုခြင်းကြောင့် အပြန်အလှန်ကုန်သွယ်ရေးတွင် ကာလရှည်ကြာ မညီမမျှဖြစ်နေခြင်းများကို  အလှည့်အပြောင်းလုပ်နိုင်ရန် နေပြည်တော်ကို ကူညီပေးရာရောက်သည့်အတွက် ပီကင်းအနေနှင့် အသိအမှတ်ပြုမှုကို ခံရနိုင်ပေသည်။

တရုတ်ပြည်၏ နိုင်ငံခြားကူညီထောက်ပံ့မှုသည် အစဉ်အလာသမားရိုးကျ ငွေချေးပေးသူများထက် အလွန်ပိုမိုမြန်ဆန်သောနှုန်းဖြင့် တိုးတက်နေလေရာ ပီကင်းအနေနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို သန်မာအားကောင်းလာစေရန် ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွင် ၎င်း၏ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံကိုမျှဝေခြင်းနှင့် ခေါင်းဆောင်မှုကို အထောက်အကူပေးနိုင်သည်။ ထိုသို့အားဖြင့် အိမ်ရှင်နိုင်ငံ၏ လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရေးတွင် အရည်အချင်းမြှင့်တင်ခြင်းဖြင့်လည်းကောင်း၊ လမ်းတံတား စသည့် အပေါ်ထပ်အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ခြင်းဖြင့်လည်းကောင်း ဒေသဆိုင်ရာပြည်သူလူထု၏ စိတ်နှလုံးကို စည်းရုံးနိုင်သည်။ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေသည့်နည်းအသုံးပြုခြင်းကို နမူနာအဖြစ်ပြောရလျှင် ဆည်များတည်ဆောက်ခြင်း၊ သတ္တုတူးဖော်ခြင်း စသည့် တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးသမဝါယမဇုန်များဖော်ထုတ်ခြင်းကဲ့သို့ ပူးတွဲ ဖွံ့ဖြိုးရေးစီမံကိန်းများကို ပြောင်းလဲလုပ်ကိုင်နိုင်သည်။ ဖြစ်နိုင်ခြေရှိသော လုပ်ငန်းခွင်တစ်ခုမှာ နေပြည်တော်ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရအရာရှိများအား အလွယ်တကူ လေ့လာရေးခရီးစဉ်များ ပုံမှန်စီစဉ်ပေးနိုင်ပေလိမ့်မည်။ အလားတူပင် တခြားသောဇုန်များကို တရုတ်-မြန်မာနယ်စပ်ဒေသတွင် တည်ထောင်ခြင်းဖြင့် ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ အခြောက်လှန်းခြင်း စသည့်လုပ်ငန်းစဉ်များနှင့် ရောင်းချခြင်းစသောလုပ်ငန်းများ ပေါင်းစပ်လုပ်ကိုင်နိုင်သည်။ အကျိုးဆက်အားဖြင့် မြန်မာဈေးကွက်ကိုရော၊ တရုတ်ဈေးကွက်ကိုပါ တင်ပို့နိုင်မည်ဖြစ်သည့်အပြင် တခြားပိုမိုဝေးကွာသောတိုင်းပြည်များသို့လည်း တင်ပို့ရောင်းချနိုင်ပေသည်။ တစ်ချိန်တည်းတွင် ပီကင်းအနေနှင့် နေပြည်တော်ရှိ မြန်မာအရာရှိများအား မြေယာအသုံးချရေး လက်တွေ့အနုပညာရပ်များ ကျင့်သုံးပုံနှင့်ပတ်သက်၍ အကူအညီပေးရန် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်ပေသည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများမှနေ၍ တရုတ်အရာရှိများအနေဖြင့် မြန်မာမိတ်ဆွေများကို သဘာဝကပ်ဘေးများအတွင်း သီးနှံရိတ်သိမ်းရေး စီမံခန့်ခွဲခြင်းနှင့် ကူးစက်ရောဂါကျရောက်ချိန် စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းထူထောင်ခြင်းကို အကြံဥာဏ်ပေးနိုင်လေသည်။ ထို့ပြင် တရုတ်ပြည်အနေနှင့် မြန်မာအာဏာပိုင်များက ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချမှုစီမံခန့်ခွဲခြင်းတွင် အချက်အလက်ရရှိနိုင်ရန် ဈေးကွက်သတင်း စုဆောင်းအသုံးချနည်းအတွေ့အကြုံများကို မျှဝေပေးနိုင်လေသည်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေး စင်္ကြံလမ်းကြောင်းအတွင်းမှ ပီကင်းနှင့်နေပြည်တော်သည် ဒေသတွင်းစီမံကိန်းများနှင့် တရုတ်ပြည်၏ One Belt, One Road အဆိုပြုချက်တို့ကဲ့သို့ တခြားသော အပြန်အလှန်ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းသစ်များမှ အကျိုးအမြတ်ရရှိရန်လည်း မျှော်မှန်းနိုင်ပေသည်။

အပြန်အလှန် အကျိုးတူဆက်ဆံရေးရရှိရန်ရည်ရွယ်လျက် လုပ်ကိုင်ဆောင်ရွက်ခြင်းမှာ အရေးပါသကဲ့သို့ ရည်ရွယ်ချက်ပေါက်မြောက်အောင် မည်သို့လုပ်ဆောင်ရမည်ကို သိရှိနားလည်ခြင်းမှာလည်း လွန်စွာအရေးကြီးပေသည်။ တရုတ်အရာရှိများနှင့် လုပ်ငန်းရှင်များ ယခင်ကပြောကြားဖူးသလို မြန်မာပြည်သူများ ကြီးပွားချမ်းသာရေးမှာ ၎င်းတို့၏ အကျိုးအမြတ်ရရှိရေးထက် ပိုမိုအရေးကြီးပါသည်ဟု ဆိုနေစေကာမူ မြန်မာပြည်ရှိ ဧရာမတရုတ်ရင်းနှီးမြှုပ်နှံမှုကြီးများမှာ အဓိကအားဖြင့် တရုတ်ကိုယ်ကျိုးစီးပွား၏ စေ့ဆော်မှုကြောင့်ဖြစ်သည်ဆိုသည့်အချက်မှာ  ထင်ရှားလျက်ရှိပါသည်။ အနာဂတ်ကာလတွင် ဒေသဆိုင်ရာပြည်သူများနှင့် မီဒီယာတို့က မြန်မာနိုင်ငံ၏ စီးပွားရေးလှုပ်ရှားမှုများနှင့် ပတ်သက်သည့်ဖော်ပြချက်များတွင် မလိုမုန်းထားအမြင်များ လျော့ကျသွားစေရန်၊ တရုတ်အရာရှိများနှင့် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းစဉ်းစားသင့်ကြသည်။ ထို့ပြင် ဒေသနေပြည်သူ များ၏လိုအပ်ချက်များကို ထောက်ကူဖြည့်ဆည်းပေးနိုင်မည့် သင့်တော်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုကြရန်အတွက်လည်း ထည့်သွင်းစဉ်းစားသင့်သည်။ ထိုကိစ္စအောင်မြင်စေရန် ပီကင်းအနေနှင့် စင်ကာပူအစိုးရက  ပြုမူလေ့ရှိသည့်အတိုင်း (နိုင်ငံခြားတိုင်းပြည်များသို့ တိုက်ရိုက်ဘဏ္ဍာရေးအထောက်အကူပေးခြင်းထက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကဲ့သို့သော အတွေ့အကြုံနှင့် လက်တွေ့ကျင့်သုံးမှုများကိုမျှဝေခြင်း)  နေပြည်တော်၏ တောင်းဆိုချက်များနှင့်အညီ လက်တွေ့ကျကျ ပြင်ဆင် ကျင့်သုံးရန်ကို ပိုမိုသဘောကျနှစ်ခြိုက်ပေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းမှာ  သူ့ထက်ပိုမိုဆင်းရဲသော အိမ်နီးချင်းတိုင်းပြည်အား မည်သည့်စီးပွားရေးအထောက်အပံ့ကိုဖြစ်စေ ပေးကမ်းပြီးအခွင့်အရေးယူသည်ထက် မြန်မာလူထုအလွှာအသီးသီးနှင့် အပြန်အလှန်အကျိုးပြုမှုဖြစ်စေသည်။ အလားတူပင် ပီကင်းအနေနှင့် တရုတ် NGO များက လူမှုဖူလှုံရေးလှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် နိုင်ငံခြားအထောက်အပံ့ ရန်ပုံငွေများအသုံးပြုခြင်းတွင် တရုတ်ဆော့ဖ်ပါဝါကို တစ်ချိန်တည်းပွဲထုတ်လိုက်သည်နှင့်အတူ အနာဂတ်ကာလ ကပ်ဘေးစီမံခန့်ခွဲမှုဆက်သွယ်ရေးများကို ပုံဖော်ခြင်းမျိုးတွင် ကူညီပံ့ပိုးနိုင်လေသည်။  

(၄) နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွင် တရုတ်ပြည်အနေနှင့် နှစ်မျက်နှာမထားသင့်

၁၉၈၈ ခုနှစ် မြန်မာလူထု ဆူပူအုံကြွမှုကြီးအပြီး ဒေသခံတို့၏ အကျိုးစီးပွားများကို နှိပ်ကွပ်မှုတွင် ပီကင်းကပါဝင်ပတ်သက်ခဲ့သည့်အတွက် ထိုစဉ်ကတည်းက နိုင်ငံရေးအသံပြန်လည်ရရှိလာသည့် အားသစ်လောင်းထားသော လူ့အဖွဲ့အစည်းနှင့် တရုတ်ပြည်ကရင်ဆိုင်ရလေသည်။ ပီကင်းအနေနှင့် မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော ဇာတ်ကောင်များနှင့် ထိတွေ့ဆက်ဆံရန် တက်တက်ကြွကြွ ရှာဖွေနေစဉ်မှာပင် လက်ရှိအာဏာရ USDP ပါတီကို မွေးဖွားပေးခဲ့သည့်၊ နိုင်ငံတော်ပါတီ (အစိုးရလည်းဖြစ်၊ ပါတီအဖွဲ့အစည်းလည်း) ဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ (State Law and Order Restoration Council) နှင့် ဆက်ဆံခဲ့သည့် သမိုင်းအမွေကိုလည်း မေ့ပျောက်ပစ်ရန်မသင့်ပေ။ သို့ဖြစ်၍တရုတ်ပြည်က မြန်မာ့အတိုက်အခံများနှင့် ဆက်ဆံရန်ကြိုးစားသောအခါ သဘာဝကျစွာပင် တရုတ်က ဆက်သွယ်ဆက်ဆံရန်ပြုမူလာခြင်းအပေါ် သတိရှိရှိထားရန်၊ အတိုက်အခံများအား အကြံပေးမှုများ ထွက်ပေါ်လာခဲ့သည်။ တရုတ်ပေါ်လစီမိတ်ကာများအနေနှင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် တရုတ်နှင့် စီးပွားရေးဆက်စပ်မှုများက မည်သို့ဩဇာသက်ရောက်မှုရှိသည်ကို သိရှိနားလည်ထားသည့် တစ်ချိန်တည်းမှာပင် နိုင်ငံရေးဆက်စပ် ပတ်သက်မှုများနှင့်ပတ်သက်၍ တရုတ်ပြည်အပေါ် ခံစားချက်ကို အသုံးချခြင်းမှ ထွက်ပေါ်လာမည့်အကျိုးဆက်များကို ပြေလျော့သွားစေရေးကို  မှန်ကန်စွာတွက်ဆထားရန်လည်း လိုပေလိမ့်မည်။

ဤပြဿနာကိုဖြေရှင်းရန် တရုတ်သံတမန်ဆက်ဆံရေးသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပြောကြားချက်ဖြစ်သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှုနှင့် အများပါဝင်နိုင်မှုရှိရမည်ဆိုသည့်စကားနှင့်အညီ ဆောင်ရွက်ကြရန်လိုသည်။ ရိုးရှင်းစွာပြောရလျှင် မြန်မာလူထုအကြားရှိ ၎င်း၏ပုံရိပ်ကို ပြန်လည်ပြုပြင်ရန် မျှော်လင့်ချက်ထားနိုင်စေရန်အတွက် ပီကင်းအနေနှင့် သူပြောသလိုပင် လုပ်ဆောင်ရလိမ့်မည်။ တရုတ်ပြည်အနေနှင့် အစွန်းရောက်အမြင်ရှိသူများအပါအဝင် မြန်မာနိုင်ငံရှိ အရေးပါအရာရောက်သူအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ နောက်မျိုးဆက်ခေါင်းဆောင်များနှင့် အဆက်အသွယ်လုပ်ရင်းဖြင့် ရေရှည်အမြင်တစ်ရပ် ချမှတ်ရပေလိမ့်မည်။ ထိုသို့ အစိုးရပိုင်းနှင့်ရော၊ အရပ်ဘက်လူမှုအဖွဲ့အစည်းပိုင်းဆိုင်ရာ သံတမန်ဆက်ဆံရေးကိုပါ တစ်ပြိုင်နက်ဆောင်ရွက်ခြင်းဖြင့် တရုတ်ပြည်နှင့် တရုတ်ယဉ်ကျေးမှုကို ဒေသခံပြည်သူလူထုက ပိုမိုနားလည်လက်ခံလာနိုင်သည်။ ရေရှည်တွင် နှစ်နိုင်ငံလူ့အဖွဲ့အစည်းအင်အားစုများအတွင်း ဆက်ဆံရေးနက်ရှိုင်းလာခြင်းဖြင့် တစ်သားတည်းလိုဖြစ်လာပေလိမ့်မည်။ အမှန်စင်စစ်အားဖြင့် ထိုကဲ့သို့သောကြိုးပမ်းမှုမှာ ရေတိုတွင်အောင်မြင်မှုမရသေးနိုင်ဘဲ ယခင်က အနှိပ်ကွပ်ခံထားရသည့် ကာလရှည်အပစ်ပယ်ခံ မြန်မာ့နိုင်ငံရေးအလွှာများဆီသို့ ပြန်လည်ချဉ်းကပ်သည့်ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန်ကြိုးစားရန် လိုပေလိမ့်မည်။ ထို့ပြင် တရုတ်ပြည်အနေနှင့် မီဒီယာနှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းအင်အားစုများနှင့် ဆက်လက် ထိတွေ့ဆက်ဆံရင်း မြန်မာနိုင်ငံအတွင်းရှိ (ပြည်ပထက်) လူထုခံစားချက်များကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေမှုကိုလည်း ဆက်လက်လုပ်ဆောင်သင့်သည်။ 

ဒုတိယအားဖြင့် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဒေသဆိုင်ရာနှင့် နိုင်ငံတကာမီဒီယာများ၏ အဆိုးမြင်သဘောထားများကို တုံ့ပြန်ရာတွင် တရုတ်အနေနှင့် မြန်မာ့သယံဇာတတူးဖော်ရေး စက်မှုလုပ်ငန်းများဆီမှ သူ၏စီးပွားရေးအရင်းအနှီးများကို မြန်မာလူထု၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များရှိသည့်ကဏ္ဍများဆီသို့ ရွှေ့ပြောင်းရန် စဉ်းစားသင့်ပြီး လူမှုရေးအရ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် အရည်အချင်းများကို ဖော်ထုတ်ပြသကြရမည်။ အထူးသဖြင့် တရုတ် ကုမ္ပဏီများသည် တရုတ်ပြည်သားများနှင့် ဒေသဆိုင်ရာလူထုတို့ဆက် ဆံရေးအတွင်း လူမှုရေးအရ မကောင်းသောသက်ရောက်မှုများရှိလာပါ က လျော့ပါးကွယ်ပျောက်သွားစေရန် အကူအညီပေးနိုင်သည်။ မြစ်ဆုံ ဆည်ကဲ့သို့ စီမံကိန်းကြီး ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမျိုးဖြစ်ပြီးနောက်တွင် ပီကင်းအနေနှင့် မြန်မာအာဏာရအစိုးရပိုင်းနှင့်လည်းကောင်း၊ သက်ဆိုင်ရာလူထုနှင့်လည်းကောင်း ဆက်သွယ်ပြီး ပြဿနာပိုမိုကြီးထွားလာစေနိုင်သည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များကို တားဆီးကာကွယ်ရန်လိုပေသည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းမျိုးဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းကာ အခြေအနေများပိုမိုဆိုးရွားမလာမီ ပြဿနာဖြစ်နေသော မြစ်ဆုံကိစ္စအပေါ် နောက်ဆုံးဖြေရှင်းချက်ချနိုင်ပေလိမ့်မည်။  တရုတ်ပြည်အနေနှင့် မြန်မာနိုင်ငံကိုထောက်ပံ့ကူညီနေသော အခြားသော တိုင်းပြည်များကိုလည်း လေ့လာနိုင်ပေသည်။ ထိုနိုင်ငံများသည် မြန်မာကို ထောက်ပံ့ကူညီရင်း ၎င်း၏နိုင်ငံခြားစီးပွားရေးအကူအညီ (Foreign Economic Aid)ကို အကျိုးသက်ရောက်မှုရှိစေရန် လုပ်ကိုင်ခဲ့သည်။ နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူမှုကိုပြသသောအားဖြင့် ပီကင်းအနေနှင့် နေပြည်တော်အား သူ၏ အထောက်အပံ့ပေးကမ်းသည့် လုပ်ထုံးလုပ်နည်းကို တိုကျို၏ တရားဝင်ဖွံ့ဖြိုးရေးအထောက်အပံ့ (Official Development Assistance - ODA) ၏လုပ်ထုံး လုပ်နည်းများနည်းတူ ပြန်လည်ပြင်ဆင်နိုင်သည်။ ထိုနည်းဖြင့် မြန်မာလူ့အဖွဲ့အစည်းမှ အခွင့်အရေးအနည်းဆုံးသော လူတန်းစားများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးသောဒေသများနှင့် အစိတ်အပိုင်းများဆီသို့ လူမှုရေးဆိုင်ရာနှင့်  စီးပွားရေးဆိုင်ရာ အထောက်အပံ့များပုံစံဖြင့် တရုတ်၏ အရင်းအနှီးများကို ဖြန့်ဝေပေးနိုင်လေသည်။ 

ဆက်လက်ဖော်ပြပါမည်။

ရဲထွန်း (သီပေါ)