ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ရာမခေါက်ဆွဲစက်ရုံအနီးတွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၁ နာရီခန့်က အမျိုးသမီးတစ်ဦးပါ ခရီးသည်လေးဦးက အငှားယာဉ်မောင်းအမျိုးသားကို သံချွန်နဲ့ထောက်ကာ မော်တော်ယာဉ်ကို လုယက်ထွက်ပြေးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အသက် ၄၉ နှစ်အရွယ် ဦးဇော်မိုးသည် ယင်းနေ့က ကယ်ဒီးနားအမျိုးအစား အငှားယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးရှေ့မှ ငှားရမ်းသော အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦးပါ ခရီးသည်လေးဦးကို လိုက်လံပို့ဆောင်ပေးစဉ် အထက်ပါနေရာအရောက် ယာဉ်ကို ရပ်ခိုင်းပြီး သုံးမြှောင့်ပုံချွန်ထက်သော သံချွန်ဖြင့်ထောက်၍ ယာဉ်ပေါ်မှဆင်းခိုင်းကာ မော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ငှားတာက Denko ဓာတ်ဆီဆိုင်ရှေ့လိုက်ပို့ခိုင်းတာ။ အခုလုယက်ခံရတဲ့နေရာရောက်တော့ နောက်ခန်းကလူက ရပ်ခိုင်းတယ်၊ ပြီးတော့ သံချွန်ပြပြီးတော့ ကားပေါ်က ဆင်းခိုင်းတယ်၊ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ကားကို မောင်းထွက်သွားတာ။ လုယက်ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ သက်ဆိုင်ရာ အခြားနယ်မြေရဲစခန်းတွေကိုလည်း အကြောင်းကြားထားပါတယ်။ ဒီနေ့အထိတော့ ထူးခြားမှုမရှိသေးပါဘူး”ဟု ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

အငှားယာဉ်နှင့်အတူ ဝှီးတက်တစ်ခု၊ ကီးပက်လက်ကိုင်ဖုန်းတစ်လုံးနှင့် အငှားယာဉ်မောင်းရာကရရှိသည့် ငွေကျပ်နှစ်သောင်းသုံးထောင်ခန့်ပါသွားကြောင်း၊ လုယက်ထွက်ပြေးသူလေးဦးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက အပြင်းအထန်နာကျင်စေရန်ပြု၍ လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

J-16