ဆန်ကုန်သည်များ၊ ဆန်၊ စပါး ဝယ်ယူသူများအနေနှင့် ကမ်းရိုးတန်းဒေသများသို့ သွားရောက်၍ ကိုယ်တိုင်စပါးဝယ်ယူပါက သတင်းပေးအကြောင်းကြားရမည့် စနစ်ကို ပြန်လည်ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
ရန်ကုန်၊ ဩဂုတ် ၂၆

ဆန်ကုန်သည်များ၊ ဆန်၊ စပါး ဝယ်ယူသူများအနေနှင့် ကမ်းရိုးတန်းဒေသများသို့ သွားရောက်၍ ကိုယ်တိုင်စပါးဝယ်ယူပါက သတင်းပေးအကြောင်းကြားရမည့် စနစ်ကို ပြန်လည်ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

ယခင်က သတင်းပေးပို့ရမည့်စနစ် ကျင့်သုံးခဲ့သော်လည်း လွတ်လွတ်လပ်လပ် သယ်ယူခွင့်ရရှိစေရန်အတွက် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဈေးအတက်ကိုစောင့်၍ ဝယ်ယူစုဆောင်းမှုများ ရှိလာသောကြောင့် ယင်းစနစ်ကို ပြန်လည်ကျင့်သုံးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်၊ တိုင်းအစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။

“အရင်တုန်းက ဒီလိုအချိန် မြိတ်၊ တနင်္သာရီ၊ ကော့သောင်းဘက်ကို ဆန်သွားရင် ဘယ်နေ့၊ ဘယ်အချိန်၊ ဆန်အိတ် ဘယ်လောက်သယ်မယ် ခွင့်ပြုပါဆိုတဲ့စနစ်နဲ့ သွားရတယ်။ ဒါကို တချို့က ဈေးထပ်တက်ဦးမယ်ဆိုပြီး စပါးဝယ်ပြီးကိုင်ထားတာတွေရှိတယ်။ ဒါကြောင့် သက်ဆိုင်ရာတွေနဲ့ညှိနှိုင်းပြီး သတင်းပို့တဲ့စနစ်နဲ့ ဆောင်ရွက်မယ်” ဟု ဦးအောင်သန်းဦးက ပြောဆိုသည်။

လက်ရှိတွင်လည်း ပေါ်ဆန်းမွှေးနှင့် ပေါ်ကျွဲဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက် နေခြင်းဖြစ်ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့် မြိတ်၊ တနင်္သာရီ၊ ကော့သောင်းတို့မှလည်း ပေါ်ဆန်းနှင့် ပေါ်ကျွဲဆန်များ ဝယ်ယူလေ့ရှိကာ ဈေးအတက်ကိုစောင့်၍ စပါးဝယ်ယူသိုလှောင်ထားသူများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။

“ကျွန်တော်လေ့လာရသလောက် ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ် အဲဘက်တွေမှာ ဆန်တွေလာဝယ်နေတဲ့ ပြင်ပအဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်။ ဒီလိုယိုပေါက်တွေကြောင့် ဆန်ဈေးတွေတက်နေတာပါ” ဟု ကမာရွတ်မြို့နယ်မှ လပြည့်ဝန်း ဆန်ဆိုင်ပိုင်ရှင် ဦးငွေက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ကိုယ်တိုင်သွားရောက်ဝယ်ယူသည့် ဆန်၊ စပါးများနှင့် ဈေးအတက်ကိုစောင့်၍ သိုလှောင်ထားသည့် ဆန်၊ စပါးအရေအတွက် ပမာဏအတိအကျကို သိရှိနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။

ယခင်က ယင်းစနစ်ကို ကျင့်သုံးခဲ့ဖူးပြီး သတင်းမပို့သည့်ကုန်သည်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှုဆိုင်ရာဥပဒေဖြင့် အရေးယူမှုများရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11