မှတ်ပုံတင်ရန် ပျက်ကွက်ခြင်းနှင့် ထုတ်လုပ်သည့်ကုမ္ပဏီများက မှတ်ပုံတင်ရုပ်သိမ်းလိုက်သည့် ပိုးသတ်ဆေးအမျိုးအစား စုစုပေါင်း ၁၂၁ မျိုးကို မှတ်ပုံတင် ဖျက်သိမ်းလိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဩဂုတ် ၅

သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားရမည်ဖြစ်သော်လည်း သက်တမ်းတိုး လျှောက်ထားခြင်းမရှိကြောင်း၊ ထို့ပြင် ထုတ်လုပ်သည့်ကုမ္ပဏီများက မှတ်ပုံတင် ရုပ်သိမ်းလိုက်ခြင်းကြောင့် ပိုးသတ်ဆေး ၁၂၁ မျိုးကို ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၂၃(စ) အရ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံမှ သိရသည်။

ဖျက်သိမ်းသည့် ပိုးသတ်ဆေးများတွင် ကုမ္ပဏီက ဖျက်သိမ်းလိုက်သည့် ပိုးသတ်ဆေးအမျိုးအစား ၁၀ မျိုးသာရှိပြီး သက်တမ်းတိုးရန်ပျက်ကွက်၍ မှတ်ပုံတင် ဖျက်သိမ်းလိုက်သည့် ပိုးသတ်ဆေးမှာ ၁၁၁ မျိုးရှိသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ဇူလိုင်လအတွင်းက ပြုလုပ်သည့် ၂၈ ကြိမ်မြောက်အစည်း အဝေးတွင် ဇူလိုင်လကစ၍ မှတ်ပုံတင်ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဖျက်သိမ်းသည့်ပိုးသတ်ဆေးများကို ဈေးကွက်တွင် ဆက်လက်ရောင်းချပါက ပိုးသတ်ဆေးဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အသုံးပြုသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဓိက တင်သွင်းရောင်းချ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဓာတ်မြေဩဇာ၊ ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများတွင် မြန်မာလိုရေးသားဖော်ပြထားခြင်းမရှိပါက ကုမ္ပဏီလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

J-11