တရုတ်နိုင်ငံသို့ ဆန်တရားဝင် တင်ပို့ရောင်းချနိုင်ရန်အတွက် သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇

တရုတ်နိုင်ငံသို့ ဆန်တရားဝင် တင်ပို့ရောင်းချနိုင်ရန်အတွက် သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ယင်းစာချုပ်ကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ၂ နှစ်တစ်ကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ရခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့က စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ထပ်မံသက်တမ်းတိုးခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“ဆန်တင်ပို့ရင် သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ သီးနှံပိုးမွှားရောဂါ ကာကွယ်ရေး စာချုပ်ကို အရင်ထိုးတာ။ ဒီစာချုပ်မထိုးရင် သူ့နိုင်ငံကို ဆန်တင်ပို့ခွင့်မရှိဘူး။ အဲဒီ စာချုပ်နဲ့ကိုင်ပြီး သူ့ဆီတင်ပို့တဲ့ဆန်တွေကို စစ်ဆေးတာ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ရှင်းပြသည်။

အဆိုပါစာချုပ်အရ မြန်မာနိုင်ငံမှဆန်ကို ပုံမှန်တင်ပို့မှုအတိုင်း ဆက်လက်တင်ပို့နိုင်မည်ဖြစ်ပြီး ဆန်ကွဲတင်ပို့နိုင်ရေးအတွက်ကိုမူ တရုတ်နိုင်ငံဘက်က စိစစ်ဆောင်ရွက်ဆဲဖြစ်သဖြင့် ဆန်တင်ပို့မှုကိုသာ ပုံမှန်ဆောင်ရွက်နိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

“အရင်က Rice (ဆန်) ဆိုပြီး စာချုပ်ချုပ်ရင် ဆန်ရော ဆန်ကွဲရောအကုန်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကလက်ခံတဲ့ ကုမ္ပဏီတွေနဲ့ ဆိပ်ကမ်းတချို့က Broken Rice (ဆန်ကွဲ) မပါတဲ့အတွက် လက်မခံဘူး။ ဒါကြောင့် နှစ်ခုခွဲချုပ်ရတာ။ ဆန်ကွဲကိုတော့ သူတို့ဘက်က စိစစ်ပြီးမှထုတ်ပြန်ပေးမှာပါ”ဟု ဦးမြင့်လွင်က ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စာချုပ်သက်တမ်းမပြည့်မီ အချိန်မီတိုး မြှင့်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ထံ တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ အပြန်အလှန်ကုန်သွယ်မှုပြုလုပ်ရန်နှင့် မြန်မာနိုင်ငံဘက်မှ ဆန်တန်ချိန် တစ်သန်း တင်ပို့ရန် သဘောတူ ဆွေးနွေးခဲ့ကြသော်လည်း တရားဝင် သဘောတူလက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံက လက်ရှိအချိန်အထိ အကြောင်းမပြန်သေးခြင်းဖြစ်သည်။ 

ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအနေနှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ မက်ထရစ် တန်ချိန် ၁ သန်းကျော်တင်ပို့ထားပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၁ သန်းကျော်ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

J-11