အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် ကန္တာရအတွင်းရှိ ခြံဝင်းတစ်ခုထဲတွင် အာဟာရချို့တဲ့နေသော ကလေး ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားမှာ ထိုကလေးများကို ကျောင်းတွင်းပစ်ခတ်မှုများ ကျူးလွန်နိုင်ရန် လေ့ကျင့်သင်ကြားပေးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။


ဝါရှင်တန်၊ ဩဂုတ် ၉ 

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် ကန္တာရအတွင်းရှိ ခြံဝင်းတစ်ခုထဲတွင် အာဟာရချို့တဲ့နေသော ကလေး ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားမှာ ထိုကလေးများကို ကျောင်းတွင်းပစ်ခတ်မှုများ ကျူးလွန်နိုင်ရန် လေ့ကျင့်သင်ကြားပေးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။

ဆီရက်ဂ်ျအစ်ဘ်န်ဝါဟက်ဂ်ျသည် အသက် ၁ နှစ်မှ ၁၅ နှစ်ရှိကလေးများအနက် အချို့ကို လက်နက်အသုံးပြုနည်း သင်ကြားပေးခဲ့သည်ဟု ဥပဒေအရာရှိများတင်သွင်းသော အမှုတွဲများတွင် ဖော်ပြထားသည်။

ဝါဟက်ဂ်ျသည် နယူးမက္ကဆီကို ပြည်နယ်တွင် ပြီးခဲ့သည့် အပတ်သောကြာနေ့က ဖမ်းမိခဲ့သော လက်နက်ကိုင်အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။ အမျိုးသမီးသုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ကလေးတစ်ဦး၏ ရုပ်ကြွင်းကိုလည်း အဆိုပါခြံဝင်းအတွင်း တွေ့ရှိခဲ့သည်။

အဆိုပါရုပ်ကြွင်းမှာပျောက်ဆုံးနေသည့် ဝါဟက်ဂ်ျ၏ သုံးနှစ်အရွယ်သားဖြစ်သူ အဗ္ဗဒူလာဂါနီ ဝါဟက်ဂ်ျ၏ ရုပ်ကြွင်းဖြစ်သည်ဟု သိရသည်။

ဝါဟက်ဂ်ျသည် သားဖြစ်သူကို ဂျော်ဂျီယာရှိနေအိမ်မှ ဇနီးဟောင်း၏ ခွင့်ပြုချက်မရဘဲ အဓမ္မခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ယူဆရပြီး ယင်းကလေးငယ်ကို ရှာဖွေရင်းနှင့် ယခုကဲ့သို့ ကလေးအများအပြားကို လှောင်ပိတ်ထားမှုကြီးကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်မှာ ဝက်ရူးပြန်ရောဂါရှိသည်ဟု မိခင်ဖြစ်သူကဆိုသော်လည်း ဝါဟက်ဂ်ျကမူ ကလေးထံတွင် မကောင်းဆိုးဝါးပူးကပ်နေသည်ဟု ထင်မြင်ခဲ့သည်ဟု ဆိုသည်။

ဥပဒေအရာရှိတင်မိုသီဟက်ဆန်က အမှုတွဲကို ရုံးတော်တွင် တင်ပြခဲ့သော်လည်း စွဲချက်များနှင့်ပတ်သက်၍ မီဒီယာများကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

“သူ (ဝါဟက်ဂ်ျ) သည် ခြံဝင်းအတွင်း တွေ့ရှိရသော ကလေးငယ်များအတွက်သာမက ရပ်ရွာအသိုင်းအဝိုင်းအတွက်ပါ အန္တရာယ်ကြီးမားသူဖြစ်ပြီး လက်နက်ခဲယမ်းမီးကျောက်များကို လက်ဝယ်ထားရှိရုံ မျှမက အကြမ်းဖက် တရားမဝင်အပြုအမူများဖြင့် ယင်းလက်နက်ခဲယမ်းမီးကျောက်များကို အသုံးပြုရန် ရည်ရွယ်သူဖြစ်သည်”ဟု ဟက်ဆန်၏ အမှုတွဲတွင် ဖော်ပြထားပြီး အာမခံမပေးသင့်ကြောင်း တရားသူကြီးရှေ့မှောက်တွင် လျှောက်လဲချက်ပေးခဲ့သည်။

ကလေး ၁၁ ဦးအနက်မှ တစ်ဦး၏ အုပ်ထိန်းသူက ဝါဟက်ဂ်ျသည် ကလေးများကို အနာဂတ် ကျောင်းတွင်းပစ်ခတ်မှုများ ပြုလုပ်ရန် တိုက်ခိုက်ရေး ရိုင်ဖယ်အသုံးပြုပုံ သင်ကြားပေးခဲ့သည်ဟု ထွက်ဆိုထားသည်။ 

ခြံဝင်းအတွင်း ဖမ်းမိခဲ့သည့် လူကြီးငါးဦးစလုံးကို ကလေးသူငယ်အလွဲလုပ်မှုဖြင့် စွဲချက်တင်ထားသည်။ ယင်းတို့အနက် အမျိုးသမီးသုံးဦးမှာ ကလေးများ၏ မိခင်များဖြစ်သည်ဟု ယူဆရသည်။

ကလေးများသည် တတိယကမ္ဘာမှ ဒုက္ခသည်များကဲ့သို့ အစားအစာမရှိ၊ သန့်ရှင်းသော သောက်သုံးရေမရှိဘဲ နေထိုင်နေရပြီး ဖိနပ်ပင်မရှိသလို တစ်ကိုယ်ရေ သန့်ရှင်းမှုလည်းမရှိဘဲ အဝတ်စုတ်များကိုသာ ဝတ်ဆင်ထားရသည်ဟု ရဲအရာရှိများက ပြောကြားသွားသည်။ 

F-03