အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ရုရှားပူတင်အစိုးရထံ ပေးစာကိုပေးပို့ခဲ့သည်ဟု ရီပတ်ဘလစ်ကန် ဆီနိတ်တာ ရန်းပေါလ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။


ဝါရှင်တန် ဩဂုတ် ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ရုရှားပူတင်အစိုးရထံ ပေးစာကိုပေးပို့ခဲ့သည်ဟု ရီပတ်ဘလစ်ကန် ဆီနိတ်တာ ရန်းပေါလ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သို့ရာတွင် ပေးစာအကြောင်း သုံးသပရာတွင် ဆီနိတ်တာနှင့် အိမ်ဖြူတော်တို့ ကွဲပြားနေသည်။ ထရမ့်၏စာတွင် နယ်ပယ်အသီးသီးတွင် အမေရိကန်က ပူးပေါင်းဆောင်ရွက်ရေးကို ကမ်းလှမ်းထားသည်ဟု ပေါလ်ကပြောကြားသည်။ အိမ်ဖြူတော်ကမူ မော်စကိုသို့သွားသည့် ပေါလ်အတွက် မိတ်ဆက်စာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

အမေရိကန် ၂၀၁၆ သမ္မတရွေးပွဲတွင် မော်စကိုက ကြားဝင်စွက်ဖက်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးက ဖော်ထုတ်တွေ့ရှိမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပွတ်တိုက်မှုများရှိနေချိန်တွင် ပြိုင်ဘက်နှစ်နိုင်ငံအကြားတင်းမာမှု လျော့ပါးရေးကိုထရမ့်က ကြိုးစားလျက်ရှိသည်။

ဇူလိုင် ၁၆ ရက်က ထရမ့်- ပူတင် ဟယ်လ်ဆင်ကီ ထိပ်သီးဆွေးနွေးပွဲ၌ ပူတင်အား ရင်ဆိုင်ရပ်တည်ရန် ပျက်ကွက် ခဲ့မှုကြောင့် ဝေဖန်ခံနေရသောထရမ့်ကို ကာကွယ်ပေးနေသည့် ရီပတ်ဘလစ်ကန် အမတ် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သူ ရန်းပေါလ်က သံခင်းတမန်ခင်းတိုးတက် ကောင်းမွန်ရေးအတွက် မော်စကိုသို့ သွား ရောက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“သမ္မတပူတင်ထံ သမ္မတထရမ့်ရဲ့ ပေးစာကို ကျွန်တော်ပို့ဆောင်ပေးခဲ့ပါတယ်။ ပေးစာမှာ အကြမ်းဖက်ဝါဒ နှိမ်နင်းရေး၊ လွှတ်တော်ခြင်းဆွေးနွေးမှု အားပေးရေး၊ ယဉ်ကျေးမှုဖလှယ်ရေးအပါအဝင် ကဏ္ဍနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ပြထားပါတယ်”ဟု ပေါလ်က twitter တွင် ရေးသားခဲ့သည်။

အိမ်ဖြူတော်ကမူ ဆီနိတ်တာ၏ တောင်းဆိုမှုကြောင့် သမ္မတကမိတ်ဆက် စာရေးပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီစကော့က သမ္မတထရမ့်ထံမှ သမ္မတပူတင်ထံ ပေးစာကို သံတမန်လမ်းကြောင်းမှ လက်ခံရရှိခဲ့သည်ဟု ပြောကြားသော်လည်း အကြောင်းအရာအသေးစိတ်ကို မသိကြောင်း သတင်းထုတ်ပြန်သည်။

သမ္မတထရမ့်က ၎င်း၏မဲဆွယ်အဖွဲ့နှင့် ရုရှားအကြားအဆက်အသွယ် ရှိနိုင်ကြောင်း လိုက်လံစုံစမ်းမှုသည် စုန်းမ ဖမ်းပွဲသာဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။ 

ထရမ့်သည် ပြီးခဲ့သည့် ဟယ်လ်ဆင်ကီ သတင်းစာရှင်းလင်းပွဲတွင် ရုရှားထောက်လှမ်းရေးဌာနနှင့်ပတ်သက်သည့် ပူတင်၏ ရှင်းလင်းချက်များကို လက်သင့်ခံခဲ့ခြင်းအားဖြင့် အမေရိကန်အမတ်များ၏ အမျက်ထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထရမ့်က အပြောအဆိုမှားခဲ့သည်ဟု နောက်ပိုင်းတွင် ပြန်လည်ရှင်းလင်းသည်။

စစ်ဆန့်ကျင်ရေးရပ်တည်သူဆီနိတ် တာပေါလ်သည် တနင်္လာနေ့က မော်စကိုတွင် ရုရှားအမတ်များနှင့်တွေ့ဆုံကာ နျူကလီးယားမပြန့်ပွားရေး၊ အကြမ်းဖက်ဝါဒနှိမ်နင်းရေးတို့ကို ဆွေးနွေးခဲ့ပြီး ရုရှားအပေါ် ချမှတ်မည့် အရေးယူပိတ်ဆို့မှု အသစ်များကို တားဆီးပေးရန် ကတိပေးခဲ့သည်။  

F-04