ကယ်လီဖိုးနီးယားပြည်နယ်မှ မင်ဒိုဆီနိုကွန်ပလက်စ် တောမီးလောင်မှုသည် ပြည်နယ်သမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်မှုအဖြစ် ကြီးထွားကျယ်ပြန့်လာနေသည်ဟု တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


ဝါရှင်တန်၊ ဩဂုတ် ၈

ကယ်လီဖိုးနီးယားပြည်နယ်မှ မင်ဒိုဆီနိုကွန်ပလက်စ် တောမီးလောင်မှုသည် ပြည်နယ်သမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်မှုအဖြစ် ကြီးထွားကျယ်ပြန့်လာနေသည်ဟု တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တောမီးသည် မကြာသေးမီရက်ပိုင်းအတွင်း လော့စ်အိန်ဂျယ်လိစ် တစ်မြို့စာခန့်ရှိသော မြေဧက ၂၈၃,၈၀၀ ခန့်ကို မြန်ဆန်စွာ ပျံ့နှံ့လောင်ကျွမ်းခဲ့သည်။

မီးသတ်သမားများသည် ရာသီဥတုပူပြင်းမှု၊ လေပြင်းတိုက်မှုများကြားမှ ပြည်နယ်တစ်လွှား လောင်ကျွမ်းနေသော တောမီး ၁၆ ခုကို ငြှိမ်းသတ်နေကြရသည်။

ပြည်နယ်မြောက်ပိုင်းကားရ်တောမီးလောင်မှုတွင် အနည်းဆုံး ၇ ဦးသေဆုံးခဲ့သည်။ ထိုအတောအတွင်းသမ္မတထရမ့်က ကယ်လီဖိုးနီးယားသဘာဝပတ်ဝန်းကျင် ဥပဒေကြောင့် တောမီးပျံ့နှံမှု ပိုဆိုးခဲ့သည်ဟု twitter တွင် ပြောဆိုခဲ့ရာ ၎င်း၏မှတ်ချက်ကို ဒေသခံတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ဝိုင်းဝန်းပြစ်တင်ဝေဖန်ခဲ့ကြသည်။

ပြည်နယ်အနှံ့ လောင်ကျွမ်းနေသော တောမီးများကို ထိန်းချုပ်နိုင်ရန် မီးသတ်သမား ၁၄,ဝ၀၀ ကျော်နှင့် အမေရိကန်တပ်ဖွဲ့ဝင်များက ကြိုးစားနေကြသည်။ 

သို့ရာတွင် အချို့နေရာများတွင် အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိနေမှုကြောင့် ချက်ချင်းလက်ငင်းအခြေအနေ တိုးတက်လာမည်မဟုတ်ဟု မိုးလေဝသပညာရှင် ဘရိုင်ယန်ဟာလေက သတိပေးထားသည်။

ဘေးချင်းကပ် တောမီးနှစ်ခုပေါင်းသွားသည့် မင်ဒိုဆီနိုကွန်ပလက်စ် တောမီးသည် ယခင်နှစ်က သောမတ်စ်တောမီးကို ကျော်ဖြတ်ပြီး ပြည်နယ်သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်လာခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ပြည်နယ် သစ်တောနှင့်မီးသတ်ဌာန လက်ထောက်အကြီးအကဲ စကော့မက္ကလင်းက “ကြည့်ပါဦး၊ အရမ်းကိုမြန်လွန်း၊ အရမ်းဒေါသကြီးလွန်း၊ အရမ်းကို အန္တရာယ်ကြီးလွန်းတဲ့ မီးပါပဲဗျာ။ တစ်ခါမှ မကြုံဖူးဘူး”ဟု ပြောကြားသည်။

၂၀၁၂-၂၀၁၇ မိုးခေါင်မှုကအကြောင်းရင်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသောကြောင့် ၂၀၁၈ တောမီးရာသီသည် ဆယ်နှစ်အတွင်း အဆိုးဝါးဆုံးစတင်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

သမ္မတထရမ့်က ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းနှင့် ပြည်နယ် သဘာဝပတ်ဝန်းကျင် ဥပဒေတို့ကို မကြာသေးမီရက်ပိုင်းက twitter တွင် ပြစ်တင်ပြောဆိုခဲ့သည်။  

F-04