အီရန်နိုင်ငံကို အမေရိကန်ပြည် ထောင်စုက ဒဏ်ခတ်အရေးယူမှုသစ်များ ပြဋ္ဌာန်းလိုက်ပြီးနောက် သမ္မတဒေါ်နယ် ထရမ့်က အီရန်နှင့် ကုန်သွယ်ရေးပူးပေါင်း လုပ်ကိုင်နေသည့် အခြားနိုင်ငံများကိုပါ ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။


ဝါရှင်တန်၊ ဩဂုတ် ၈

အီရန်နိုင်ငံကို အမေရိကန်ပြည် ထောင်စုက ဒဏ်ခတ်အရေးယူမှုသစ်များ ပြဋ္ဌာန်းလိုက်ပြီးနောက် သမ္မတဒေါ်နယ် ထရမ့်က အီရန်နှင့် ကုန်သွယ်ရေးပူးပေါင်း လုပ်ကိုင်နေသည့် အခြားနိုင်ငံများကိုပါ ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီရန်နှင့် ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သည့် နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးမိတ်ဖက်အဖြစ် မသတ်မှတ်နိုင်ကြောင်း ထရမ့်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်သတိပေးသည်။ 

“အီရန်နဲ့ စီးပွားရေးလုပ်ကိုင်နေသူ မည်သူမဆို အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေးပူးပေါင်းလုပ်ကိုင်လို့ရမှာ မဟုတ်ပါဘူး”ဟု သမ္မတထရမ့်က ၎င်း၏ Twitter အကောင့်တွင် ရေးသားဖော်ပြသည်။ 

ထို့ပြင် လာမည့်နိုဝင်ဘာလတွင် ကမ္ဘာ့ဈေးကွက်သို့ အီရန်မှလောင်စာစွမ်းအင် တင်ပို့ရောင်းချမှုကို ပိတ်ဆို့အရေးယူသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ 

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကမူ အမေရိကန်ပြည်ထောင်စုသည် အီရန်ပြည်သူများအကြား စိတ်ဝမ်းကွဲပြားစေရန် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေကြောင်း စွပ်စွဲပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုသည် ၂၀၁၅ ခုနှစ်က အီရန်နှင့် အနောက်နိုင်ငံများအကြား ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်မည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီးနောက် အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုသစ်များ ပြုလုပ်လာခြင်းဖြစ်သည်။ 

သမ္မတ ဘားရက်အိုဘားမားလက်ထက်က ရရှိခဲ့သည့် ယင်းနျူကလီးယား သဘောတူညီချက်ကို ထရမ့်က နျူလက်နက်ဖြုတ်သိမ်းရေးအတွက် အကျိုးသက်ရောက်မှုမရှိသည့် သဘောတူညီချက်ဖြစ်သလို အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အီရန်၏ ရန်စပြုမူသော မူဝါဒများအပေါ် ထိန်းချုပ်နိုင်ရန်လည်း အထောက်အပံ့မဖြစ်နိုင်ဟု ထရမ့်က ထပ်ခါတလဲလဲဝေဖန်ခဲ့သည်။ 

“တစ်ဖက်သတ်ဆန်ပြီး ဆိုးရွားလွန်းတဲ့ နျူကလီးယားသဘောတူညီချက်ပါ၊ တွေ့ဖူးသမျှထဲမှာ အဆိုးဆုံးပဲ”ဟု ထရမ့်က ဆိုထားသည်။ 

မူလရရှိထားသော သဘောတူညီချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုထားသည့် ဥရောပသမဂ္ဂ (အီးယူ) က အီရန်အပေါ် အမေရိကန်ဒဏ် ခတ်အရေးယူမှုသစ်များကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ 

ထို့ပြင် အီရန်နိုင်ငံနှင့် တရားဝင်စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများကို အကာအကွယ်ပေးသွားမည်ဖြစ်သည်ဟု အီးယူက ဆိုသည်။ 

F-01