အမေရိကန်ပြည်ထောင်စုအနေနှင့် အီရန်အပေါ် သတ်မှတ်ပြဋ္ဌာန်းမည့် ဒဏ်ခတ်အရေးယူမှုများသည် လူသားချင်းစာ ထောက်ထားမှုဆိုင်ရာ အကူအညီ သို့မဟုတ် အရပ်ဘက်လေကြောင်းဆိုင်ရာလုပ်ငန်းကို ထိခိုက်မှုမရှိစေအောင် အခိုင်အမာလုပ် ဆောင်ပေးရမည်ဖြစ်သည်ဟု ကမ္ဘာ့ခုံရုံးက အမိန့်ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။


သည်ဟိတ်ဂ်၊ အောက်တိုဘာ ၄ 

အမေရိကန်ပြည်ထောင်စုအနေနှင့် အီရန်အပေါ် သတ်မှတ်ပြဋ္ဌာန်းမည့် ဒဏ်ခတ်အရေးယူမှုများသည် လူသားချင်းစာ ထောက်ထားမှုဆိုင်ရာ အကူအညီ သို့မဟုတ် အရပ်ဘက်လေကြောင်းဆိုင်ရာလုပ်ငန်းကို ထိခိုက်မှုမရှိစေအောင် အခိုင်အမာလုပ် ဆောင်ပေးရမည်ဖြစ်သည်ဟု ကမ္ဘာ့ခုံရုံးက အမိန့်ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုအနေနှင့် လာမည့်နိုဝင်ဘာလအတွင်း အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုသစ်များ ထပ်မံပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယင်းပိတ်ဆို့မှုများသည် အီရန်၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အရပ်ဘက်လေကြောင်းပျံသန်းမှုဆိုင်ရာ လုံခြုံရေးကို ထိခိုက်မှုမရှိစေရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်ဟု ကမ္ဘာ့ခုံရုံးအဖြစ်သတ်မှတ်ခံထားရသော ကုလသမဂ္ဂခုံရုံးက ပြောကြားသည်။ 

နိုင်ငံတကာတရားခုံရုံး (ICJ) တွင် အီရန်က ဝါရှင်တန်ကို တရားစွဲဆိုထားသည့် အမှုအား ရပ်ဆိုင်းထားစဉ် ကမ္ဘာ့ခုံရုံးက ဗုဒ္ဓဟူးနေ့က ယင်းသို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အီရန်က အမေရိကန်ပြည်ထောင်စုသည် ၁၉၅၅ ခုနှစ် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်သည်ဟုစွပ်စွဲကာ ပြီးခဲ့သည့် ဇူလိုင်လက ICJ တွင် ဝါရှင်တန်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ယင်းအမိန့်ကိုကြည့်လျှင် အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံသည် မှန်ကန်မှုရှိပြီး အီရန်ပြည်သူများနှင့် နိုင်ငံအပေါ်ပြဋ္ဌာန်းသည့် အမေရိကန်ဒဏ်ခတ်အရေးယူမှုများသည် တရားမဝင်ဟု ဖော်ပြရာရောက်ကြောင်း ပြောကြားသည်။ 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာဆုံးဖြတ်ချက်တွေအတိုင်း လိုက်ပါဆောင်ရွက်သင့်ပါတယ်။ အီရန်ရဲ့ ကုန်သွယ်ရေး ကမောက်ကမဖြစ်အောင် လုပ်ထားတဲ့ အဟန့်အတားတွေကို ဖယ်ရှားပေးသင့်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။ 

ICJ သည် ကုလသမဂ္ဂ၏ အဆင့်အမြင့်ဆုံးနှင့် ပါဝါအရှိဆုံး တရားရုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအကြား ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းပေးရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။ 

ထိုသို့ ကမ္ဘာ့ခုံရုံးက အဆိုပါ အမိန့်ထုတ်ပြန်ပြီး နာရီပိုင်းမျှအကြာတွင် အမေရိကန်ပြည်ထောင်စုက အီရန်နှင့်ရရှိထားသော ၁၉၅၅ ခုနှစ် ချစ်ကြည်ရင်းနှီးမှု သဘောတူစာချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

မိုက်ပွန်ပီယိုကမူ ယင်းချစ်ကြည်ရင်းနှီးမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ဖျက်သိမ်းမှုကို လွန်လေပြီးသော နှစ်ကာလများကတည်းက ပြုလုပ်ခဲ့သင့်သည်ဟု ဆိုသည်။ 

“ဒီဆုံးဖြတ်ချက်ဟာ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ ၃၉ နှစ်ကတည်းက ချမှတ်ခဲ့သင့်တာ။ အီရန်ဟာ ICJ ကို နိုင်ငံရေးနဲ့ ဝါဒဖြန့်ချိရေးအတွက် အလွဲသုံးစားလုပ်နေတာ”ဟု မိုက်ပွန်ပီယိုက ပြောကြားသည်။ 

ယခုလို ချစ်ကြည်ရင်းနှီးမှု သဘောတူညီချက်စာချုပ်ကို အမေရိကန်ပြည်ထောင်စုဘက်က ဖျက်သိမ်းလိုက်မှုကိုကြည့်လျှင် နှစ်နိုင်ငံဆက်ဆံရေး မည်မျှအတိုင်းအတာအထိ ဆိုးရွားနေပြီဖြစ်သည်ဟူသော အချက်ကို ဖော်ပြလိုက်ရာရောက်သွားသည်။ 

F-01