အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇနီးဖြစ်သူ မလာနီယာထရမ့်သည် အောက်တိုဘာလ ၁ ရက်နေ့က ပထမဆုံး တစ်ကိုယ်တော်နိုင်ငံတကာခရီးစဉ်ကို စတင်ခဲ့ကြောင်း၊ ခရီးစဉ်တွင် အာဖရိကဒေသရှိဂါနာ၊ မာလဝီ၊ ကင်ညာနှင့် အီဂျစ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။


ဝါရှင်တန်၊ အောက်တိုဘာ ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇနီးဖြစ်သူ မလာနီယာထရမ့်သည် အောက်တိုဘာလ ၁ ရက်နေ့က ပထမဆုံး တစ်ကိုယ်တော်နိုင်ငံတကာခရီးစဉ်ကို စတင်ခဲ့ကြောင်း၊ ခရီးစဉ်တွင် အာဖရိကဒေသရှိဂါနာ၊ မာလဝီ၊ ကင်ညာနှင့် အီဂျစ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

အမေရိကန်သမ္မတကတော် မလာနီ ယာထရမ့်၏ အဆိုပါ အာဖရိကလေးနိုင်ငံ ခရီးစဉ်သည် ၎င်း၏ ကိုယ်ပိုင်သံတမန်လမ်းကြောင်းသစ်များကို ဖောက်လုပ်နိုင်မည်ဖြစ်သလို စွဲမက်စရာအလှအပများကိုလည်း ဖော်ကျူးလိမ့်မည်ဖြစ်သည်ဟု AFP သတင်းဌာနက ဆိုသည်။ 

ယခင်သမ္မတကတော်ဖြစ်သူ မစ်ရှဲအိုဘားမား (ဘားရက်အိုဘားမား၏ ဇနီး) သည် ရုပ်သံအစီအစဉ်များ၊ မဂ္ဂဇင်းအဖုံးများ စသည်တို့တွင် အဆက်မပြတ်ဖော်ပြပါရှိခဲ့ရာမှ လူကြိုက်များ ရေပန်းစားခဲ့သော်လည်း ယခုသမ္မတကတော် မလာနီယာထရမ့်မှာ ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သလို ခင်ပွန်းဖြစ်သူမှာ အခြားအမေရိကန်သမ္မတများနှင့်မတူ ကမ္ဘာ့နိုင်ငံများကို အထိတ်တလန့်ဖြစ်စေသည့် ပြုမူပြောဆိုချက်များ ထုတ်ဖော်ပြသထားသူဖြစ်ရာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပိုမိုရရှိလိမ့်မည်ဖြစ်သည်။ 

ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဂရစ်ဟမ်က သမ္မတကတော် မလာနီယာထရမ့်၏ လေးနိုင်ငံ အာဖရိကခရီးစဉ်သည် သံတမန်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအရေးတို့ကို အလေးပေးမည့် ခရီးစဉ်ဖြစ်ကြောင်း ပြောကြားသည်။

ကလေးငယ်များနှင့် ကလေးငယ်များ ကြီးပွားချမ်းသာရေးဟူသော ခေါင်းစဉ်သည် မလာနီယာထရမ့်၏ အာဖရိကခရီးစဉ်၏ အနှစ်သာရဖြစ်သည်ဟု ၎င်းကဆိုသည်။ 

ထူးခြားသည်မှာ မလာနီယာထရမ့် အာဖရိကလေးနိုင်ငံသို့သွားမည့်ကိစ္စနှင့်ပတ်သက်၍ သတင်းအချက်အလက်အနည်းငယ်မျှသာ ရရှိခဲ့ခြင်းပင်ဖြစ်သည်။ 

သမ္မတထရမ့်ကမူ မလာနီယာထရမ့်သည် ထူးခြားအံ့ဩစရာကောင်းသည့် အာဖရိကခရီးစဉ်ကို စတင်တော့မည်ဖြစ်သည်ဟု မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“ကျွန်တော်တို့နှစ်ယောက်စလုံး အာဖရိကကိုချစ်တယ်။ အာဖရိကဟာ အင်မတန်လှတယ်။ ကမ္ဘာကြီးရဲ့ အလှပဆုံးအပိုင်းတစ်ပိုင်းလည်းဖြစ်တယ်”ဟု ထရမ့်က မလာနီယာ၏ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းပြသည်။ အခြားသော သတင်းများအရ သမ္မတထရမ့်သည် အာဖရိကနိုင်ငံများကို အရှုပ်ထုပ်နိုင်ငံများ စုစည်းရာဒေသဟု ယခင်က ဝေဖန်ပြောဆိုခဲ့ဖူးသည်ဟု ဆိုသည်။ 

ခရီးစဉ်တွင် ဂါနာနိုင်ငံကို ဦးစွာ လည်ပတ်မည်ဖြစ်သည်။ BBC သတင်းဌာန၏ဖော်ပြချက်အရ ဂါနာတွင် မလာနီယာထရမ့်၏ခရီးစဉ်နှင့်ပတ်သက်၍ သိရှိသူ အနည်းငယ်သာရှိသည်။ 

အမေရိကန်အိမ်ဖြူတော်ကမူ သမ္မတကတော်သည် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးများကို ပြုစုစောင့်ရှောက်သည့်ဆေးရုံများ၊ ကလေးငယ်များကို ပညာသင်ကြားပို့ချသည့် စင်တာများ (မူလတန်းကျောင်း) စသည့်နေရာများသို့ သွားရောက်မည်ဖြစ်သည်။ 

“အာဖရိကမှာရှိတဲ့ ကလေးငယ်တွေနဲ့ပတ်သက်တာတွေကို လေ့လာသင်ယူရမှာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတယ်၊ တစ်ဖက်မှာ ယဉ်ကျေးမှုနဲ့ သမိုင်းအစဉ်အလာတွေအများကြီးရှိတဲ့ အာဖရိကကို လေ့လာရမှာပါ”ဟု မလာနီယာထရမ့်က သူမ၏ခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားသည်။

F-01