ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်တွင် လူမျိုးရေးခွဲခြားမှုဝါဒ ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာက ရွှေ့ပြောင်း အခြေချမှုလမ်းကြောင်းများ ဘေးကင်းရေး၊ လက်ယာအစွန်းရောက်ဝါဒ အဆုံးသတ်ရေးတို့ကို စနေနေ့က ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။


ဘာလင်၊ အောက်တိုဘာ ၁

ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်တွင် လူမျိုးရေးခွဲခြားမှုဝါဒ ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာက ရွှေ့ပြောင်း အခြေချမှုလမ်းကြောင်းများ ဘေးကင်းရေး၊ လက်ယာအစွန်းရောက်ဝါဒ အဆုံးသတ်ရေးတို့ကို စနေနေ့က ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဂျာမနီအရှေ့ပိုင်း ချမ်းမနစ်ဇ်မြို့တွင် ရွှေ့ပြောင်းလူဝင်မှု ဆန့်ကျင်ရေး ဆန္ဒပြမှု အမြောက်အမြား ဖြစ်ပေါ်ခဲ့ပြီးနောက် ဟမ်းဘတ်မှ ဆန္ဒပြပွဲထွက်ပေါ်လာခြင်းဖြစ်သည်။

“လူမျိုးရေးခွဲခြားမှုဝါဒကို ဆန့်ကျင်ကာ စည်းလုံးကြ”ဟု အမည်ပေးထားသော ဆန္ဒပြချီတက်ပွဲကို အဖွဲ့အစည်းနှင့် ကုမ္ပဏီ ၄၅၀ ကျော်က ပူးပေါင်းစီစဉ်ကြခြင်းဖြစ် ပြီး ရွေ့ပြောင်းအခြေချသူများအား အကာအကွယ်ပေးရေး၊ ရွှေ့ပြောင်းအခြေချမှု လမ်းကြောင်းများ ဘေးကင်းရေး၊ နေရပ်ပြန်ပို့မှု ရပ်ဆိုင်းရေး၊ လက်ယာအစွန်းရောက်ဝါဒ အဆုံးသတ်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြချီတက်ပွဲတွင် ပါဝင်သူ ၃၅,ဝ၀၀ ခန့်ရှိသည်ဟု စည်းရုံးဆော်ဩသူများက ပြောဆိုသော်လည်း ရဲများကမူ တက်ရောက်သူ ၂၀,ဝ၀၀ ခန့် ရှိသည်ဟု ပြောကြားသည်။

ပါဝင်ဆော်ဩသော အဖွဲ့အစည်းများထဲတွင် Sea Watch ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့နှင့် လက်ယာစွန်း ဆန့်ကျင်ရေး Loud against Nazis အဖွဲ့များ ပါဝင်သည်။ ဆန္ဒပြသူများသည် ညနေ ၆းဝ၀ နာရီတွင် ဖျော်ဖြေပွဲဖြင့် အဆုံးသတ်ခဲ့သော စုဝေးပွဲအခမ်းအနားသို့ တောက်ပစွာ ဆေးခြယ်တန်ဆာဆင်ထားသော ထရပ်ကား (ကုန်ကား) ၄၀ နှင့်အတူ ချီတက်ရောက်ရှိလာခဲ့ကြသည်။

ဆန္ဒပြသူများက “သွေးမကွဲဘဲ စည်းလုံးကြ”၊ “အမုန်းတရားအလိုမရှိ”စသည့် နဖူးစီးစာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။ အချို့ကလည်း “နာဇီတို့သည် တူရကီခပတ်ဘ်ဟင်းကို တိတ်တိတ်လေး စားနေကြသည်” “ကော်ဖီကိုပဲဇကာစစ်ပါ၊ လူကိုဇကာမစစ်ရ”ဟု ရေးသားထားသော စာတမ်းများကို ကိုင်ဆောင်ခဲ့သည်။

“ဒီနေ့က စုစည်းညီညွတ်မှုနဲ့ အံတုကြတဲ့နေ့ ဖြစ်ပါတယ်”ဟု We'll Come United ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူက မစ္စနူရော့စ်ဒူမန်ကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ 

“ပြဿနာက ရွှေ့ပြောင်းလူဝင်မှု မဟုတ်ပါဘူး။ ပြဿနာက လူမျိုးရေးခွဲခြားမှု ဝါဒပဲဖြစ်ပါတယ်”ဟု သူမက ပြောကြားသည်။

ဩဂုတ်လကုန်က ဂျာမနီအရှေ့ပိုင်း ချမ်းမနစ်ဇ်တွင် ဂျာမန်တစ်ဦး ဓားထိုးခံရမှု ဖြစ်ရပ်ကြောင့် ရွှေ့ပြောင်းလူဝင်မှု ဆန့်ကျင်ရေးဆန္ဒပြမှုများ၊ တန်ပြန်ဆန္ဒပြမှုများ တောက်လျှောက် ဖြစ်ပေါ်ခဲ့ပြီးနောက် ယခု လူထုစည်းဝေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါဓားထိုးမှုတွင် အီရတ်နွယ်ဖွားနှစ်ဦးကို ရဲကဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး တတိယမြောက် တရားခံကို ရှာဖွေလျက်ရှိသည်။ 

F-04