ရုရှားနိုင်ငံတွင် ပင်စင် (အငြိမ်းစား) ယူသည့် အသက်အရွယ်သတ်မှတ်ချက် တိုးမြှင့်ရန် အစိုးရကအစီအစဉ်ရေးဆွဲမှုကို မကျေနပ်၍ ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရာယခုအခါ ထိန်းသိမ်းခံရသူ ၈၀၀ ကျော်ခန့်ရှိသွားပြီ ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။


မော်စကို၊ စက်တင်ဘာ ၁၁ 

ရုရှားနိုင်ငံတွင် ပင်စင် (အငြိမ်းစား) ယူသည့် အသက်အရွယ်သတ်မှတ်ချက် တိုးမြှင့်ရန် အစိုးရကအစီအစဉ်ရေးဆွဲမှုကို မကျေနပ်၍ ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရာယခုအခါ ထိန်းသိမ်းခံရသူ ၈၀၀ ကျော်ခန့်ရှိသွားပြီ ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပင်စင်ကိစ္စကန့်ကွက်ဆန္ဒပြမှုများကို အတိုက်အခံခေါင်းဆောင် အက်လက်ဇီနာဗာလ်နီနှင့် ၎င်းကိုထောက်ခံသူများက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံခေါင်းဆောင် အက်လက်ဇီနာဗာလ်နီမှာမူ ယခုအခါ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖြစ်သည်။ 

ရုရှားနိုင်ငံရှိ မြို့ပေါင်း ၈၀ ကျော်တွင် ပြုလုပ်သော ယင်းပင်စင်အစီအစဉ် ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများတွင် ရဲတပ်ဖွဲ့က တစ်ခါတစ်ရံ အင်အားအလုံးအရင်းသုံးကာ ဖြိုခွင်းခဲ့ပုံများပါဝင်သလို နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ မီးသတ်ပိုက်များထိုးကာ ဖြိုခွင်းခြင်းတို့ရှိခဲ့သည်။ အချို့သော ဆန္ဒပြအင်အားစုများမှာ တရွတ်တိုက် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်ကို တွေ့ရသည်။ 

လူစုလူဝေးဖြင့် ဆန္ဒပြမှုအများစုကို ရုရှားအာဏာပိုင်များက တရားမဝင်သော၊ ဥပဒေကို ဆန့်ကျင်သောလုပ်ရပ်အဖြစ် သတ်မှတ်ကြေညာကာ ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။ 

OCD-Info ဟု အမည်ရသည့် ရုရှားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရတနင်္ဂနွေ နေ့က မြို့ပေါင်း ၃၃ မြို့တွင် ပြုလုပ်ခဲ့သော အဆိုပါဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ စုစုပေါင်း ၈၃၉ ဦး အထိရှိသွားပြီဖြစ်သည်။ အချို့မှာမူ အတိုက်အခံခေါင်းဆောင် အက်လက်ဇီနာဗာလ်နီ၏ အနီးကပ်မဟာမိတ်များဖြစ်သည်ဟု ယင်းအဖွဲ့ကဆိုသည်။ 

ရုရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သော Interfax က ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကိုကိုးကားဖော်ပြရာတွင် ပင်စင်အစီအစဉ် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၀၀ ကျော်ခန့်ရှိသည်ဟု ဖော်ပြသည်။

သို့သော် OCD-Info ၏ အဆိုအရ စိန့်ပီတာစဘာ့ဂ်မြို့ တစ်မြို့တည်းတွင်ပင် အဖမ်းခံရသူစုစုပေါင်း ၃၅၄ ဦးထိရှိသည်။ မြို့တော်မော်စကိုတွင်မူ အက်လက်ဇီနာ ဗာလ်နီကိုထောက်ခံသူများက ဆန္ဒပြရန် အာဏာပိုင်များကို လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ သို့အတွက်ကြောင့် မော်စကိုရှိပွတ်ရှ်ကင်ရင်ပြင်တွင် လူ ၂၀၀၀ ကျော်ခန့်စုရုံးကာ ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြသူအချို့က “ရုရှားပြည်ကြီး လွတ်လပ်ရမည်” ၊ “ပူတင်ဆိုတာ သူခိုးပါ” ဟူ၍ ကြွေးကြော်အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။ 

ပင်စင်အစီအစဉ်ကို ဆန္ဒပြမှုမှာ သဘောအားဖြင့် အသက်ကြီးသူများက စိတ်ဝင်တစားပါဝင်လေ့ရှိကြသော်လည်း ယခုဆန္ဒပြပွဲတွင်မူ လူငယ်အမြောက်အမြားလည်း ပူးပေါင်းပါဝင်ကြသည်ကို တွေ့ရသည်။ 

“ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဆန္ဒပြဖို့ ကျွန်တော်ဒီကိုလာခဲ့တာပါ။ ကျွန်တော်က ဒီနိုင်ငံမှာနေသွားရမှာပါ။ ကျွန်တော်သက်ကြီးပိုင်းအရွယ်ရောက်လာမယ့်အချိန်ရယ်၊ အနာဂတ်ရယ်အတွက် မျှော်လင့်ချက်ကောင်းကောင်းထားချင်တယ်”ဟု အသက် ၂၂ နှစ်အရွယ်ရှိ နစ်ကိုလိုင်းဘိုရိုဒင်က ပြောကြားသည်။

F-01