ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ ရှော့ပင်းမောလ်တစ်ခုအနီးတွင် တနင်္ဂနွေနေ့ ညပိုင်းက လူငယ်လူဆိုးဂိုဏ်းနှစ်ခု သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြရာ နိုင်ငံခြားသားတိုးရစ်နှစ်ဦး သေဆုံးသွားကြောင်း Asia News Network က ရေးသားဖော်ပြသည်။

ဘန်ကောက်၊ အောက်တိုဘာ ၈

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ ရှော့ပင်းမောလ်တစ်ခုအနီးတွင် တနင်္ဂနွေနေ့ ညပိုင်းက လူငယ်လူဆိုးဂိုဏ်းနှစ်ခု သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြရာ နိုင်ငံခြားသားတိုးရစ်နှစ်ဦး သေဆုံးသွားကြောင်း Asia News Network က ရေးသားဖော်ပြသည်။

ပစ်ခတ်မှုမှာ Watergate Pavillion ရှော့ပင်းမောလ်တစ်ခု၏ အနောက်ဘက်ရှိ လမ်းသွယ်တစ်ခုထဲတွင် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာတွင် တိုးရစ်များ စီးနင်းလာသည့် ကားများလည်း ရပ်တန့်ထားကြောင်း သတင်းကဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားရာ ရပ်ကွက်သည် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ရာ Platinum Fashion Mall နှင့် Pratunam Market တို့လည်းရှိသလို မြန်မာနိုင်ငံသား ခရီးသွား အများစုလည်း သွားရောက်လေ့ရှိသည့် ရပ်ကွက်လည်းဖြစ်သည်။

လူငယ်လူဆိုးဂိုဏ်းနှစ်ခု ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားသူနှစ်ဦးမှာ အိန္ဒိယနိုင်ငံသား ဂါကရီဂျာဒါရတ်ခ်ျ (၄၂ နှစ်) နှင့် လာအိုနိုင်ငံသား ကီအိုဗိုဆာတွန်နီကို (၂၈ နှစ်) တို့ဖြစ်ပြီး ဆေးရုံတွင် သေဆုံးသွားကြခြင်းဖြစ်သည်။

ထိုင်း မက်ထရိုပိုလစ်ရဲတပ်ဖွဲ့မှ ရဲချုပ် ဆီနစ်ဆာမာရမ်ဆမ်ရာကစ်က ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသော လူငယ်အမျိုးသား သုံးဦးသည် အနီးရှိ စနူကာ ကစားရုံတစ်ခုထဲတွင် အခြားလူငယ်အုပ်စုတစ်စုနှင့် ရန်ဖြစ်ခဲ့ပြီးနောက် အဆိုပါလမ်းကြားထဲတွင် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းလူမျိုးနှစ်ဦးနှင့် အခြားတိုးရစ်တစ်ဦးတို့လည်း ဒဏ်ရာရရှိသွားကြသည်။ အခင်းဖြစ်ပွားရာ၌ အသုံးပြုခဲ့သည့် ရိုင်ဖယ်သေနတ်များကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု မပြုလုပ်ရသေးသော်လည်း သတင်းများအရ AK-47 အမျိုးအစား ရိုင်ဖယ်တွင်သုံးသည့် ကျည်ဆန်ခွံများကို တွေ့ရသည်ဟု ဆိုသည်။

ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဆာဝမ်အာရွန်က ဒဏ်ရာရရှိသွားသော အိန္ဒိယတိုးရစ်မှာ အိန္ဒိယခရီးသည်အုပ်စုမှဖြစ်ပြီး ယင်းရှော့ပင်းစင်တာအောက်ထပ်ရှိ India Gate စားသောက်ဆိုင်၌ ညစာ စားရန် လာရောက်ခဲ့ကြခြင်းဖြစ်သည်။

ညစာစားအပြီးတွင် တိုးရစ်များမှာ ၎င်းတို့ စီးနင်းလာသည့် ဘတ်စကားပေါ်သို့မတက်မီ ဈေးဝယ်ချိန်ရရှိခဲ့ကြောင်း၊ ဈေးဝယ်ပြီသော တိုးရစ်များက အခင်းဖြစ်ပွားရာလမ်းမပေါ်ရှိ ကားပါကင်တွင် စောင့်ဆိုင်းနေကြကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ရဲချုပ် ဆီနစ်ဆာမာရမ်ဆမ်ရာကစ်၏ အဆိုအရ အဆိုပါ လူငယ်လူဆိုးဂိုဏ်းသည် ယင်းရပ်ကွက်တွင်းမှ လူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်နိုင်သည်။ 

F-01