ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီရဲ့ လက်ရှိ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ လီဂျေးယောင်ဟာ တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးရဲ့ အကျင့်ပျက် လာဘ်စားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး သံသယရှိသူအဖြစ် မေးမြန်းခံရဖို့ ရှိနေပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီဟာ သမ္မတပက်ဂွမ်ဟေးရဲ့ အနီးကပ် သူငယ်ချင်းလည်းဖြစ်၊ နိုင်ငံရေးမှာ ဝင်ရောက် သြဇာလွှမ်းမိုးခဲ့သူလို့ စွပ်စွဲခံနေရသူလည်းဖြစ်တဲ့ ချောင်ဆွန်းချယ်လ် တည်ထောင်ထားတဲ့ လူမှုရေး အဖွဲ့အစည်းကို ရန်ပုံငွေ အမြောက်အများ လှူဒါန်းခဲ့တယ်လို့ စွပ်စွဲခံရလျက် ရှိပါတယ်။

ဆမ်ဆောင်းဟာ နိုင်ငံရေးအရ အထောက်အပံ့ ရဖို့အတွက် မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီလို လှူဒါန်းခဲ့တာလို့လည်း စွပ်စွဲခံထားရတာပါ။

မစ္စတာလီဟာ ကြာသာပတေးနေ့မှာ အထူး အစိုးရ ရှေ့နေတွေရဲ့ မေးမြန်းခြင်းကို ခံရမှာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဆမ်ဆောင်း ကုမ္ပဏီကတော့ လက်ရှိအချိန် မှတ်ချက် တစ်စုံတစ်ရာ မပေးသေးပါဘူး။

မစ္စတာလီဟာ ဆမ်ဆောင်း ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပေမယ့် သူ့ရဲ့ ဖခင်လည်းဖြစ်၊ ဆမ်ဆောင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ လီကွမ်ဟီး ၂၀၁၄ ခုနှစ်အတွင်းက နှလုံးရုတ်တရက် ဖောက်တဲ့ ဝေဒနာ ခံစားရပြီးနောက်ပိုင်းမှာ ဆမ်ဆောင်းလုပ်ငန်း တစ်ခုလုံးရဲ့ အာဏာ အရှိဆုံးသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

Ref :BBC