စကော့တလန်လုပ် ရှားရှားပါးပါး မော့လ်ဝီစကီတစ်ပုလင်းကို အီဒင်ဘာရာ လေလံတွင် စံချိန်တင်ဈေးနှုန်း ဒေါ်လာတစ်သန်းဖြင့် ရောင်းထွက်သွားသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။


လန်ဒန်၊ အောက်တိုဘာ ၎

စကော့တလန်လုပ် ရှားရှားပါးပါး မော့လ်ဝီစကီတစ်ပုလင်းကို အီဒင်ဘာရာ လေလံတွင် စံချိန်တင်ဈေးနှုန်း ဒေါ်လာတစ်သန်းဖြင့် ရောင်းထွက်သွားသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

Beatles ဓာတ်ပြားမျက်နှာဖုံး ပန်းချီဆရာ ရေးဆွဲပေးခဲ့သော တံဆိပ်ပါရှိသည့် ဝီစကီပုလင်းသည် အနုပညာလက်ရာမြောက်လှသည်ဟု ဆိုသည်။

မက္ကာလန် ဗယ်လာရီယိုအေဒါမီ ၁၉၂၆ ဝီစကီသည် ၁၉၂၆ တွင် ချက်လုပ်ပြီး ၁၉၈၆ တွင် ပုလင်းသွတ်ခဲ့သော ကန့်သတ်အရေအတွက် ၂၄ ပုလင်းထဲမှ တစ်ပုလင်းဖြစ်ပြီး ပုလင်းမသွတ်မီ စည်ထဲတွင် နှစ်ခြောက်ဆယ် အောင်းထားခဲ့သော သက်တမ်းရင့် ဝီစကီဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အရက်ပုလင်းကို လေလံတင်ခဲ့သော အဆင့်မြင့်လေလံဆိုင် ဘွန်ဟမ်းစ်မှ ဝီစကီကျွမ်းကျင်သူ မာတင်ဂရင်းက “မော့လ်ဝီစကီထဲမှာရိုးလ်ရွိုက်စ် အတန်းအစားပေါ့ဗျာ”ဟု မှတ်ချက်ပေးသည်။

အာရှမှ ဝယ်ယူသူတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် လေလံဆွဲကာအနိုင်ရသွားခြင်းဖြစ်သည်ဟု ဘွန်ဟမ်းစ်လေလံဆိုင်က ပြောကြားသည်။

ဘွန်ဟမ်းစ်မှ ယမကာကျွမ်းကျင်သူ ရစ်ချတ်ဟာဗေးကအာရှတွင် ဝီစကီအပေါ် စိတ်ဝင်စားမှု ကြီးထွားနေပြီးဆိုင်၏ ဝီစကီ လေလံ ၄၀ ရာခိုင်နှုန်းခန့်သည် အရှေ့အာရှရှိ ဝယ်ယူသူများထံ ရောက်ရှိနေသည်ဟု ပြောကြားသည်။

စကော့တလန်၏ နာမည်ကြီးမက္ကာလန် မော့လ်ဝီစကီသည် ၁၉၂၆ ခုနှစ်ထုတ် ဝီစကီ ၂၄ ပုလင်းအတွက် တံဆိပ်များကို ဖန်တီးရန်အတွက် ပေါ့ဂီတအယ်လ်ဘမ်များတွင် မျက်နှာဖုံးရေးဆွဲကာ နာမည်ရနေသော ဗယ်လာရီယိုအေဒါမီနှင့် ပီတာဘလိပ်တို့ထံ အလုပ်အပ်နှံခဲ့သည်။

ဗုဒ္ဓဟူးနေ့က လေလံတင်ခဲ့သော ဝီစကီပုလင်း၏ တံဆိပ်ကို အေဒါမီကရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုဝီစကီပုလင်းကို ၁၉၉၄ တွင် လေလံဆိုင်က မက္ကာလန်ကုမ္ပဏီထံမှ လူသိမခံသောဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူခဲ့သည်။

အေဒါမီရေးဆွဲခဲ့သော ပုလင်းများထဲမှ အခြားဝီစကီပုလင်းတစ်လုံးကို ပြီးခဲ့သောမေလက ဟောင်ကောင်တွင် ပေါင်စတာလင် ၈၀၀,ဝ၀၀ (ဒေါ်လာတစ်သန်းနီးပါး) ဖြင့် လေလံတင် ရောင်းချခဲ့ပြီးဖြစ်သည်။ 

၁၉၂၆ ခုနှစ်ထုတ် ဝီစကီ ၂၄ ပုလင်းထဲမှ မည်မျှကျန်ရှိနေသေးသည်ကိုမူ မသိနိုင်ပေ။ တစ်ပုလင်းမှာ ၂၀၁၁ ဂျပန်ငလျင်တွင် ပျက်စီးသွားခဲ့ပြီး နောက်တစ်ပုလင်းမှာမူဖွင့်၍ သောက်ပြီးဖြစ်သည်ဟု ယူဆရသည်။

ဘွန်ဟမ်းစ်မှ ဝီစကီကျွမ်းကျင်သူ ဂရင်းကမူ စံချိန်တင် မော့လ်ဝီစကီကို ဝယ်ယူသွားသူအနေနှင့် ငှဲ့သောက်ပစ်လိမ့်မည်ဟု မျှော်လင့်မထားပေ။ 

“ဘာဖြစ်မလဲတော့ မသိနိုင်ဘူးပေါ့ဗျာ။ ဝီစကီတစ်ပုလင်းကို ဒေါ်လာတစ်သန်း ပေးဝယ်နိုင်တဲ့သူက သောက်ပစ်ချင်ရင်လည်း သောက်ပစ်မှာပေါ့။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အလှက ပြတိုက်နဲ့သာထိုက်တန်ပါတယ်” ဟု ဂရင်းက မှတ်ချက်ပေးသည်။ 

F-04