ယခင် တောင်ကိုရီးယားနိုင်ငံသမ္မတ လီမြောင်ဘတ်ကို လာဘ်စားမှုအပါအဝင် အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်များဖြင့် အထူးတရားရုံးတော်က ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအာဏာပိုင်များ၏ ပြောကြားချက်ကို DW သတင်းဌာနက ရေးသားဖော်ပြသည်။


ဆိုးလ်၊ အောက်တိုဘာ ၆

ယခင် တောင်ကိုရီးယားနိုင်ငံသမ္မတ လီမြောင်ဘတ်ကို လာဘ်စားမှုအပါအဝင် အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်များဖြင့် အထူးတရားရုံးတော်က ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအာဏာပိုင်များ၏ ပြောကြားချက်ကို DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခုအခါ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်သည် လာဘ်ပေလာဘ်ယူမှု၊ ငွေညှစ်မှု၊ အဂတိမှုအပါအဝင် အခြားပြစ်မှုများဖြင့် ထောင်ဒဏ် ၁၅ နှစ်အပြင် ဒဏ်ငွေ ၁၃ ဘီလီယံဝမ်(ဒေါ်လာ ၁ ဒသမ ၅ သန်း) ပေးဆောင်ရန်လည်း အထူးတရားရုံးတော်က သောကြာနေ့က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လီမြောင်ဘတ်က ၎င်းအနေနှင့် သမ္မတသက်တမ်းအတွင်း အမှားတစ်စုံတရာ မပြုလုပ်ခဲ့ကြောင်း၊ ယခုအမှုသည် နိုင်ငံရေးအရ အကွက်ချစီစဉ်ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 

မစ္စတာလီမြောင်ဘတ်သည် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် စတုတ္ထမြောက် တောင်ကိုရီးယား ခေါင်းဆောင်ဖြစ်သည်။ ၎င်းပြစ်ဒဏ်ပေး မခံရမီ အဂတိလိုက်စားသည်ဟူသော စွဲချက်များကြောင့် ထောင်ဒဏ် ၃၃ နှစ်ပြစ် ဒဏ်ပေးခံခဲ့ရသူမှာ သမ္မတဟောင်း မစ္စပတ်ဂွမ်ဟီးဖြစ်သည်။ 

လီမြောင်ဘတ်သည် Samsung အီလက်ထရွန်နစ်ကုမ္ပဏီမှ စုစုပေါင်း ၆ ဘီလီယံဝမ် လာဘ်ယူခဲ့သည်ဟူသော ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့သည်။ ၎င်းသည် အခွန်ရှောင်မှုများကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဆမ်ဆောင်းကုမ္ပဏီဥက္ကဋ္ဌ လီကွန်ဟီးကို အမှုမှလွတ်မြောက်ရေးအတွက် လာဘ်စားခဲ့ခြင်းဖြစ်သည်ဟု အစိုးရရှေ့နေများက ဆိုသည်။ 

ထို့ပြင် လီမြောင်ဘတ်သည် သမ္မတရာထူးတာဝန် မထမ်းဆောင်မီနှင့် ထမ်းဆောင်စဉ်အတွင်း ၎င်းပိုင်ဆိုင်သောကုမ္ပဏီနှင့်ဆက်စပ်ပြီး ဝမ်ငွေ ၂၄ ဒသမ ၆ ဘီလီယံခန့်အား အလွဲသုံးစားလုပ်ခဲ့သည်ဟု တရားရုံးက ဆိုသည်။ 

“လီမြောင်ဘတ်သည် သူ့ကိုယုံကြည်ထောက်ခံသည့် နိုင်ငံသားများကိုသာမက ကျွန်ုပ်တို့၏ တစ်နိုင်ငံလုံးကိုစိတ်ပျက် လက်ပျက်ဖြစ်ရအောင် ဆိုးရွားစွာလုပ် ဆောင်ခဲ့သည်”ဟု တရားရုံးကဆိုသည်။ သောကြာနေ့က ပြုလုပ်သောအဆိုပါ တရားစီရင်မှုသို့ သမ္မတလီမြောင်ဘတ်ကနာမကျန်းဖြစ်နေသည်ဟု အကြောင်းပြကာ တက်ရောက်ခဲ့ခြင်းမရှိပေ။

F-01