အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်တွေ့ဆုံရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သဘောတူညီလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
ဝါရှင်တန်-ဆိုးလ်၊ အောက်တိုဘာ ၈

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်တွေ့ဆုံရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သဘောတူညီလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုသည် မြို့တော်ပြုံယမ်းတွင် ကင်ဂျုံအန်းနှင့် တနင်္ဂနွေနေ့ နံနက်ပိုင်းက ၂ နာရီခန့် တွေ့ဆုံဆွေးနွေးပြီးနောက် နေ့လယ်စာ အတူစားခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်သို့ သံတမန်ခရီးစဉ်အဖြစ် ထွက်ခွာသွားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

မကြာမီကာလအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဒုတိယအကြိမ်ကျင်းပပြုလုပ်သွားရန် ကင်ဂျုံအန်းက သဘောတူညီလိုက်သည်ဟု မိုက်ပွန်ပီယိုက ပြောကြားကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်သည်။ သို့သော် မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် ကျင်းပပြုလုပ်မည်ကို အတည်မပြုရသေးပေ။ 

ကင်ဂျုံအန်းနှင့် မိုက်ပွန်ပီယိုတို့သည် မြောက်ကိုရီးယားဘက်က လုပ်ဆောင်ပေးမည့် နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ အမေရိကန်ပြည်ထောင်စုဘက်က တန်ပြန်လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ကြေညာချက်က ဆိုသည်။ 

ယင်းခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအတွက် စတုတ္ထမြောက် မြောက်ကိုရီးယားခရီးစဉ်ဖြစ်သည်။ 

ဇွန်လ ၁၂ ရက်နေ့ စင်ကာပူထိပ်သီး ဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီ ချက်အကောင်အထည်ဖော်နိုင်ရေးအတွက် ရိုးစင်းသည့် ကြိုးပမ်းဆောင်ရွက်ချက်များ ပြုလုပ်လာသည့်အတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို အထူးပင် ကျေးဇူးတင်ရှိသည်ဟု ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း မိုက်ပွန်ပီယို၏ ခရီးစဉ်မှတ်တမ်းနှင့်ပတ်သက်၍ KCNA သတင်းဌာနက ဆိုသည်။ 

“ကိုရီးယားကျွန်းဆွယ်ဒေသတွင် အပြုသဘောဆောင်စွာ ဖွံ့ဖြိုးတိုးတက်မှုများရှိလာသည်ကို ဥက္ကဋ္ဌကင်ဂျုံအန်းက အသိအမှတ်ပြုသည်။ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ကိစ္စဖြေရှင်းရေးအတွက် အဆိုပြုချက်အသေးစိတ်ကိုလည်း ရှင်းပြခဲ့သည်”ဟု KCNA က ဖော်ပြသည်။ 

မိုက်ပွန်ပီယိုနှင့်တွေ့ဆုံမှုကို ကင်ဂျုံအန်းက အလွန်ကောင်းမွန်သည့် တွေ့ဆုံပွဲဖြစ်သည်ဟု စကားပြန်မှတစ်ဆင့် ပြောကြားကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအတွက် ကောင်းမွန်သည့် အနာဂတ်တစ်ခုကို ဖန်တီးနိုင်မည့်နေ့ဖြစ်သည်ဟု ပြောကြားကြောင်း အဆိုပါသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 

F-01