၁၀ ထပ် အဆောက်အအုံကြီး တစ်လုံး ပမာဏခန့် ရှိသည့် ဂြိုဟ်ပဲ့ကြီး တစ်လုံးသည် လနှင့်ကမ္ဘာ အကွာအဝေး ထက်ဝက်ခန့် ပမာဏရှိသည့် မိုင်ပေါင်း ၁၂၀,၀၀၀ အကွာအဝေးမှ ကမ္ဘာကြီးကို ခန့်မှန်းချိန်ထက် ၂၄ နာရီစောကာ ဖြတ်သန်းသွားကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၀

၁၀ ထပ် အဆောက်အအုံကြီး တစ်လုံး ပမာဏခန့် ရှိသည့် ဂြိုဟ်ပဲ့ကြီး တစ်လုံးသည် လနှင့်ကမ္ဘာ အကွာအဝေး ထက်ဝက်ခန့် ပမာဏရှိသည့် မိုင်ပေါင်း ၁၂၀,၀၀၀ အကွာအဝေးမှ ကမ္ဘာကြီးကို ခန့်မှန်းချိန်ထက် ၂၄ နာရီစောကာ ဖြတ်သန်းသွားကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။

2017 AG13 အဖြစ် သတ်မှတ် အမည်ပေးထားသည့် ယင်းဂြိုဟ်ပဲ့ကြီးသည် ဇန်နဝါရီလ ၇ ရက်နေ့က ဖြတ်သန်းသွားခြင်းအား အရီဇိုးနား တက္ကသိုလ် Catalina Sky Survey အဖွဲ့က လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အရှည် ပေ ၅၀ မှ ၁၁၁ ပေခန့် ရှိသည့် ယင်းဂြိုဟ်ပဲ့ကြီးသည် တစ်စက္ကန့်လျှင် ၉ ဒသမ ၉ မိုင်နှုန်းဖြင့် ဖြတ်သန်းသွားခြင်း ဖြစ်သည်။

Slooh အဖွဲ့မှ နက္ခတ်ဗေဒ ပညာရှင် အီရစ်ဖဲလ်မန်းက ဖြတ်သန်းသွားသည့် အရှိန်မှာ အလွန်မြန်ပြီး ကမ္ဘာနှင့်လ အကွာအဝေး၏ ထက်ဝက် ပမာဏခန့်မှ ဖြတ်သန်းသွားသည် ဆိုသော်လည်း အလွန်နီးသည့် အကွာအဝေးမှ ဖြတ်သန်းသွားသည်ဟု ဆိုနိုင်ကြောင်း ပြောကြားသည်။

ယင်း ဂြိုဟ်ပဲ့ကြီးသည် ၂၀၁၃ ခုနှစ်တွင် ရုရှားနိုင်ငံ၊ ချယ်ယာဘင့်ဒေသကို ကျရောက်ပြီး ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးသည့် ဂြိုဟ်ပဲ့ကြီးနှင့် ပမာဏ အတူတူလောက်သာ ဖြစ်ကြောင်းလည်း Slooh အဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလအတွင်း ကမ္ဘာမြေနှင့် အနီးဆုံး ဖြတ်သန်းသွားမည့် ဂြိုဟ်ပဲ့ပေါင်း ၃၈ ခုခန့် ရှိနေကြောင်း NASA အဖွဲ့မှ ကမ္ဘာမြေနှင့် အနီးကပ်ဆုံး အရာဝတ္ထုများကို လေ့လာနေသည့်အဖွဲ့က ဆိုသည်။

မကြာသေးမီက အိမ်ဖြူတော်ကလည်း ကမ္ဘာမြေနှင့် နီးကပ်လာသည့် ဂြိုဟ်ပဲ့များ ဖယ်ရှားရေး အစီအစဉ်များကို ထုတ်ပြန်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အားနည်းလျက်ရှိပြီး မိမိတို့အနေဖြင့် ထိုဘေးအန္တရာယ်ကို ပူးပေါင်း ကာကွယ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၊ ချယ်ယာဘင့်ဒေသကို ၂၀၁၃ ခုနှစ်က ၅၆ ပေခန့် ရှိသည့် ဂြိုဟ်ပဲ့ကြီး ကျလာစဉ်က လူပေါင်း ၁၀၀၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး၊ ထိုအကြောင်းများကို အစိုးရ အနေနှင့် အချိန်မီ သတင်း ထုတ်ပြန်ခြင်း မပြုနိုင်ခဲ့ပေ။

NASA အဖွဲ့က စက်ရုပ် အာကာသယာဉ် တစ်စီးကို အာကာသထဲသို့ စေလွှတ်ပြီးနောက် လပတ်လမ်းအတွင်း ရောက်ရှိနေသည့် ဂြိုဟ်ပဲ့များကို ဖယ်ရှားမည့် အစီအစဉ်များကို ယမန်နှစ်က တင်ပြထားဖူးပြီး စမ်းသပ် ဆောင်ရွက်နေကြောင်း Business Insider တွင် ရေးသားထားသည်။