ရန်ကုန် အများပိုင်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ပြေးဆွဲမည့် လမ်းကြောင်းအလိုက် အရောင်ခွဲခြား သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြ...

ရန်ကုန်

အများပိုင်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ပြေးဆွဲမည့် လမ်းကြောင်းအလိုက် အရောင်ခွဲခြား သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။ အများပိုင်ယာဉ်လိုင်းများအား ဇန်နဝါရီ ၁၅ ရက် မထသဖျက်သိမ်းပြီးသည့်နောက်ပိုင်း ဇန်န ဝါရီ ၁၆ ရက်တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း လည်းသိရသည်။ ''လမ်းကြောင်းအလိုက် ပြေးဆွဲမည့် ယာဉ်တွေကို အရောင်ခွဲခြားသတ်မှတ်ထားတယ်။ အရောင်ငါးရောင် ခွဲခြားသတ်မှတ်ထားတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေး မှူး ဒေါက် တာမောင်အောင်က ပြောကြားသည်။


အရောင်ခွဲခြားမှု အနေဖြင့် မြို့တွင်းပတ် လိုင်းများအား အညိုရောင်၊ အရှေ့ပိုင်းခရိုင် အခြေပြုလိုင်းများအား အနီရောင်၊ တောင်ပိုင်းခရိုင်အခြေပြု လိုင်းများအား ခရမ်းရောင်၊ မြောက်ပိုင်းခရိုင် အခြေပြုလိုင်းများအား အပြာရောင်၊ ပင်မလမ်းများနှင့် ချိတ်ဆက်သည့်လိုင်းများအား အစိမ်းရောင်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ ''လမ်းကြောင်းက ၆ဝ ကြောင်းရှိတယ်။ လမ်းကြောင်းတစ်ကနေ ၆ဝ အထိ ပြေးဆွဲမယ့် လမ်းကြောင်းကိုတော့ လူမှုကွန်ရက် စာမျက်နှာမှာ အသေးစိတ်ထုတ်ပြန်ထားတယ်''ဟု ၎င်းကပြောကြားသည်။ မကြာမီပြေးဆွဲမည့် အစုအဖွဲ့ပိုင် ဘတ်စ်ကားစနစ်တွင် ယာဉ်စီးခအား ငွေကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ ကောက်ခံရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။ အစုအဖွဲ့ပိုင် ဘတ်စ်ကားစနစ်တွင် ကုမ္ပဏီ ရှစ်ခု သတ်မှတ်ထားကာ ယာဉ်လိုင်း ၆ဝ လိုင်း (၁၃ မပါ) ရှိမည်ဖြစ်ကြောင်း သိရသည်။


ခရီးစဉ်လမ်းကြောင်း ၁ မှ ၄၂ အတွက် Base Station များအား လှည်းကူး၊ ယုဇနဥယျာဉ်၊ တောင်ဒဂုံ၊ သာကေတ၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ထောက်ကြံ့၊ တောင် ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာတို့တွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် ခရီးစဉ်လမ်းကြောင်းတွင် ရွှေပြည်သာ-မှော်ဘီ၊ ရွှေပြည်သာ-လှည်းကူး၊ လှည်းကူး-ထောက်ကြံ့၊ ဒါးပိန်-တောင်/မြောက် လမ်းဆုံ၊ လှိုင်သာယာ-တွံတေး၊ ဒလ-တွံတေး၊ လှိုင်သာယာ-ကွမ်းခြံကုန်း၊ ဒလ-ကွမ်းခြံကုန်း၊ ပဲခူး-သနပ်ပင်-ခရမ်း၊ ထန်းတပင်-လှိုင်သာယာ၊ လှိုင်သာယာ ပတ်လမ်းနှစ်ခုတို့ ပါဝင်ကြောင်း သိရသည်။ ယင်းစနစ် အား အစိုးရမှ ထည့်ဝင်ငွေ ကျပ် ၆ဝ ဘီလီယံနှင့် ကုမ္ပဏီများ၏ ထည့်ဝင်ငွေများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အများပိုင် ကုမ္ပဏီဖွဲ့စည်းရန် ကုမ္ပဏီ ၂၁ ခုမှ စာရင်း ပေးထားခဲ့ပြီး အဆိုပါ ကုမ္ပဏီများအား စုပေါင်းကာ ကုမ္ပဏီရှစ်ခုအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အများပိုင်ယာဉ်လိုင်း ပြေးဆွဲချိန် ယာဉ်လုပ်သားများ စည်းကမ်းဖောက်ဖျက်ပါက ကုမ္ပဏီအား အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။


အာကာထက်

#theyangontimes