လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ခံပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်အသင...
ပြိုင်ဘက်၏ ခံစစ် ကစားပုံကြောင့် ပွဲထွက် ကစားသမားများနှင့် ရင်ဆိုင်လျှင်ပင် အနိုင် မရနိုင်ကြောင်း လီဗာပူးနည်းပြ ဝန်ခံ၊ အသင်းသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး လူစာရင်းဖြင့် စံချိန်မှတ်တမ်းသစ် တင်နိုင်ခဲ့

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ခံပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်အသင်း၏ ခံစစ်ကစားပုံကောင်းကြောင့် အခက် အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ပွဲထွက်အဓိကကစားသမားများနှင့် ယှဉ်ပြိုင်လျှင်ပင် အနိုင်ရရှိရန် မလွယ်ကူသည်အထိ ပလိုင်းမောက်အသင်း ခြေစွမ်းပြနိုင်ခဲ့ကြောင်း ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

 

နည်းပြ ဂျာဂင်ကလော့ပ်သည် အဓိကပွဲထွက် လူစာရင်းမှ အမ်မရီကန် တစ်ဦးတည်းကိုသာ အသုံးပြုခဲ့ပြီး ကစားသမား ၁ဝ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ကာ ဂိုးသမားဂိုးမက်ဇ်၊ အိုဂျို၊ဘန်ဝုဗ်ဘန်း အစရှိသည့် လူ ငယ်ကစားသမား အများစုအား ပွဲထွက်ကစားသမားများအဖြစ် အသုံးပြုခဲ့ခြင်းကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေခဲ့ခြင်းဖြစ်သည်။ ''ပြိုင်ဘက်အသင်းအနေနဲ့ မထင်မှတ်ဘဲ အကောင်းဆုံး တုံ့ပြန်မှု ပေးနိုင်ခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။ အထူးသဖြင့် လီဗာပူးအသင်းရဲ့ အဓိကပွဲထွက်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့မယ်ဆိုရင်တောင် ယခုရလဒ်မျိုးပဲ ထွက်ပေါ်လာဖို့ရှိနေပါတယ်။ နိုင်ပွဲရယူဖို့နဲ့ လူငယ်တွေ အတွေ့အကြုံရဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် လိုအပ်ချက် အနည်းငယ်ကြောင့် ခက်အခဲတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သရေရလဒ်ဟာ အမျှတဆုံးဖြစ်ခဲ့သလို ပွဲထွက်ကစားသမား အစုံအလင်နဲ့ ကစားမယ်ဆိုရင်လည်း သရေ ရလဒ်ပဲ မယ်လို့ ထင်ပါတယ်''ဟု လီဗာပူးနည်းပြကလော့ပ်က ဆိုခဲ့သည်။


ထို့အတူ ဆက်စပ်သတင်းများအရ လီဗာပူးအသင်းသည် ပလိုင်းမောက်နှင့် ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းဖြင့် ပွဲထွက်လာခဲ့သည့်အတွက် စံချိန်မှတ်တမ်းသစ်တစ်ခု ရရှိခဲ့ပြီး ပွဲ ထွက်လူစာရင်း၏ ပျမ်းမျှအသက်မှာ ၂၁ နှစ် ၂၉၆ ရက်သာရှိနေခဲ့သည်။ ယင်းအတွက်ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် ၂၂နှစ်၃ဝ၃ ရက်စံချိန်အား ချိုးဖြတ်၍ စံချိန်သစ် တင်နိုင်ခဲ့သည်။ ''လူငယ်ကစားသမားတွေ အနေနဲ့ယုံကြည်မှု အနည်းငယ် လိုအပ်နေဆဲပါပဲ။ ဒါပေမဲ့ ဝုဗ်ဘန်း၊ အိုဂျိုတို့လိုကစားသမားတွေက အသင်းအတွက် တစ်ချိန် အသုံးဝင်လာနိုင်ပါတယ်။ ခြေစွမ်းပိုင်းအရ ကျေနပ်ခဲ့တဲ့အတွက် ရလဒ်ကိုလည်း လက်ခံရ မှာပါ'' ဟု နည်းပြကလော့ပ်က ထပ်လောင်းဖွင့်ဟပြောကြားခဲ့သည်။ နည်းပြကလော့ပ် အနေဖြင့် နိုင်ပွဲ လိုအပ်နေသည့်အချိန်တွင် လူငယ်ကစားသမား အချို့အား အပြောင်းအလဲပြုလုပ်ခဲ့ပြီး အဓိကတိုက်စစ်ကစား သမားများဖြစ်သည့် စတာရစ်ခ်ျ၊ လယ်လာနာ၊ ဖာမီနိုတို့အား လူစားထိုးအသုံးပြုခဲ့သော်လည်း သရေရလဒ်နှင့်သာကျေနပ်ခဲ့ရသည်။                              

WKM

#democracytoday