ရန်ကုန် မြန်မာနိုင်ငံအား အိုင်အက်စ်အကြမ်းဖက်တိုက်ခိုက်မှုများ ပစ်မှတ်ထားနေသည်ဟု နိုင်ငံတကာ၏ သတိပေးမှုများကြောင့် နိုင်ငံလုံခြုံရေး ဆောင်ရွက်ရာတွင် အစိုး...
အိုင်အက်စ် အကြမ်းဖက်မှုမှ ကာကွယ်ရန် နိုင်ငံလုံခြုံရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်နေသည်ဟု ဦးဇော်ဌေး ပြော

ရန်ကုန်

မြန်မာနိုင်ငံအား အိုင်အက်စ်အကြမ်းဖက်တိုက်ခိုက်မှုများ ပစ်မှတ်ထားနေသည်ဟု နိုင်ငံတကာ၏ သတိပေးမှုများကြောင့် နိုင်ငံလုံခြုံရေး ဆောင်ရွက်ရာတွင် အစိုးရအနေ ဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်နေသည် ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။ ''အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်နေပါတယ်။ မောင်တော ဘက်မှာ ကျွန်တော်တို့ လုပ်နေတဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေအရလည်း ထိန်းထိန်းသိမ်းသိမ်း ရှိနေပြီ။ လုံခြုံ ရေးအရ အသေးစိတ်တော့ ပြောလို့မရဘူး''ဟု ၎င်းကဆိုသည်။


ပြီးခဲ့သည့်ရက်ပိုင်းက မလေးရှားနိုင်ငံတွင် အိုင်အက်စ် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သော အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသို့ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်မည့် အစီအ စဉ် ကို သိရှိခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်ခဲ့သည်။ ''အခု သတင်းတွေဖြစ်ပေါ်မှုအရ နိုင်ငံခြားသား အသွင်ယူပြီးလာဖို့များတာပေါ့။ ဒါကြောင့် နိုင်ငံခြားသားတွေ အဝင်အထွက်များတဲ့ လေဆိပ် တို့၊ မြဝတီဘက်ကနေဝင်တဲ့ တရားမဝင် ဝင်ပေါက်တွေကို သေချာစစ်ဆေး ဆောင်ရွက်နေပါတယ်။ အဲဒီမှာ ရဲပါမယ်။ Tourism Police ပါမယ်။ လဝကရဲပါမယ်။ လဝကပါမယ်။ နိုင်ငံခြားသားတွေအနေနဲ့ ဗီဇာ နဲ့ နေထိုင်ခြင်း ရှိ၊ မရှိ၊ တရားမဝင် နေထိုင်နေခြင်း ရှိ၊ မရှိကို စစ်ဆေးနေပါတယ်။ ဝင်ပေါက်၊ ထွက်ပေါက်တွေကိုလည်း ပိတ်ပြီး သေချာစစ်ဆေးနေပါတယ်။ စောင့်ကြည့်နေပါတယ်။ နိုင်ငံခြားသားတွေကို တည်းခို ခန်းတွေမှာပဲ နေထိုင်ခွင့် ပြုထားတယ်။ ရပ်ကွက်ထဲမှာ နေထိုင်ခွင့် မပြုထားပါဘူး။ နိုင်ငံခြားသားနဲ့ပတ်သက်လို့ မသင့်မလျော်တဲ့ ကိစ္စတွေမဖြစ်စေဖို့အတွက် ဝင်ပေါက်၊ ထွက်ပေါက်တွေ အားလုံးကို သေချာ စစ်ဆေးနေပါတယ်။ ရန်ကုန်မြို့ရဲ့ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာနေတဲ့ ပြတိုက်တွေ၊ ရွှေတိဂုံဘုရားလို နေရာမျိုးတွေမှာ အသွင်ယူပြီးတော့ အကြမ်းဖက်လုပ်ဆောင်မှုတွေ မဖြစ်အောင် အထူးကြပ်မတ် ဆောင် ရွက်လျက်ရှိပါတယ်။ မသင်္ကာဖွယ်ယာ လှုပ်ရှားမှုတွေ တွေ့ရင်လည်း 199 Call Centre  ခေါ်ပြီး အကြောင်းကြား သတင်းပေးနိုင်ပါတယ်''ဟု အမှတ်(၂) လုံခြုံရေးကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်း က ပြောသည်။


သို့သော်လည်း ပြည်တွင်း အကြမ်းဖက်မှုများတွင် ပြည်ပဆက်စပ်မှုများနှင့် ပတ်သက်ပြီး တွေ့ရှိချက်များ၌ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ မပါဝင်ဘူးဟု ဦးဇော်ဌေးက ပြောသည်။ ''အိုင်အက်စ်အကြမ်းဖက်တိုက်ခိုက်မှု ပဲဖြစ်ဖြစ်၊ အယ်လ်ခိုင်ဒါအကြမ်းဖက် တိုက်ခိုက်မှုပဲဖြစ်ဖြစ် ပြည်တွင်းက လူတွေကိုပဲ ဦးတည်ပါတယ်။ ပြည်တွင်းက လူမပါဘဲနဲ့ မရပါဘူး။ ပြည်တွင်းက လူမပါဖို့ပဲ အရေးကြီးတယ်။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလို အကြမ်း ဖက်သမားတွေ အားကောင်းပြီး အမြစ်တွယ်တာမျိုး မရှိပါဘူး''ဟု ၎င်းကဆက်ပြောသည်။ ပြည်တွင်း၌ အကြမ်းဖက်သမားများ အမြစ်တွယ်ခြင်းမျိုး ရှိ၊မရှိ နိုင်ငံတကာနှင့် စပ်ဆက်ပြီး ပြည်တွင်း၌ စောင့် ကြည့်ရေးလုပ်ငန်းစဉ်များ အမြဲမပြတ် ဆောင်ရွက်နေသည်ဟုလည်း ၎င်းကဆိုသည်။ ''ဒါကိုလဲ နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ဖို့လိုတယ်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေပါ။ ဘာသာရေးခေါင်းေ ဆာင်တွေအနေနဲ့လဲ ဝိုင်းဝန်းထိန်းသိမ်းမယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးဇော်ဌေးက ပြောသည်။ လက်ရှိတွင် လူဦးရေထူထပ်ပြီး လုံခြုံရေးအရေးကြီးသည့် တန်ခိုးကြီးဘုရားများ၊ ဈေးဝယ်စင်တာများနှင့် လူစုလူဝေး သွားလာမှုများသည့်နေရာအားလုံးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

စည်သူကျော် ၊ အောင်ဖြိုးဦး

#theyangontimes