၂၀၀၈ ခုနှစ်မှာ သူ သမ္မတဖြစ်ခဲ့ချိန်ကနေဆိုရင် နိုင်ငံဟာ အခုချိန်မှာ ပိုပြီး ကောင်းမွန် ခိုင်မာတဲ့အခြေအနေမှာ ရှိနေပြီလို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက အင်္ဂါနေ့မှာပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ သူ သမ္မတဖြစ်ခဲ့ချိန်ကနေဆိုရင် နိုင်ငံဟာ အခုချိန်မှာ ပိုပြီး ကောင်းမွန် ခိုင်မာတဲ့အခြေအနေမှာ ရှိနေပြီလို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက အင်္ဂါနေ့မှာပြောပါတယ်။

စီးပွားရေးဆုတ်ယုတ်ကျဆင်းတဲ့ အခြေအနေကနေ ပြန်ကောင်းလာအောင် လုပ်နိုင်ခဲ့တာ၊ သူ့ရဲ့ သမိုင်းဝင် ကျန်းမာရေးစောင့် ရှောက်မှု အစီအစဉ် ကို ပြဌာန်းခဲ့တာနဲ့ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ထိမ်းမြားခွင့် ရအောင် လုပ်ခဲ့တာတွေကို သူ့ရဲ့ အောင်မြင်မှုတွေအဖြစ် သမ္မတအိုဘားမား က ထောက်ပြသွားပါတယ်။

အင်္ဂါနေ့ညက အီလီနွိုင်းပြည်နယ်၊ ရှီကာဂိုမြို့မှာ သမ္မတအိုဘားမားက သူ့ရဲ့သမ္မတသက်တမ်းအတွင်း နောက်ဆုံးမိန့်ခွန်းပြော တာကို လူထောင်ပေါင်းများစွာ တက်ရောက်နားထောင်ကြပါတယ်။ အခုမိန့်ခွန်းပြောတဲ့နေရာဟာ ၂၀၀၈ ခုနှစ်က ပထမအကြိမ် သမ္မတရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် မိန့်ခွန်းပြောတဲ့နေရာကနေ ကီလိုမီတာအနည်းငယ်ပဲ ဝေးပါတယ်။

ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်ဖို့ သီတင်းနှစ်ပတ်တောင် မလိုတော့တဲ့အချိန်မှာပြောတဲ့ အခု မိန့်ခွန်းအတွက် မစ္စတာ Trump ကို မဲပေးခဲ့သူ့တွေအပါအ၀င် အမေရိကန်နိုင်ငံသားအားလုံးကို ရည်ရွယ်တဲ့ မိန့်ခွန်းမျိုး စီစဉ် ရေး သားဖို့ သမ္မတအိုဘားမားက ညွှန်ကြားခဲ့တာပါ။

ဒီမိုကရေစီမှာ အားလုံး တညီတညွတ်ထဲဖြစ်ဖို့ မလိုဘူးဆိုတာ နားလည်ရမှာဖြစ်ကြောင်း၊ ကျနော်တို့နိုင်ငံကို တည်ထောင်ခဲ့သူ တွေဟာ အငြင်းအခုန်လုပ် စေ့စပ်ညှိနှိုင်းခဲ့ကြတာဖြစ်ပြီး ကျနော်တို့ကိုလည်း အလားတူလုပ်ဖို့ မျှော်လင့်ကြကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီမှာ စုစည်းညီညွတ်မှုရဲ့ အခြေခံအသိလေးတော့ လိုအပ်တယ်ဆိုတာကို သူတို့သိခဲ့ကြောင်း၊ အဲဒါကတော့ ဘယ်လိုပဲ မတူကွဲပြားမှုတွေ ရှိနေပါစေ၊ ကျနော်တို့အားလုံး အတူတကွ ရင်ဆိုင် ကျော်ဖြတ်ရမယ်ဆိုတဲ့အသိပဲဖြစ်ပါကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

အမေရိကန်နိုင်ငံသား မူစလင်တွေအားလုံးကို ခွဲခြားဆက်ဆံတာမှန်သမျှ သူ လက်မခံဘူးလို့ ပြောတဲ့အချိန်မှာ ပရိသတ်ရဲ့ လက်ခုပ်သံဟာ မိန့်ခွန်းပြောတဲ့တချိန်လုံးမှာ အကျယ်လောင်ဆုံးရခဲ့တဲ့ လက်ခုပ်သံဖြစ်ဖွယ်ရှိပါတယ်။ သူ သမ္မတ စဖြစ်ချိန်က ထက်စာရင် တိုင်းပြည်အခြေအနေပေါ် ပိုပြီး အကောင်းမြင်တယ်လို့လည်း သမ္မတကပြောပါတယ်။ ယုံကြည်ကြဖို့ အားလုံးကို တိုက်တွန်းကြောင်း၊ ကျနော့်ရဲ့ အပြောင်းအလဲ ဖော်ဆောင်နိုင်စွမ်းပေါ် ယုံကြည်ဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်ကြဖို့ ဖြစ်ပါ ကြောင်း သမ္မတအိုဘားမားက ပြောသွားပါတယ်။