Burning car-Sanook

ထိုင်းနိုင်ငံမှ သတင်းထောက်အမျိုးသားတဦးဟာ လေးနှစ်အရွယ် သမီးဖြစ်သူနဲ့ ကားမောင်းပြီး အိမ်အပြန်မှာ ရုတ်တရက် ကားမီးလောင်ကျွမ်းခဲ့တဲ့အတွက် အလျှင်အမြန်ပဲ ထွက်ပြေးနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။

အသက် ၃၉ နှစ်အရွယ် ဟီရနီဝတ် အက်တီရာဒီချခွန်ဟာ အန်သောင်ဒေသခံ သတင်းထောက်တဦးဖြစ်ပြီး သူ့ရဲ့ တိုရိုတာကော်ရိုလာ အမျိုးအစားကားနဲ့ အိမ်အပြန်မှာ ခုလိုဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

သူဟာ ကားကို ရပ်ဖို့ကြိုးစားလိုက်ချိန်မှာ ကားအတွင်း လေအေးပေးစက်နေရာကနေ မီးတောက်တွေ စတင်ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်တော့ သူဟာ သမီးငယ်ကိုပွေ့ချီ၊ ရေဒီယိုနဲ့ ကင်မရာကိုပါ ဆွဲယူပြီး ကားပေါ်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီနောက် သူဟာ မီးလောင်ကျွမ်းနေတဲ့ကားကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ရဲတွေကို ဖုန်းဆက်အကြောင်းကြားခဲ့ချိန်မှာ မီးသတ်ကား ၃ စီး လာရောက်ငြှိမ်းသတ်ခဲ့ရတာပါ။

အချိန်မိနစ် ၂၀ ကြာ ငြှိမ်းသတ်ခဲ့ရပြီးနောက်မှာ မီးငြိမ်းခဲ့ပေမယ့် ကားကတော့ ဟောင်းလောင်းပေါက် ပျက်စီးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေကတော့ ဒါဟာ ကားအိုကားဟောင်းတစီးဖြစ်တာမို့ လျှပ်စစ်ပိုင်း ချို့ယွင်းချက်တခုကြောင့် ခုလိုမီးလောင်ကျွမ်းခဲ့ရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။