13950531000717_test_photoi

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လတ်တလော အချိန်ခါမဟုတ်မိုးရွာသွန်းပြီး ရေကြီးရေလျှံနေမှုကြောင့် ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူအယောက် ၃၀ အထိ တိုးလာပြီလို့ ထိုင်းပြည်ထဲ ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

လူ ၂ ဦးလည်းပျောက်ဆုံးနေပြီး ဒီရေလွှမ်းမိုးမှုမှာ ဒေသခံပြည်သူ ၁ သန်းကျော် ထိခိုက်ပါတယ်။

အခုလဆန်း ၁ ရက်နေ့ကစပြီး ထိုင်းတောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ခရိုင် ၁၂ ခရိုင်မှာ ရေလွှမ်းမိုးနေတာပါ။

အဆိုးဆုံးက နာခွမ် စီ ထန်မာရက် Nakhon Si Thammarat ခရိုင်ဖြစ်ပြီး ထိုင်းရေတပ် ရေစုပ်စက်လှေ အစီး ၅၀ နဲ့ ရေစုပ်ထုတ်နေပါတယ်။

လာမယ့်ရက်တွေမှာလည်း မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပြီး နောက်ထပ် ရေစုပ်စက်လှေတွေ စေလွှတ်ဖို့လည်း ထိုင်းရေတပ်က စီစဉ်နေပါတယ်။

ဒီ နာခွမ်စီ ထန်မာရက်ခရိုင်မှာ ကျေးရွာအများအပြားရေမြုပ်ပျက်စီးပြီး ရေဘေးဒုက္ခသည် တွေကို ရေတပ်ရဟတ်ယာဉ်တွေ၊ အစိုးရနဲ့ အရပ်ဘက်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ပေးနေပါတယ်။

ရေဘေးဒုက္ခသည်တဦးက သူတို့ရွာဟာ အဝေးလံဆုံးဖြစ်လို့ ကူညီကယ်ဆယ်ရေးပစ္စည်းလည်း အနောက်ကျဆုံးမှ ရရှိတယ်။ နောက်ဆုံးတော့လည်း ကလေးတွေအတွက်ရော ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေ လုံလုံလောက်လောက်ရရှိလို့ စိတ်ချမ်းသာတယ်လို့ ပြောဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ချန်အိုချာကလည်း လတ်တလောသူ့အစိုးရရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းဟာ ဒီရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးဖြစ်ပြီး အဆိုးဆုံးဖြစ်နေတဲ့ ဒေသတွေမှာ  ရေစုပ်ထုတ်ရေးလုပ်ငန်းတွေကို အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။