ဒေါ်နယ်ထရမ့်နှင့်သမက်ဖြစ်သူတို့ကို တွေ့ရစဉ် ဒေါ်နယ်ထရမ့်နှင့်သမက်ဖြစ်သူတို့ကို တွေ့ရစဉ်

အရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့သမက်ဖြစ်သူ ဂျရက် ခက်ခ်ျနာ Jared Kushner ကို အိမ်ဖြူတော်ထိပ်တန်းအကြံပေး အရာရှိတဦးအဖြစ် ဇန်န၀ါရီ ၉ ရက်နေ့က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ခက်ခ်ျနာဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ အဓိကကျတဲ့နေရာက ပါဝင်ခဲ့ပြီး အခု သူ့ကို အဆိုပြုထားတဲ့ အိမ်ဖြူတော် ထိပ်တန်းအကြံပေးအရာရှိ တာဝန်ဟာ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကိုင်တွယ်ရမှာပါ။

ခက်ခ်ျနာဟာ နယူးယောက်မြို့မှာ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်တဲ့အတွက် သူ့ကို အခုလို ထိပ်တန်းအရာရှိနေရာမှာ ခန့်အပ်မယ်ဆိုရင် ဆွေမျိုးကောင်းစားရေးနဲ့ အကျိုးစီးပွားပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ဒီမိုကရက်တွေကတော့ ပြန်စဉ်းစားဖို့ တောင်းဆိုထားကြပါတယ်။

သမက်ဖြစ်သူကို အခုလို ထိပ်တန်းနေရာ ပေးရတာ ဂုဏ်ယူတယ်။ အလွန်ထူးချွန်တဲ့ လူတယောက်ဖြစ်တယ်လို့ ထရမ့်ကပြောဆိုတာပါ။

ဒေါ်နယ်ထရမ့်ရဲ့ထောက်ကူရေးအဖွဲ့ကတော့ အခုလို အစိုးရထိပ်တန်းရာထူးတွေ  ဆွေမျိုးတွေကို ခန့်အပ်ခွင့် မရှိတာဟာ အိမ်ဖြူတော်အရာရှိနေရာတွေ မပါဝင်ဘူးလို့ပြောဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အခုလ ၂၀ ရက်နေ့မှာ ၄၅ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။