bramall-arsenalfc

အာဆင်နယ်အသင်းဟာ အင်္ဂလန် အောက်တန်းလိဂ်ကလပ်အသင်းတသင်းဖြစ်တဲ့ ဟက်နက်စ်ဖို့ဒ်တောင်းအသင်း နောက်ခံလူ ဘရာမောလ်ကို စာချုပ်ခေါ်ယူလိုက်ပါတယ်။

အသက် ၂၀ ရှိ ဘယ်နောက်ခံလူ ဘရာမောလ်ဟာ ဘန်တလေကားစက်ရုံက အလုပ်သမားဖြစ်ပြီး အချိန်ပိုင်းကစားနေတဲ့ ဟက်နက်စ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် အာဆင်နယ်အသင်းက ခေါ်ယူခဲ့တာပါ။

အင်္ဂလန်မြောက်ပိုင်းလိဂ်အသင်း ဟက်နက်စ်ဖို့ဒ်ကစားသမား ဘရာမောလ်ကို ခရစ္စတယ်ပဲလေ့စ်နဲ့ ရှက်ဖီးဝက်နက်စ်ဒေး အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄ သိန်းနဲ့ စာချုပ်ခေါ်ယူခဲ့တာပါ။

ဘရာမောလ်ဟာ ငယ်ရွယ်ပြီး ထိပ်တန်းလိဂ်ပြိုင်ပွဲ အတွေ့အကြုံ မရှိသေးပေမယ့် နေရာလွတ်ရှာဖွေတာ ကောင်းပါတယ်။ ဘယ်ခြေထောက်ကန်ချက် ကောင်းမွန်ပြီး အလားအလာရှိတဲ့ ကစားသမားကောင်းတဦး ဖြစ်တာကြောင့် စာချုပ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။