နိုင်ငံတကာ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ တောင်ကိုရီးယားနိုင်ငံ ဝံဂျူးမြို့က ခွေးမွေးမြူရေး လုပ်ငန်းတခုကနေ ခွေး ၁၀ ကောင်ကို ဇန်နဝါရီ ၁၀ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်း ခွေးသားရောင်းဝယ်ရေးလုပ်ငန်း အဆုံးသတ်စေဖို့ သူတို့လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

အဲဒီခြံထဲမှာ တခြားခွေး အကောင် ၂၀၀ လောက်လည်း လူတွေစားဖို့ မွေးတာ ခံထားရပါတယ်။

လူသားဆန်သော နိုင်ငံတကာလူ့အဖွဲ့အစည်း (HSI) ရဲ့ လှုပ်ရှားမှုအတွင်း အကယ်ခံ ခွေး ၁၀ ကောင်ကတော့ ဘဝသစ်ကို ပြန်စနိုင်ပါပြီ။

လေကြောင်းခရီးစဉ်တွေက ၁ ရက်အတွက် သယ်နိုင်တဲ့ ခွေးကောင်ရေကို သတ်မှတ်ထားလို့ ဒီခြံက ခွေးအားလုံးကို ကယ်ထုတ်ဖို့ သီတင်း ၂ ပတ်လောက် ကြာနိုင်ပါတယ်။

ဒီခွေးတွေက မွေးစားခံဖို့ အဆင်သင့်ဖြစ်နေပြီး အမေရိကန်မှာ ဒီခွေးတွေကို သူတို့ရဲ့ ဝမ်းနည်းစရာ ဇာတ်ကြောင်းကြောင့် သနားပြီး မွေးစားမယ့်လူတွေ တန်းစီနေတယ်လို့ HSI ရဲ့ လှုပ်ရှားမှုမန်နေဂျာ အန်ဒရူး ပလန်ဘလီက ပြောပါတယ်။

ဒီခွေးတွေရဲ့ လှောင်အိမ်အောက်မှာ အညစ်အကြေးတွေ စုနေပြီး ရာသီဥတုအပူနဲ့ အအေးဒဏ်ကို ဒီအတိုင်းခံရတယ်၊ အစာကို ၁ ရက် ၁ နပ်ပဲကျွေးတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ကိုရီးယား ဆိုးလ်မြို့တော်ကနေ ၅၄ မိုင်ဝေးတဲ့ ဒီခြံဟာ HSI ရဲ့ ၆ ခုမြောက် ပိတ်ချလိုက်တဲ့ ခွေးမွေးမြူရေးခြံပါ။

၆ လကြာ ညှိနှိုင်း၊ ဆေးစစ်ပြီး ကာကွယ်ဆေးထိုးတာတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အစိုးရက ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော် မတိုင်ခင်မှာ အသားအတွက် ခွေးမွေးတာကို ပိတ်ပင်မယ်လို့ မျှော်လင့်ကြောင်း HSI က ပြောပါတယ်။

သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်နေတဲ့ လက်ရှိ ဆောင်းနမ်မြို့တော်ဝန် လီးဂျေးမြောင်ကတော့ သူမြို့ထဲက အများပိုင်ဈေးတွေမှာ ခွေးသားရောင်းတဲ့ဆိုင်တန်းကို ပိတ်ဖို့နဲ့ ခွေးသားအစား ပင်လယ်စာတွေကို ရောင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။