ထိုင်းနိုင်ငံတောင်ပိုင်းမှာ လတ်တလော အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးရေလျှံနေတာမှာ ဇန်နဝါရီ ၁၁ ရက်နေ့အထိ သေဆုံးသူ အယောက် ၃၀ အထိ တိုးလာပြီလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

လူ ၂ ဦးလည်း ပျောက်ဆုံးနေပြီး ဒီရေလွှမ်းမိုးမှုမှာ ဒေသခံပြည်သူ ၁ သန်းကျော် ထိခိုက်ပါတယ်။

အခုလဆန်း ၁ ရက်နေ့ကစပြီး ထိုင်းတောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာမှာ ခရိုင် ၁၂ ခရိုင်မှာ ရေလွှမ်းမိုးနေတာပါ။

အဆိုးဆုံးအဖြစ်ကတော့ နာခွမ် စီ ထန်မာရက် (Nakhon Si Thammarat) ခရိုင်ဖြစ်ပြီး ထိုင်းရေတပ် ရေစုပ်စက်လှေအစီး ၅၀ နဲ့ ရေစုပ်ထုတ်နေရပါတယ်။

လာမယ့်ရက်တွေမှာလည်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားလို့ နောက်ထပ် ရေစုပ်စက်လှေတွေ စေလွှတ်ဖို့လည်း ထိုင်းရေတပ်က စီစဉ်နေပါတယ်။

ဒီ နာခွမ် စီ ထန်မာရက်ခရိုင်မှာ ကျေးရွာအများအပြား ရေမြုပ်ပျက်စီးပြီး ရေဘေးဒုက္ခသည်တွေကို ရေတပ်ရဟတ်ယာဉ်တွေ၊ အစိုးရနဲ့ အရပ်ဘက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နေပါတယ်။

ရေဘေးဒုက္ခသည်တဦးကတော့ “သူတို့ရွာဟာ အဝေးလံဆုံးဖြစ်လို့ ကူညီကယ်ဆယ်ရေးပစ္စည်းလည်း နောက်ကျမှ ရရှိတယ်။ နောက်ဆုံးတော့လည်း ကလေးတွေအတွက်ရော ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေ လုံလုံလောက်လောက်ရရှိလို့ စိတ်ချမ်းသာတယ်” လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ချန်အိုချာကလည်း လတ်တလော သူ့အစိုးရရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းဟာ ဒီရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးဖြစ်တယ်၊ အဆိုးဆုံးဖြစ်နေတဲ့ ဒေသတွေမှာ  ရေစုပ်ထုတ်ရေးလုပ်ငန်းတွေကို အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၁၀ ရက်နေ့က ပြောဆိုထားပါတယ်။