(တစ်) ကဗျာဆရာ မောင်ချောနွယ် က သူ၏ ‘ကြေကွဲမှုအရောင်’ဆို သည့် ကဗျာထဲတွင် ‘ငါတို့တွေ စောခဲ့ကြတယ်၊ ငါတို့တွေစောပြီး နောက်ကျခဲ့ရတယ်’စသည်ဖြင့် ကျွန်တော်တို့၏ ကံမကောင်းအ ကြောင်းမလှပုံများကို ထည့်သွင်း စပ်ဆိုထားခဲ့ဖူးပါသည်။ သြော်...တကယ်လည်း ကျွန် တော်တို့တစ်တွေက စောခဲ့ကြသည်ပဲမဟုတ်လား။

(တစ်)

ကဗျာဆရာ မောင်ချောနွယ် က သူ၏ ‘ကြေကွဲမှုအရောင်’ဆို သည့် ကဗျာထဲတွင် ‘ငါတို့တွေ စောခဲ့ကြတယ်၊ ငါတို့တွေစောပြီး နောက်ကျခဲ့ရတယ်’စသည်ဖြင့် ကျွန်တော်တို့၏ ကံမကောင်းအ ကြောင်းမလှပုံများကို ထည့်သွင်း စပ်ဆိုထားခဲ့ဖူးပါသည်။

သြော်...တကယ်လည်း ကျွန် တော်တို့တစ်တွေက စောခဲ့ကြသည်ပဲမဟုတ်လား။

အတွေးအခေါ်နယ်ပယ်၌ ကမ္ဘာ့အယူဝါဒရေးရာပြိုင်ပွဲကြီး တွင် လစ်ဘရယ်ဝါဒကသာလျှင် နောက်ဆုံး၌ အောင်ပွဲခံခဲ့ရသည် ဖြစ်ပါကြောင်း အဆိုတင်သွင်းမှု ဖြင့် နည်းနည်းကလေး လှုပ်လှုပ် ရှားရှားဖြစ်ခဲ့ရသော ဖရန်စစ်ဖူကူ ယားမား (Francis Fukuyama) ၏သမိုင်း၏ နိဂုံးအယူအဆ (The End of History) က ၁၉၈၉ ၌ ထွက်ပေါ်ခဲ့ခြင်းဖြစ်ရာ ကျွန်တော်တို့ ထက် နောက်ကျပါသည်။

တစ်ပါတီအာဏာရှင်အရှေ့ ဂျာမနီနှင့် ဒီမိုကရေစီအနောက် ဂျာမနီတို့၏ ကြားတွင် ပိုင်းခြား ထားသည့် ဘာလင်တံတိုင်း (Berlin Wall) ကြီးကို ဖြိုချကာ နှစ်နိုင်ငံပေါင်းစည်းသွားပြီး ဒီမိုကရေ စီ ဂျာမနီအဖြစ် ပြောင်းလဲသွား သည်ကလည်း ၁၉၈၉ ဖြစ်ပေရာ ကျွန်တော်တို့ထက် နောက်ကျ သည်ပဲ ဖြစ်ပါသည်။

ဂလပ်စနော့ (Glasnost) ခေါ် ပွင့်လင်းလူ့ဘောင်အယူအဆ၊ ပယ်ရီစတွိုက်ကာ (Perestroika) ခေါ် ပြန်လည်တည်ဆောက်ခြင်း အယူအဆများဖြင့် ဆိုဗီယက်ယူနီ ယံ ကသောင်းကနင်း ဖြစ်စရာ စကားများကို ဂေါ်ဘာချော့ဗ် (Gorbachev) ပြောစဉ်ကလည်း ၁၉၈၉ တစ်ဝိုက်ဖြစ်ပေရာ ကျွန် တော်တို့ထက် နောက်ကျသည်ပင် ဖြစ်ပါသည်။

ဒီမိုကရေစီကို တောင့်တသူ တရုတ်ကျောင်းသားတို့ တိန်အန် မင်ရင်ပြင် (Tiananmen Square) ၌ ဆန္ဒပြခဲ့ကြသည်ကလည်း ၁၉၈၉ပင်ဖြစ်ပေရာ ကျွန်တော်တို့ထက် နောက်ကျသည်ပဲ ဖြစ်ပါ၏။

၁၉၈၈ တဲ့။

ကျွန်တော်တို့ စောခဲ့ကြပုံ။ ကျွန်တော်တို့ နိုးခဲ့ကြပုံ။ ကျွန်တော်တို့ အာခံခဲ့ကြပုံ။

အနှစ် (၃၀) တိုင်ခဲ့ပါပြီ။ သို့သော် ဇာတ်တော်ကို ပေါင်း သော်ဟု မဖြစ်နိုင်ခဲ့။ သုဝဏ္ဏသာ မကလည်း မိဂသမ္ပဒါမြစ်ကမ်းမှာ ရွှေအိုးကိုမထမ်းသာခဲ့။ ပတ်စာကို လည်း မခွာ၊ ဖျာကိုလည်းမသိမ်းနိုင်ခဲ့။

 ယင်းကိုပင် ကဗျာဆရာ မောင်ချောနွယ်ကစောတုန်းက ဖြင့် ၁၉၈၈ မှာပင် စောခဲ့ကြပြီး ခုတော့ ပွဲပြီးဖို့နောက်ကျလိုက်တာ တဲ့။

(နှစ်)

ကျွန်တော်ကတော့ ၁၉၈၈ ဆီက ဟောပြောပွဲ စင်မြင့်တွေကို သတိရနေပါသည်။

၁၉၈၈ အရေးတော်ပုံသည် မတော်တဆမှုတစ်ခုမဟုတ်။ လူ တစ်စု၏ စိတ်အချဉ်ပေါက်မှုမ ဟုတ်။ တစ်သင်းတစ်ဖွဲ့တစ်ပါတီ ၏ လှုပ်ရှားမှုမဟုတ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး ၏ အထွေထွေမကျေနပ်မှုများက ပေါက်ဖွားလာသည့် လူထုအရေး တော်ပုံစစ်စစ်ကြီး ဖြစ်ပါသည်။

လွတ်လွတ်လပ်လပ်မတွေး ရ၊ မရေးရ၊ မပြောရ၊ မဆိုရ၊ ပညာမသင်ရ၊ အသင်းအပင်းမဖွဲ့ရ၊ မသွားရ၊ မလာရ၊ မနေရ၊ မထိုင် ရ၊ မရောင်းရ၊ မ၀ယ်ရသည့် အာဏာရှင်ခေတ်အောက်က ပြည်သူ လူထုသည် ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ငွေစက္ကူတို့ တရားမ၀င်ကြောင်း ကြေညာလိုက်လေသောအခါ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်ည၌ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုဖြင့် အသက်ဆုံးကြရလေသောအခါ၊ ရန်ကုန်တက္ကသိုလ်ထဲတွင် စုစည်းမိကြသော တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသား၊ ကျောင်းသူတို့ စက်မှုတက္ကသိုလ်နှင့် ပူးပေါင်းရန်အတွက် ကျောင်းမှထွက်ပြီး ပြည်လမ်းအတိုင်းချီတက်စဉ် အင်းလျားကန်ဘေး၌ လုံခြုံရေးတပ်ဖွဲ့များနှင့် တွေ့ကာ ရိုက်နှက်သတ်ဖြတ်ပွဲကြီးဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်၌ကျောင်းသားတို့ သွေးမြေခလေသောအခါ၊ အေးချမ်းစွာ ဆန္ဒပြကြသည့် အခြေခံပညာကျောင်းသူ၊ ကျောင်းသား ကလေးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ရိုက်နှက် ကြသဖြင့် ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်၌ မြေနီကုန်းတွင် လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ သူသေကိုယ်သေဖြစ်ကြလေသောအခါအဘက်ဘက်က အနိုင်ကျင့်ခံရသော ပြည်သူလူထုတစ်ရပ်လုံးက သမိုင်းဇာတ်ခုံကြီးပေါ်သို့ အသေအချာကိုပဲရောက်ရှိလာခဲ့ကြပါတော့သည်။

(သုံး)

၈.၈.၈၈ မတိုင်မီရက်တွေ ကတည်းကပင်လျှင် ရှစ်လေးလုံး အထွေထွေသပိတ်ဆိုသည့် အသံ များက လူထုကြား၌ ပျံ့နှံ့၍ နေခဲ့ ပြီး ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်အဓိပတိ လမ်း၏ ၀င်ပေါက်တည့်တည့်၌ ‘ကျောင်းသားသပိတ်မှ အထွေ ထွေသပိတ်သို့’ဟူသည့် စာတန်း ပါ ပိတ်စကြီးချိတ်ဆွဲ၍ ထားပါ သည်။

ရန်ကုန်တက္ကသိုလ်ဝင်ပေါက်၊ထွက်ပေါက်များကို စနစ်တကျဖွင့်၊ ပိတ်ကာ ကျောင်းသူ၊ ကျောင်း သားများက အ၀င်အထွက်စစ်ပါ သည်။

တက္ကသိုလ်အပန်းဖြေရိပ် သာနံရံများက လေးဘက်လေး တန်နံရံကပ်စာစောင်ဖြစ်သွားပါ သည်။ စစ်ဆန့်ကျင်ရေး၊ အာဏာ ရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိ ရေးကဗျာ၊ ကာတွန်း၊ ဆောင်းပါး တွေချည်း။ အပန်းဖြေရိပ်သာဝင် ပေါက်လျှောက်လမ်း၏ ခေါင်မိုး က တရားဟောစင်မြင့်။

ရန်ကုန်တစ်မြို့လုံး တစ်ရက် ခြားစီတန်းလှည့်လည်ဆန္ဒပြကြ ရာ စုရပ်က ရန်ကုန်ဆေးရုံကြီး။

 ဆန္ဒပြပွဲနားရက်များကမူ ဟောပြောပွဲ။ ပန်းချီမောင်ဒီ၊ ကို မင်းသစ်၊ မြမြင့်မိုရ်၊ မင်းသိုက်မွန်၊ ကိုအောင်ဝေး၊ အစ်မ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ကိုအောင်ဇင် မင်း၊ ယမုံ၊ နေစိမ့်၊ မင်းထက် မောင်၊ ကိုစိမ်းနီ၊ ကိုရန်ပိုင်၊ မြင့်ဦး ဦးမြင့်၊ ကျွန်တော် အို...လူတွေ လူတွေ။

မင်္ဂလာဒုံ ကြံခင်းစုဘောလုံး ကွင်းထဲမှာ ဟောပြောပွဲမစမီ မဆလပါတီဝင်တို့က သူတို့၏ ပါတီဝင်ကတ်များကို မီးရှို့ပြီး အ လင်းဝင်ပွဲလုပ်သည်ကို ကဗျာ ဆရာ အောင်ဝေးက စီစဉ်ပေးနေ ပုံကလေး ကျွန်တော်အမှတ်ရ သည်။

မြောက်ဥက္ကလာအ၀ိုင်းကြီး ဟောပြောပွဲ၌ ကိုအောင်ဝေးက စစ်သားတွေက ဘာကိုစားသလဲ  ကဗျာရွတ်ကာ မင်းထက်မောင်နှင့် နေစိမ့်ကဟာမိုနီလိုက်တာ ကျွန် တော်သတိရသည်။

မြောက်ဥက္ကလာဆေးရုံကြီး ခွဲစိတ်ခန်း၌ ခဏခိုနားကာ အစ်မ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ကို အောင်ဝေးတို့နှင့် ဆေးရုံဆင်ဝင် အပေါ်ကနေ တက်ဟောကြပြီး နောက် ဆေးရုံအုပ်ကြီး ဒေါက် တာ ဌေးကြွယ် (ယခုတိုင်းလွှတ် တော်ကိုယ်စားလှယ်)အလုပ်ပြုတ် သွားတာ ကျွန်တော်အမှတ်ရ သည်။

ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA) ၌ ဟောပြော စဉ် ပန်းချီဆရာ မောင်ဒီက စာမ ရီငှက်တို့ အမွေးအတောင်တစ် ပင်ကျွတ်လျှင်ပင် အသက်ကို အသေခံကြောင်း ပြောပုံကိုကျွန်တော် အမှတ်ရသည်။

အမေရိကန်သံရုံးရှေ့စင်မြင့် ၌ မောင်ရန်ပိုင်က ကောင်လေးတွေ ကောင်မလေးတွေဟု ရည်ညွှန်း ကာ ဟောနေပုံကို ကျွန်တော်အ မှတ်ရသည်။

အနော်ရထာလမ်းပေါ်က စင်မြင့်၌ အလံနှစ်မျိုးထောင်ထား ရာ မဆလခေတ်အလံကို ဆွဲကြည့်ကာ ခေါင်းခါပစ်လိုက်ပြီး ပါလီ မန်ဒီမိုကရေစီခေတ်က အလံကို အလေးပြုပြီးမှ ကိုမင်းသစ်ဟောပုံ ကို ကျွန်တော်သတိရသည်။

ဗိုလ်တထောင်အထက်တန်း ကျောင်းရှေ့စင်၌ ဆရာစမ်းစမ်းနွဲ့ (သာယာဝတီ)က ရှင်တို့ကို ကျွန်မ က ဆီပေးမယ်၊ ဆန်ပေးမယ်၊ ဆပ် ပြာပေးမယ်ပြောပြီးတော့ ခေါ်ထား ခဲ့တာလား၊ ရှင်တို့ဘာသာလာချင် လို့ လာကြတာလားဟု မေးလိုက် ပုံကို ကျွန်တော်သတိရသည်။

အထွေထွေသပိတ်ကော်မတီ (GEC) က ပေးပို့သည့် ထမင်းထုပ် ကလေးတွေကို တိုက်ကြိုတိုက် ကြားမိုးရေများအောက်၌ ပျော် ပျော်ကြီးစားကာ ပျော်ပျော်ကြီး ဟောပြောရင်းလူထုကို လမ်းမမှား ရပေအောင် ကျွန်တော်တို့ဆွဲ ဆောင်ခဲ့ကြရပါသည်။

ရံဖန်ရံခါရုပ်ရှင်နယ်က၊ ဂီတ နယ်က၊ နိုင်ငံရေးနယ်က တစ် ယောက်စ နှစ်ယောက်စ ကျွန် တော်တို့နှင့်ပါလာကြသော်လည်း စင်တိုင်းလိုလို၌ ကဗျာဆရာ၊ စာ ရေးဆရာများက အဓိကဟောပြော နေသူများဖြစ်ပါသည်။

၈.၈.၈၈ မှသည် တပ်က အာ ဏာသိမ်းသည့်နေ့အထိ။ တစ်ရက် ဟော၊ တစ်ရက်ချီတက်ဆန္ဒပြ။

(လေး)

အခု...အနှစ် (၃၀) ရှိပြီ။ ငါတို့တွေစောပြီးနောက်ကျခဲ့ရ တယ်တဲ့ မောင်ချောနွယ်က။ သြော်...အခုထိ နောက်ကျနေဆဲ ပါ။      ။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)