ရှစ်လေးလုံး လူထုအရေး တော်ပုံကြီးဟာ နှစ်ပေါင်း (၃၀)ပြည့်သွားပါပြီ။ ပြန်စဉ်းစားကြည့်လိုက်တော့ အဲဒီကာလ လူငယ်ကျောင်းသားမျိုးဆက်တွေမှာ ‘ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရိုးကြေကြေ အရေခန်းခန်း အသက်သေသေ’ဆိုတဲ့ စိတ်ဓာတ်တွေ အပြည့်ဖြစ်နေတာကို ပြန်သတိရမိသလို နှမြောတသလည်း ဖြစ်မိပါတယ်။ အဲဒီကာလတုန်းက တန်ခိုးရှင်တစ်ဦးဦးကသာ နောင်နှစ်ပေါင်း (၃၀) ကြာတဲ့အထိ မင်းတို့တိုင်းပြည်

ရှစ်လေးလုံး လူထုအရေး တော်ပုံကြီးဟာ နှစ်ပေါင်း (၃၀)ပြည့်သွားပါပြီ။ ပြန်စဉ်းစားကြည့်လိုက်တော့ အဲဒီကာလ လူငယ်ကျောင်းသားမျိုးဆက်တွေမှာ ‘ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရိုးကြေကြေ အရေခန်းခန်း အသက်သေသေ’ဆိုတဲ့ စိတ်ဓာတ်တွေ အပြည့်ဖြစ်နေတာကို ပြန်သတိရမိသလို နှမြောတသလည်း ဖြစ်မိပါတယ်။ အဲဒီကာလတုန်းက တန်ခိုးရှင်တစ်ဦးဦးကသာ နောင်နှစ်ပေါင်း (၃၀) ကြာတဲ့အထိ မင်းတို့တိုင်းပြည် ဒီမိုကရေစီရဦးမှာ မဟုတ်ဘူးလို့သာ ပြောခဲ့မယ်ဆိုရင် ဒီလူငယ်ကျောင်းသားတွေ နှလုံးကြေကွဲပြီး သေသွားလောက်ပါတယ်။

အဲဒီလောက် ယုံကြည်ချက် ပြင်းထန်တဲ့  လူငယ်ကျောင်းသား တွေထဲမှာတောင် မတင်တင်ညို ဟာ ထိုးထွက်နေတယ်လို့ ပြောရ လောက်အောင် ယုံကြည်ချက် ပြင်းပြတဲ့ လူငယ်အမျိုးသမီးတစ် ယောက်ပါ။ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ မတင်တင်ညိုနဲ့ ဆုံတွေ့ ပြောဆို ဆွေးနွေးတာတွေ ရှိပေမယ့် ကိုယ်နဲ့ အနီးကပ် နိုင်ငံရေးလက်တွဲဖော် လက်တွဲဖက်တော့ မ ဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြင်း ပြတဲ့ ယုံကြည်ချက်ကြောင့် မတင် တင်ညိုကို သတိထားမိခဲ့သလို ခင်မင်လေးစားရင်းစွဲလည်း ဖြစ်ခဲ့ ပါတယ်။ သြော် ... ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတောင် နှစ် (၃၀) ပြည့်ပါပကောလို့ အတွေးဝင်တဲ့ အချိန်တိုင်း အခု တစ်လော မတင်တင်ညိုကခေါင်းထဲ ရောက်ရာက်လာပါတယ်။ ပန်းဆိုးတန်းကုန်တိုက် (ယခု Ruby Mart) ဘေး ဗိုလ်ချုပ်လမ်းပေါ်က ဘတ်စ်ကားမှတ်တိုင်မှာ မတင်တင်ညိုနဲ့ အချိန်အတော် ကြာကြာ စကားပြောလာခဲ့တာကို သတိရနေမိပါတယ်။

မတင်တင်ညိုက ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသူတစ်ဦးပါ။ မတင်တင် ညိုဟာ အရပ်က ထောင်ထောင် မောင်းမောင်း၊ ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်တာမို့လို့ သာမန်ယောက်ျား ကလေးတွေတောင် ဖြုံရလောက် တဲ့ အမျိုးသမီးမျိုးပါ။ မတင်တင် ညိုက ဂျူဒိုပညာမှာလည်း ဆရာမ လုပ်နေတဲ့သူဆိုတော့ အကြောင်း သိ ယောက်ျားလေးတွေဆို ပိုဖြုံရ တာပေါ့။ ၁၉၈၉ ခုနှစ်ကုန် ဝန်း ကျင်လောက်မှာ မတင်တင်ညိုကို ထောက်လှမ်းရေးက ဖမ်းပါတယ်။ ဒါပေမဲ့ အဲဒီအကြိမ်မှာ မတင်တင် ညိုဟာ အချုပ်ဘဝနဲ့ပဲ နေခဲ့ရတာ ပါ။ ထောင်ဒဏ်ချမှတ်တာမျိုး မခံ ခဲ့ရပါဘူး။ နီးစပ်ရာ နိုင်ငံရေးလုပ် ဖော်ကိုင်ဖက်တွေကို ပြန်မေး ကြည့်တော့ အဲဒီတစ်ကြိမ်မှာ အချုပ်ဘဝနဲ့ သုံး၊ လေးလလောက် နေခဲ့ရပုံ ရပါတယ်။

 မတင်တင်ညို ဒုတိယ အကြိမ် အဖမ်းခံရတာက ၁၉၉၀ ဝန်းကျင်လို့ ယူဆရပါတယ်။ နှစ် ပေါင်း (၃၀)ကို ပြန်ဖြတ်ပြီး စဉ်း စားကြည့်လိုက်တော့ တချို့ဖြစ် ရပ်တွေက မသဲကွဲတော့ပါဘူး။ သေချာတာကတော့ ၁၉၉၀ နိုဝင် ဘာလ မတိုင်ခင်မှာ မတင်တင်ညို ဟာ ထောင်ထဲရောက်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မခင်မိုး အေး (အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသမီးလုပ်ငန်း ကော်မတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌပါ) ထောင်ထဲရောက်တဲ့ အချိန်မှာ မတင်တင်ညိုက ထောင်ထဲ ရောက်နှင့်နေပါပြီ။ မခင်မိုးအေး ထောင်ထဲရောက်တာ က ၁၉၉၀ ခုနှစ် နိုဝင်ဘာလပါ။ မခင်မိုးအေးနဲ့ မတင်တင်ညိုက ထောင်ထဲမှာ ဟိုဘက်အခန်း၊ ဒီဘက်အခန်း အခန်းချင်းကပ်လျက် နေခဲ့ကြတာပါ။ မခင်မိုးအေးကို မတင်တင်ညိုအကြောင်း မေးကြည့်တော့ မတင်တင်ညိုရဲ့ ယုံကြည်ချက် ပြင်းပြပုံကို သတိတရ ပြန်ပြောပြပါတယ်။

အဲဒီခေတ်ကာလ နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အကျဉ်းထောင် ဘဝ ဖြတ်သန်းမှုဟာ အင်မတန် ခါးသီးကြမ်းတမ်းပါတယ်။ နိုင်ငံ ရေးလှုပ်ရှားမှုတွေမှာ မတင်တင် ညိုနဲ့ နီးနီးကပ်ကပ်တွဲလှုပ်ရှားခဲ့တဲ့ ကိုညီညီ (အခု လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ ဗဟိုကော်မတီ ဝင်ပါ) ပြောခဲ့တာကို သတိရမိပါ တယ်။ တရားရုံးထုတ်စဉ်မှာ မတင်တင်ညိုအိမ်က မတင်တင် ညိုကို အမျိုးသမီးလစဉ်သုံး သန့် ရှင်းရေးပစ္စည်းပေးဖို့ ကြိုးစားခဲ့ပေ မယ့် အကျဉ်းထောင်ဝန်ထမ်းတွေ က ခွင့်မပြုလို့ ပေးခွင့် မရခဲ့ပါဘူး။ ဒီတော့ ရရာပစ္စည်းနဲ့ အဆင်ပြေ သလို စီစဉ်ရတော့ မတင်တင်ညို အပါအဝင် အမျိုးသမီးတွေဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုး ကျိုးတွေကို ရင်ဆိုင်ရပါတယ်။

ဒုတိယအကြိမ် အဖမ်းခံရ ချိန်မှာ မတင်တင်ညိုဟာ ထောင် ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၉၂ မှာ မတင်တင်ညို ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လွတ်လာပါတယ်။ အချိန်အတိအ ကျ မသိပေမယ့် မတင်တင်ညို ပြန်လွတ်လာတဲ့အချိန်ဟာ ၁၉၉၂ ခုနှစ် ဧပြီနဲ့ ဇွန်လကြား ဖြစ်ဖို့များ ပါတယ်။ ထောင်ကပြန်လွတ်တဲ့ အချိန်မှာ မတင်တင်ညိုရဲ့ ကျန်း မာရေးဟာ အတော်ကြီးကို ချည့် နဲ့လာပါတယ်။ မိသားစုဝင်တွေ ပြောပြချက်အရ မတင်တင်ညို ဟာ အကျဉ်းထောင်ထဲမှာ တိုက် ပိတ်ခံရတဲ့အထိ ဆိုးဆိုးရွားရွား အခြေအနေတွေကို ရင်ဆိုင်ခဲ့ရ တာပါ။ မတင်တင်ညို ထောင်က ပြန်လွတ်လာပုံကလည်း ကြေကွဲ စိတ်မကောင်းစရာပါ။ မတင်တင် ညိုဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာဖြစ်လို့ မတင် တင်ညို ပြန်လွတ်လာမှာကို အိမ် က ကြိုမသိခဲ့ပါဘူး။ မတင်တင်ညို မိသားစုက တံခါးခေါက်သံကြား လို့ ဖွင့်လိုက်တဲ့အချိန်မှာ မတင် တင်ညိုဟာ တံခါးအရှေ့မှာ ခွေ ခွေလေး လဲကျနေတာပါ။

၁၉၉၂ ခုနှစ် ဝန်းကျင် လောက်ဟာ နိုင်ငံရေးလှုပ်ရှားသူ တွေအပေါ် ဖိနှိပ်မှုတွေ အင်မတန် ပြင်းထန်ခဲ့တဲ့ကာလပါ။ မတင် တင်ညိုကို ပြဖို့ခေါ်သွားတော့ ပထမဆေးခန်းက ထောင်ထွက်လို့ သိလိုက်တဲ့အချိန်မှာ လက်ခံကု မပေးရဲခဲ့ပါဘူး။ ဒီအတွေ့အကြုံ ရလိုက်တော့ မတင်တင်ညိုရဲ့ မိသားစုဟာ ဒုတိယဆေးခန်းမှာ ထောင်ထွက်ဆိုတာ မပြောတော့ ပါဘူး။ ဒီတော့မှပဲ ဆေးကုခွင့်ရခဲ့ တာပါ။ ထောင်ကလွတ်လာတဲ့ အချိန်မှာ ကျန်းမာရေးကလည်း ထိခိုက်လာ၊ တိုင်းပြည်ရဲ့နိုင်ငံရေး အခြေအနေကလည်း လှုပ်ရှားမှု မရှိလောက်အောင်ကို ဖိနှိပ်မှုပြင်း ထန်နေတာမို့လို့ မတင်တင်ညို ဟာ အတော်ကြီးကို မွန်းကျပ်ခဲ့ပုံ ရပါတယ်။ ဒီနေရာမှာ မခင်မိုး အေး ပြောပြခဲ့တာကို ကိုးကားချင် ပါတယ်။ မခင်မိုးအေး ထောင်က ပြန်လွတ်လာချိန်မှာ ဆွေမျိုးတွေ၊ မိဘမိတ်ဆွေတွေ အိမ်လာလည် တိုင်း မခင်မိုးအေးကို ‘‘စေတနာနဲ့ ပြောတာ မမိုက်နဲ့တော့’’ဆိုတဲ့ ဆုံးမစကားတွေကို အမြဲလိုလို ပြောခဲ့ကြပါတယ်။ စေတနာနဲ့ ပြောတာ မှန်ပေမယ့် ကိုယ့်ရဲ့ယုံ ကြည်ချက်ကို မိုက်မဲမှုနဲ့တစ်တန်း တည်းထားပြီး ပြောတဲ့အပေါ်မှာ တော့ မခင်မိုးအေးဟာ အတော် ကြီးကို ခါးခါးသီးသီး ခံစားခဲ့ရတာ ပါ။ ဒီခံစားချက်ကို ထောင်ထွက် လူငယ်ကျောင်းသားတိုင်း ခံစားခဲ့ ကြရတာပါ။

မတင်တင်ညိုလည်း မခင်မိုး အေး ခံစားခဲ့ရသလို ခံစားခဲ့ပုံရပါ တယ်။ တိုင်းပြည်မှာ မြင်တွေ့နေရ တာတွေကလည်း ဘာကိုမှစိတ် တိုင်းကျစရာမရှိ၊ ဖိနှိပ်မှုတွေက လည်း ပြင်းထန်လွန်းတော့ နိုင်ငံ ရေးလှုပ်ရှားမှုဆိုတာ ‘စ’လို့မရ လောက်အောင်ဖြစ်နေ၊ မိသားစု ဝင်တွေကလည်း စိုးရိမ်တကြီး သတိပေး၊ ဒီလိုဖိအားတွေအောက် မှာ မတင်တင်ညိုရဲ့ မွန်းကျပ်မှု ဟာ အဆုံးစွန်ဆုံးထိ ရောက်သွား ခဲ့ပုံရပါတယ်။ ၁၉၉၃ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်နေ့မှာ မတင်တင် ညိုဟာ သူ့ဘဝကိုသူကိုယ်တိုင် အဆုံးစီရင်ခဲ့ပါတယ်။ မတင်တင် ညိုဟာ သူ့နေအိမ်တိုက်ခန်းမှာပဲ ကြိုးဆွဲချပြီး သူ့ဘဝကို သူကိုယ် တိုင် အဆုံးစီရင်ခဲ့တာပါ။ မတင် တင်ညိုရဲ့အိမ်က ရန်ကုန်မြို့လယ် ၃၉ လမ်းက ပထမထပ်မှာပါ။ တိုက်ခန်းရဲ့ အမြင့်အနေအထား က သိပ်ရှိတာမဟုတ်ပါဘူး။ ကြိုး ဆွဲချတဲ့အချိန်မှာ မတင်တင်ညို ဟာ ဒူးကွေးပြီး အဆုံးစီရင်ခဲ့တာ ပါ။ မိသားစုဝင်တွေရဲ့ ပြောပြ ချက်အရ မတင်တင်ညိုဟာ မဆုံး ခင် ဝယ်လာတဲ့အသုပ်ကို စားခဲ့ပါ သေးတယ်။ မိသားစုဝင်တွေ အလုပ်သွားလို့ တစ်ယောက်တည်း ကျန်တဲ့အချိန်ကျမှ မတင်တင်ညို ဟာ အခန်းတံခါးတွေကို ပိတ်ပြီး အဆုံးစီရင်ခဲ့တာပါ။ ကွယ်လွန် ချိန်မှာ မတင်တင်ညိုဟာ အသက် (၂၇) နှစ်ပဲ ရှိပါသေးတယ်။

မတင်တင်ညိုရဲ့ ဘဝအဆုံး သတ်ဟာ စိတ်မကောင်းစရာ၊ ကြေကွဲစရာဖြစ်ပေမယ့် မတင် တင်ညို ရင်ဆိုင်ခဲ့ရတဲ့ မွန်းကျပ်မှု ဟာ အဲဒီခေတ်ကာလ နိုင်ငံရေး လှုပ်ရှားခဲ့တဲ့ လူငယ်ကျောင်းသား တွေရဲ့ဘဝ မွန်းကျပ်မှုကို ကိုယ် စားပြု ထင်ဟပ်နေပါတယ်။ မတင်တင်ညိုရဲ့ ဘဝဇာတ်သိမ်းနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ် (၃၀)ပြည့်မှာ သတင်းမီဒီယာ တွေ မေးကြတဲ့မေးခွန်းကို ဆက် စပ် စဉ်းစားမိပါတယ်။ သတင်း မီဒီယာတွေ မေးကြတာက မြန်မာ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ပြောနိုင်သလားတဲ့။ တိုင်းပြည်ဟာ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အမြစ်မတွယ်သေးတာကတော့ အမှန်ပါ။ ဒါပေမဲ့ ပြည်သူလူထုက ရွေးချယ်တဲ့ လွှတ်တော်ဆိုတာ ရှိ လာပါပြီ။ တိုင်းပြည်ကို ကိုယ်စား ပြု အုပ်ချုပ်ပိုင်ခွင့်ဆိုတာ လွှတ် တော်က အတည်မပြုဘဲ မဖြစ်နိုင် တော့ပါဘူး။ အရပ်ဘက်အဖွဲ့ အစည်းတွေဆိုတာ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံမှာ လှုပ်ရှားသက်ဝင် နေပါပြီ။ သတင်းစာ၊ ဂျာနယ်တွေ ကိုလည်း ဆင်ဆာမရှိ လွတ်လွတ် လပ်လပ် ထုတ်ဝေခွင့် ရနေပါပြီ။ နိုင်ငံရေးပါတီတွေကို တည်ထောင် လှုပ်ရှားခွင့် ရနေပါပြီ။ ဒါပေမဲ့ မတင်တင်ညိုတို့ လူငယ်မျိုးဆက် ရင်ဆိုင်ခဲ့ရတဲ့ ဘဝတွေကတော့ လက်ဖက်ရည်ဆိုင်မှာ ဆုံပြီး  စု စကားပြောရင်တောင် အဖမ်းခံရ ပြီး ထောင်ချခံရနိုင်တဲ့ ဘဝမျိုးပါ။ မတင်တင်ညိုတို့လို လူငယ်တွေ က ဘဝကိုစတေးပြီး လှုပ်ရှားရုန်း ကန်ခဲ့ကြလို့သာ တိုင်းပြည်မှာ ဒီ ကနေ့ခံစားနေကြရတဲ့ ဒီမိုကရေ စီအခွင့်အရေးတွေကို ဆုပ်ကိုင်ရရှိ ခဲ့တာပါ။ ဒီ ဒီမိုကရေစီအခွင့်အရေး တွေဟာ ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ တိုင်းတာလိုက်ရင် ပြီးပြည့်စုံမှုနဲ့ အလှမ်းကွာ လွန်းနေသေးပေမယ့် ဘဝပေါင်းများစွာကို စတေးပြီးမှ ဆုပ်ကိုင်ခံစားနိုင်ခွင့် ရခဲ့တာပါ။ ဒါကြောင့် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးရဲ့ နှစ် (၃၀) ပြည့်ကာလမှာ မတင်တင်ညိုတို့ လို ဒီမိုကရေစီ အညတရ သူရဲ ကောင်းတွေကို နှလုံးသားထဲမှာ အလေးအနက် ဦးညွှတ် ဂုဏ်ပြု ကြဖို့ကို တိုက်တွန်းနှိုးဆော်လိုပါ တယ်။ မတင်တင်ညိုနဲ့တကွ အညတရ ဒီမိုကရေစီသူရဲကောင်း များ ကောင်းရာသုဂတိလားပါစေ။

(စာရေးသူကိုဝသည် မျက်မှောက်မြန်မာ့နိုင်ငံရေးရာသုံးသပ်ချက်များရေးသားနေသူဖြစ်သည်)