နေခင်းနှစ်ချက် (၂ နာရီ) လောက်ကတည်း က လပွတ္တာမြို့ ကနေ ပဲ့ထောင်(စက်လှေ)ဖြင့် ပြန်မလော့မြစ်တွင် သုံးနာရီကျော် ခရီးနှင်ခဲ့ပြီးနောက် မှောင်ရီပျိုးစ ပြုချိန် ကျွန်တော် ထိုနေရာကို ရောက်ရှိခဲ့သည်။ ‘‘အဲဒီအုန်းပင် စုစုနဲ့က သိုင်းကုန်းပဲ’’ဟု ပဲ့ထောင် မောင်းသည့် ဦးကျော်က ပြော သည်။ မိုးက အဆက်မပြတ်ရွာနေ သည့်အပြင် ညနေ ၅ နာရီကျော် ပြီဖြစ်သဖြင့် သိုင်းကုန်းသည် မှုန် ရီဝေဝါးစွာ ကြိုဆိုသည်။
နာဂစ်မုန်တိုင်းကြောင့် ယနေ့တိုင် နာလန်မထူနိုင်သေးသည့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ကျေးရွာများ (ဓာတ်ပုံ - ညီညီဇော်)

နေခင်းနှစ်ချက် (၂ နာရီ) လောက်ကတည်း က လပွတ္တာမြို့ ကနေ ပဲ့ထောင်(စက်လှေ)ဖြင့် ပြန်မလော့မြစ်တွင် သုံးနာရီကျော် ခရီးနှင်ခဲ့ပြီးနောက် မှောင်ရီပျိုးစ ပြုချိန် ကျွန်တော် ထိုနေရာကို ရောက်ရှိခဲ့သည်။ ‘‘အဲဒီအုန်းပင် စုစုနဲ့က သိုင်းကုန်းပဲ’’ဟု ပဲ့ထောင် မောင်းသည့် ဦးကျော်က ပြော သည်။ မိုးက အဆက်မပြတ်ရွာနေ သည့်အပြင် ညနေ ၅ နာရီကျော် ပြီဖြစ်သဖြင့် သိုင်းကုန်းသည် မှုန် ရီဝေဝါးစွာ ကြိုဆိုသည်။ ပဲ့ထောင် က ကမ်းနားတောင် ကောင်း ကောင်းမကပ်သေးမီ သိုင်းကုန်း သားတစ်ဦးက ခရီးဦးကြိုပြုသည်။

ဦးကျော်က အကျိုးအ ကြောင်းပြောပြတော့ လှိုက်လှိုက်လှဲလှဲဖြင့် သွားချင်သည့်နေရာကို လိုက်ပို့မည့်အကြောင်း ပြောသည်။ ဦးကျော်က သူ့တာဝန်ကျေပြီဖြစ်၍ ပဲ့ထောင်ကိုမောင်း ကာ ပြန်လည်ထွက်ခွာသွားသည်။ ကျွန်တော်က သတင်းစာသမား ဖြစ်ကြောင်းနှင့် လာရင်းကိစ္စ ပြောပြတော့ အသက်(၃၅)နှစ်ဝန်းကျင်ရှိမည့် ထိုလူက ကျွန်တော် တွေ့လိုသူတွေဆီ လိုက်ပို့ပေးမည့်အကြောင်း လှိုက်လှိုက်လှဲလှဲ ပြန်ပြောသည်။ ကျွန်တော့် လာရင်းကိစ္စက ထိုရွာက လင်ရော၊ မယားရော ကလေးခြောက်ယောက်ကို ထားရစ်ကာ ပြိုင်တူကြိုးဆွဲချသေသည့်ဖြစ်စဉ်အတွက် သတင်းလာ ယူခြင်းဖြစ်သည်။

မိုးက ရွာထားသည့်အပြင် မြေကလည်းပျော့တော့ နင်းလိုက် တိုင်း တစိစိမြည်သည်။ ကမ်းနား ကနေ ရွာတွင်းဝင်သည့်လမ်းတွင် ဓနိမိုး၊ ဓနိကာ တဲအိမ် ခပ်သေး သေးလေးတွေကို တွေ့ရသည်။ ထိုလူနှင့်အတူ အခြားရွာသား တချို့လည်း လိုက်ပါလာပြီး ရွာ၏ တာဝန်ရှိသူ ရာအိမ်မှူးကိုပါ သွား ခေါ်ပေးသည်။ ငါးမိနစ်သာသာခန့် လမ်းလျှောက်ပြီးချိန်တွင် ကျွန် တော် ထိုနေရာလေးကို ရောက်ရှိခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ဖား အော်သံနှင့် အခြား အကောင် ပလောင်အော်သံတို့မှလွဲ၍ တိတ် ဆိတ်ငြိမ်သက်နေသည်။ မိုးက တော့ တဖြောက်ဖြောက်ရွာနေဆဲ။ ရွာ၏ အစွန်ပိုင်းကျသည့် နေရာ တွင် အခင်းဖြစ်ပွားသည့် ထိုတဲ အိမ်ကလေးကို တွေ့ရသည်။ ဓနိ မိုး၊ ဓနိကာ တဲအိမ်ကလေးဖြစ်ပြီး လူသူမရှိ ခြောက်ကပ်နေသည်။ ထိုတဲအိမ်နှင့် မလှမ်းမကမ်းတွင် ကြိုးဆွဲချသေဆုံးသည့် ယောက်ျား ဖြစ်သူ၏ မိခင်နှင့်အစ်မမိသားစု တို့ တဲတစ်လုံးနှင့် နေထိုင်ကြ သည်။ ကျွန်တော့်ကို ထိုတဲအိမ် လေးအတွင်းသို့ ခေါ်ကြသည်။

တကျွိကျွိမြည်နေသည့် ဝါး ကြမ်းခင်းတွေကို အသာအယာ နင်းရင်း အိမ်ထဲဝင်တော့ အိမ်ထဲ တွင် လူတွေ အများကြီးတွေ့ရ သည်။ ကလေးတွေလည်း အများ ကြီး၊ လူငယ်၊ လူကြီးတွေလည်း အများကြီး စုစုပေါင်း ကလေး၊ လူကြီး အယောက် ၂၀ ကျော်မည်။ ရာအိမ်မှူးနှင့် ရပ်ရွာလူကြီးတွေ ရောက်လာကြသည်။ ရွာအ ကြောင်း စနည်းနာကြည့်တော့ လယ်အလုပ်နှင့် တံငါရေလုပ်ငန်း၊ ကဏန်းထောင်၊ ပုစွန်ထောင်အလုပ်တွေ အများဆုံးလုပ်သည်။ အိမ်ထောင်စု ၁၂၀ ကျော်၊ လူဦး ရေ ၄၀၀ ကျော်၊ အိမ်ခြေ ၁၀၀ ခန့်ရှိသည်။ ကရင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ပြီး ဗုဒ္ဓဘာသာအချို့လည်းရှိသည်။ နာဂစ်ဖြစ်တုန်းက သိုင်းကုန်းကျေးရွာ ဝန်းကျင်သည် အဆိုးရွားဆုံးခံရပြီး ရွာလူဦးရေ ၃၀၀ ကျော် သေဆုံးကြောင်း ရွာတာဝန်ရှိသူတွေက ပြောပြသည်။


နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာ (ဓာတ်ပုံ - ညီညီဇော်)

ကြိုးဆွဲချသေဆုံးသည့် လင် မယားနှစ်ယောက်လည်း နာဂစ်၏ ရိုက်ခတ်မှုတွေ အတော်လေးခံခဲ့ရ သည်။ နှစ်ယောက်စလုံး အရွယ် ကောင်းလေးတွေ။ ယောက်ျား ဖြစ်သူ ကိုစောပါပလုက (၃၃)နှစ်၊ မိန်းမဖြစ်သူက မနော်မာမာ အောင် (၂၈)နှစ်။ သားသမီးလေး တွေကလည်း တကယ့်ဖြူဖြူဖွေး ဖွေး ချစ်စရာလေးတွေဖြစ်သည်။ သမီးချည်း ငါးယောက်ဖြစ်ပြီး အငယ်ဆုံးလေးတစ်ယောက်သာ ဆယ်လသားဖြစ်သည်။  ကလေး တွေခမျာလည်း အရွယ်မရောက် သေး။ အကြီးဆုံးသမီးလေးတောင် ခုမှ (၁၀)နှစ်သာ ရှိသေးသည်။ အငယ်ဆုံးသားလေးဆို (၁၀)လ ပင်မပြည့်သေး။ နို့လည်းမပြတ် သေး။

အခင်းဖြစ်ပွားသည့် ထိုနေ့ က ဇူလိုင် ၂၈ ရက်။ ည ၇ နာရီ  ကျော် ၈ နာရီလောက်မှာ အငယ် ဆုံးကလေး ငိုသံကြား၍ သေဆုံး သူ ကိုစောပါပလု၏မိခင် အသက် (၈၆)နှစ်အရွယ် ဒေါ်နော်တိုးဖိုးက သွားကြည့်ချိန် ထိုမြင်ကွင်းကို မြင် ခဲ့ရခြင်းဖြစ်သည်။ ဒေါ်နော်တိုး ဖိုးက ထိုညက အဖြစ်အပျက်ကြီး ကို အားငယ်ဖျော့တော့နေသည့် အသံဖြင့် ခပ်တိုးတိုးပြန်ပြောပြ သည်။ သူ့ဘေးတွင်လည်း ကွယ် လွန်သည့် မနော်မာမာအောင်၏ ဖခင်ကြီး ဦးလှမြင့်ကလည်း သမီး ၏ မိသားစုတွေအကြောင်း ပြော ပြသည်။ အနားက ရွာတာဝန်ရှိသူတွေကလည်း လိုအပ်တာလေး တွေ ဝင်ပြောသည်။

စောပါပလုတို့ လင်မယား နှစ်ယောက်စလုံးက ကဏန်း ထောင်သည့် အလုပ်လုပ်သည်။ လင်မယားနှစ်ယောက်စလုံး ရန် ဖြစ်တယ် ဘာညာလည်း မကြား ရ။ ပတ်ဝန်းကျင်မှာလည်း မတည့် သူမရှိ။ အားလုံးနှင့်သင့်အောင် ပေါင်းကြသည်။ တစ်ခုရှိသည်က ကလေးခြောက်ယောက်နှင့် အ တော်လေး ကျပ်တည်းသည်ဟု တော့ ကြားရသည်။ ကျပ်တည်း သည်ကလည်း စောပါပလုတို့တင် မဟုတ်။ သိုင်းကုန်းတစ်ရွာလုံးလို လိုဖြစ်သည်။ သိုင်းကုန်းသည် နာ ဂစ်ဖြစ်ပြီးနောက်ပိုင်း ဘဝတွေ စုတ်ပြတ်သတ်ခဲ့သည်။ ဆားငန် ရေတွေဝင်ပြီး လယ်တွေပျက်ခဲ့ သည်။ လုပ်စား၍မရ။ ယခုကျ တော့လည်း တစ်နေ့စာတစ်နေ့ ရရာ ကဏန်းထောင်၊ ပုစွန်ထောင် ဖြင့် လယ်လည်း ကောင်းကောင်း မလုပ်နိုင်ကြတော့။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကလည်း ထင်သလောက် အားမရ။ ‘‘ခုချိန် ထိကို နာလန်မထူနိုင်သေးဘူး’’ဟု ရာအိမ်မှူး ကိုစောထူးပွဲက ပြော ပြသည်။

အခင်းမဖြစ်မီ ရက်တွေက သိုင်းကုန်းမှာ ကဏန်းထောင်၊ ပုစွန်ထောင်အလုပ်တွေ အဆင်မပြေကြ။ ကဏန်း၊ ပုစွန်တွေ အတော်လေး အရနည်းသွားသည်။ ထို့ကြောင့် နဂိုကမှ အဆင်မပြေရသည့်အထဲ စားဝတ်နေရေး ပို ကျပ်တည်းကုန်သည်။ ထိုအခက် အခဲ အကျပ်အတည်းတွေကြောင့် စောပါပလုတို့လင်မယား ထွက် ပေါက်မှားဖြင့် ရုန်းကန်ထွက်ပြေး သွားရခြင်းများ ဖြစ်လေမလား ရွာသူရွာသားတွေ ထင်မြင်ချက် ပေးကြသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ နှစ်ယောက်စလုံး ကြိုးဆွဲချသေဆုံးခြင်းဖြစ် ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ မြို့နယ်တာဝန်ရှိသူတွေ၊ ကျန် ရစ်ခဲ့တဲ့ကလေးတွေကို တာဝန်ယူ ဖို့ ရွာကို ကျွန်တော်ရောက်ခဲ့သည့် သြဂုတ် ၁ ရက်ကပင် လာရောက် ခဲ့ကြပါသည်။ အစိုးရကတော့ ထို ကလေးတွေအတွက် တာဝန်ယူ ပြီး အရွယ်ရောက်သည်အထိ ကျောင်းထားပေးမည့်အကြောင်း ရှင်းပြသည်။ သို့သော် နှစ်ဖက် ဘိုးဘွား နှစ်ယောက်ကတော့ ကလေးတွေကို မပေးလို။ တကွဲ တပြားစီ ဖြစ်ကုန်မှာစိုးသည်ဟုဆို သည်။ ရွာမှာတင် သူတို့ စောင့် ရှောက်မည်ဟုဆိုသည်။ ရွာတာ ဝန်ရှိသူတွေကတော့ ဘိုးဘွားတွေ သဘောဟုပြောသည်။

ထိုဖြစ်စဉ်ကိုကြားရသည့် လူ တော်တော်များကတော့ အသက် အရွယ်ကြီးနေသည့် ဘိုးဘွားနှစ် ယောက် ကလေးခြောက်ယောက် ကို စောင့်ရှောက်နိုင်ပါမည်လား စိုးရိမ်ကြသည်။ နောက်ပြီး သူတို့ နေသည့် သိုင်းကုန်းရွာသည် မြင် သည့်အတိုင်း နာဂစ်၏ ဆိုးကျိုးကို ယနေ့အထိ ခံစားနေရသည့် ကျေး ရွာတွေထဲ တစ်ရွာအပါအဝင်ဖြစ် ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းလှသည်။


ကျန်ရစ်ခဲ့သည့် ကလေးငယ်ခြောက်ဦးကို အဘိုး၊ အဒေါ်တို့နှင့်အတူ တွေ့ရစဉ်  (ဓာတ်ပုံ − ညီညီဇော်)

သူတို့ရွာနှင့် အနီးဆုံးမြို့ဟူ၍ လပွတ္တာသာရှိပြီး ထိုမြို့ကို သွား မည်ဆိုလျှင် ရေကြောင်းခရီးဖြင့် တစ်ရက်အချိန်ပေးရသည်။ ရွာမှာလည်း ခနော်ခနဲ့ မူလတန်း ကျောင်းလေးသာရှိပြီး အလယ် တန်းကိုတော့ ရွာကနေ ရေလမ်း ခရီးဖြင့် တစ်နာရီကျော်ကျော် လောက် အချိန်ပေးမှရောက်သည့် ရွာတစ်ရွာတွင် သွားတက်ရသည် ဟု ဒေသခံတွေက ပြောပြသည်။ ထိုကဲ့သို့ ကျေးရွာမျိုးတွင် ကလေး ခြောက်ယောက်ကို ဘယ်လိုဘယ် ပုံ ကြီးပြင်းစေမည်နည်း စိတ်ပူ ကြသည်။ သိုင်းကုန်းတင်မက သေး။ နာဂစ်ပြီးနောက် ဧရာဝတီ တိုင်းဒေသကြီးထဲက ရွာတွေ ကောင်းကောင်းနာလန်မထူသေး။ ပဲ့ထောင်သမား ဦးကျော်၏ ပြော ပြချက်အရ ထိုဒေသတွေမှာ ဒုက္ခ တွေ ပင်လယ်ဝေနေဆဲဖြစ်သည်။

ညဘက်ရောက်တော့ ရာ အိမ်မှူး စီစဉ်ပေးသည့် အိမ်တစ် အိမ်တွင် အိပ်စက်ရသည်။ အိမ် ပိုင်ရှင် လင်မယားရယ်၊ သမီးလေးတစ်ယောက်ရယ်၊ အခြားဆွေမျိုးနီးစပ်သူ ဦးကြီးတစ်ယောက်ရယ် နေထိုင်ကြသည်။ အိမ်ရှင်အမျိုး သားက ကိုဒီဇင်ဘာဟု အမည်ရသည်။ ရာအိမ်မှူးနှင့် အခြားလူ တွေက နာဂစ်တုန်းက အဖြစ်အ ပျက်တွေ ပြန်ပြောပြသည်။ အလောင်းတွေ အပုံလိုက် မျက်စိထဲ မြင်သည်။ ကွယ်လွန်သူ ကိုစောပါပလု အကြောင်းလည်း ပြောပြသည်။

ကိုစောပါပလုက နာဂစ်ဖြစ် တုန်းက သူ့မိခင်ကြီးအသက်ကို ကယ်တင်ခဲ့ဖူးပါသတဲ့။ မိခင်ကြီး ကတော့ သူ့ကိုချန်ရစ်ခဲ့ဖို့ ပြော သော်လည်း ကိုစောပါပလုက တော့ ရအောင်ကယ်တင်ခဲ့ပါသ တဲ့။ ကိုစောပါပလု မိခင်ကြီးက တော့ စိတ်ညစ်သည့်အခါတိုင်း ‘‘နင်ကယ်ခဲ့လို့ ဒီလိုဒုက္ခတွေခံနေ ရတာ။ မဟုတ်ရင် နာဂစ်ကတည်း က သေခဲ့ရင်အေးပြီ’’ဟု သူ့သား ကို ပြောတတ်ပါသတဲ့။

ထိုညက သိုင်းကုန်းရွာလေး က ကိုဒီဇင်ဘာတို့အိမ်မှာ အိပ် စက်ခဲ့သည်။ ဘက်ထရီဖြင့် မှိန် တုတ်တုတ် အယ်လ်အီးဒီမီးလေး ကို တစ်ညလုံးထွန်းထားကြသည်။ ခုလို အဖြစ်ဆိုးမျိုးကြီး ရွာတွင် ဖြစ်ပွားခဲ့၍ မိန်းမဖြစ်သူက ည ဘက် ထိတ်လန့်သဖြင့် တစ်ညလုံး မီးထွန်းအိပ်ဖြစ်ကြောင်း၊ တစ်ရွာ လုံးမှာလည်း ချောက်ချားနေကြ ကြောင်း ကိုဒီဇင်ဘာက ပြောပြ သည်။ ထိုညက မိုးက တဝေါဝေါ ရွာသည်။ လေလည်းတိုက်သည်။ အညာသားတစ်ဦးအဖို့ အောက် ပြည်အောက်ရွာ မြစ်ဝကျွန်းပေါ် က လေတွေ၊ မိုးတွေ သည်းတဲ့ညကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ နာဂစ်တုန်းက ဒေသခံတွေ ဘယ် လောက်များ ကြောက်လိုက်ကြ မည်နည်း။ ခုချိန်ထိကော ထိုအကြောက်တရားက လွတ်မြောက် ခဲ့ပါပြီလား။ အဖြေထွက်မလာပါ။

နံနက် ၄ နာရီထိုးတော့ အိပ် ရာကထကာ မြစ်ဆိပ်ဆင်းသည်။ ကိုဒီဇင်ဘာ လိုက်ပို့သည်။ တစ် ရွာလုံး တိတ်ဆိတ်ကာ အိပ်မော ကျနေဆဲ။ မြစ်ဆိပ်ရောက်ပြီး တစ်အောင့်လောက်နေတော့ ဒေ သခံအခေါ် လိုင်းကောင်ဟုခေါ် သည့် ရေယာဉ်ကြီးတစ်စီး ထိုး ဆိုက်လာသည်။ ကိုဒီဇင်ဘာကို ကျေးဇူးတင်စကားပြောကာ နှုတ် ဆက်ခဲ့သည်။ သိုင်းကုန်းရွာလေး ကတော့ မှောင်နှင့်မည်းမည်းတွင် အိပ်မောကျကာ ကျန်ရစ်သည်။