The New York Times

အကြမ်းဖက်ခန့်မှန်းချက်အရဆိုရင် ဇန်န၀ါရီ ၅ ရက်က အမေရိကန်နိုင်ငံသား ၇၅,၀၀၀ လောက် အလုပ်က ထုတ်ပယ်ခံခဲ့ရတယ်။ ဒါမှမဟုတ် အလုပ်ပြုတ်သွားခဲ့ပါတယ်။ အဲဒီထဲက အလုပ်သမား တချို့ အလုပ်သစ်ပြန်ရှာတွေ့ကြပါလိမ့်မယ်။ ဒါပေမဲ့လည်း အများစုကတော့ ၀င်ငွေနည်းတဲ့ အလုပ်တွေဆီရောက်သွားကြပါလိမ့်မယ်။ တချို့ဆိုရင်တော့ လ ပေါင်းများစွာ (ဒါမှမဟုတ်) နှစ်နဲ့ ချီပြီးတော့ အလုပ်လက်မဲ့ဖြစ်နေ နိုင်ပါတယ်။

ဒါဟာ မင်းအတွက် ဆိုးရွားတယ်လို့ ထင်ရပြီး ဘယ်လိုစီးပွား ရေးဂယက်တွေ ရိုက်ခတ်သွားတာလဲလို့ မေးမယ်ဆိုရင်တော့ အဖြေက ဘယ်လိုစီးပွားရေးဂယက်မှ မရှိဘူးလို့ ဖြေရမှာပါ။ တကယ် တော့ ဇန်န၀ါရီ ၅ ရက်ဆိုတာ အလုပ်ဈေးကွက်မှာ ထူးခြားမှုမရှိတဲ့ ပုံမှန်နေ့တစ်နေ့ပါပဲ။

အမေရိကန်စီးပွားရေးဟာ အလွန်ကြီးမားပါတယ်။ လူပေါင်း ၁၄၅ သန်းကို အလုပ်ပေးထားတာပါ။ အမြဲတမ်းလည်း ပြောင်းလဲနေပါတယ်။ စက်မှုလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ ကြီးထွားလာတယ်။ ပြိုလဲသွားတယ်။ ရှုံးတဲ့သူတွေ၊ နိုင်တဲ့သူတွေဆိုတာ ရှိစမြဲပါ။ ရလဒ်ကတော့ အချိန်မပြတ်တရစပ် လည်ပတ်မှုပါ။

အလုပ်အကိုင်အများအပြားပဲ ပျောက်ကွယ်သွားသလို အလုပ်အကိုင်အသစ်၊ အသစ်တွေလည်း ထွက်ပေါ်လာနေပါတယ်။ ပျမ်းမျှ တစ်လချင်းစီမှာ မိမိသဘောထား မပါဘဲ အလုပ်နဲ့ လမ်းခွဲရမှုတွေ တစ်သန်းခွဲလောက်ရှိပါတယ်။  ဆိုတော့ အလုပ်လုပ်ရက်တစ်ရက်မှာ လူပေါင်း ၇၅,၀၀၀ လောက် အလုပ်ပြုတ်နေတယ်။ အဲဒါဟာ ကျွန်တော်အထက်မှာ ရေးပြခဲ့တဲ့ အရေအတွက်ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဘာဖြစ်လို့ ကျွန် တော်ဒီအကြောင်းကို ပြောပြနေတာပါလဲ။ မီးမောင်းထိုးပြချင်တာကတော့ စစ်မှန်တဲ့ စီးပွားရေးပေါ် လစီနဲ့မကြာသေးခင်ကာလအတွင်း မီဒီယာမှာ အရမ်းနေရာယူလာတဲ့ အတုအယောင်မူဝါဒကြားက ကွာဟမှုပဲဖြစ်ပါတယ်။

အမေရိကန်လို ကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတစ် နိုင်ငံမှာ စစ်မှန်တဲ့ စီးပွားရေးမူဝါဒဆိုတာ ငွေကြေးအမြောက်အ မြားပါဝင်ပတ်သက်ပြီး ကျယ်ပြန့်တဲ့ စီးပွားရေးနယ်ပယ်ကဏ္ဍတွေ ကို ထိခိုက်ပါတယ်။ ၀င်ငွေနည်းပါး၊ ၀င်ငွေအလယ်အလတ်မိသားစုတွေအတွက် အာမခံထားပေးတဲ့ ကန်ဒေါ်လာဘီလျံနဲ့ချီနေတာတွေကို ဖယ်ရှားပြီး လူပေါင်းသန်း ၃၀ လောက် အာမခံမရဖြစ်သွားတာမျိုး လုပ်ဆောင်တာဟာ အထက်မှာပြောတဲ့ အရေးယူမှုမျိုးပဲ ဖြစ်ပါတယ်။

အဲဒါနဲ့ နှိုင်းယှဉ်ပြီး တစ်ဖက်မှာ သတင်းအသိုင်းအ၀ိုင်းတချို့မှာ သီတင်းပတ်အနည်းငယ်လောက်က လွှမ်းမိုးခဲ့တဲ့ သတင်းကိုစဉ်းစားကြည့်ပါ။ အဲဒီခေတ်စားခဲ့တဲ့ သတင်းက Carrier ကုမ္ပဏီက အလုပ်အကိုင် ၈၀၀ လောက်ကို မက္ကဆီကိုနိုင်ငံရွှေ့ ပြောင်းမယ့် အစီအစဉ်ကို ဒေါ် နယ်ထရန့်က ကြားဝင်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ တချို့ကျွမ်းကျင်သူတွေကတော့ အလုပ်အကိုင် ၈၀၀ လောက်ကို ကယ်တင်လိုက်တယ်လို့ ဆိုတယ်။ တချို့လည်း ကုမ္ပဏီကတော့ အလုပ်သမားတွေနေရာမှာ စက်တွေနဲ့ အစားထိုးလိုက်မှာပေါ့လို့ ဆိုကြပါတယ်။ အကောင်းဆုံးလှည့်ပတ် ပြောဆိုတာတွေကို လက်ခံလိုက်တယ်ဆိုရင်တောင်မှ အဲဒီနေ့က ဒေါ်နယ်ထရန့်ကယ်တင်လိုက်တဲ့ အလုပ်နေရာတစ်ခုတိုင်းအတွက် တခြားရာနဲ့ချီတဲ့ အလုပ်သမား တွေ အလုပ်အကိုင်ဆုံးရှုံးသွားခဲ့တယ်ဆိုတာပါပဲ။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် Carrier ကိစ္စမှာ ကြားဝင်လိုက်ခြင်းအားဖြင့် ဒေါ်နယ်ထရန့်ဟာ တော်တော်လေးထိ ရောက်တာတစ်ခုကို လုပ်လိုက်တဲ့  ပုံစံပေါက်နေပါတယ်။ ဒါပေမဲ့ သူလုပ်တာ မဟုတ်ပါဘူး။ ဒါဟာ အတုအယောင်မူဝါဒပါ။ လူတွေဘ၀င်ခိုက်အောင် ရည်ရွယ်ထားတဲ့ ရှိုးပွဲတစ်ခု။ စစ်မှန်တဲ့ ရလဒ်တွေ အောင်မြင်ဖို့မဟုတ်ပါဘူး။

မီချီဂန်ပြည်နယ်မှာ ဖို့ဒ်ကား ကုမ္ပဏီက အလုပ်နေရာ ၇၀၀ ထပ်မံဖန်တီးပေးလိုက်တာကို ၀ိုင်းပြီး ဘေးတီးပေးကြတာလည်း အဲဒီလို အတုအယောင်မူဝါဒရှိုးပွဲပါပဲ။ အဲဒီလိုပဲ မက္ကဆီကိုနိုင်ငံမှာ ဂျီအမ်ကားကုမ္ပဏီက Chevy Cruze တွေထုတ်လုပ်နေတာကို အချက်အလက်နဲ့ စိန်ခေါ်ရှုတ်ချတဲ့ ဒေါ်နယ်ထရန့်ရဲ့ လုပ်ရပ်ဟာ ရှိုးတစ်ခုဖြစ်ပါတယ်။ (အဲဒီစက်ရုံဟာ နိုင်ငံ ခြားဈေးကွက်တွေအတွက် အဓိကထုတ်လုပ်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွက် မဟုတ်ပါ)

နောက်တက်လာမယ့် အစိုးရဟာ ဖို့ဒ်ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်နဲ့ တစ်နည်းနည်းပတ်သက်နေပါသလား။ နိုင်ငံရေးဖိအားပေးခြင်းဟာ ဂျီအမ်ရဲ့ မဟာဗျူဟာကို ပြောင်းလဲနိုင်ပါသလား။ မထူးခြားသ လောက်ပါပဲ။ ပြဿနာတစ်ခုချင်းစီမှာ အထက်ကနေ ၀င်ရောက်စွက်ဖက်တာဟာ ကန်ဒေါ်လာ ၁၉ ထရီလီယံရှိတဲ့ စီးပွားရေးအ ပေါ် ဘယ်တော့မှကြီးကြီးမားမား သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

ကဲ . . .အဲဒါဆိုရင် အဲဒီဇာတ်လမ်းတွေက ဘာဖြစ်လို့များ မီဒီယာအာရုံစိုက်မှုတွေ ဒီလောက်ရရှိနေပါသလဲ။

အတုအယောင်မူဝါဒတွေမှာ ပါဝင်ပတ်သက်ဖို့ နောက်တက်လာမယ့် အစိုးရရဲ့ မက်လုံးက ထင်ရှားပါတယ်။ အတုအယောင်မူဝါဒဟာ အတုအယောင်လူ ကြိုက်များမှုနဲ့ တန်းတူရည်တူဖြစ်လို့ပါပဲ။ ဒေါ်နယ်ထရန့်ဟာ လူဖြူ အလုပ်သမားလူတန်းစားမဲဆန္ဒ ရှင်တွေရဲ့ တစ်ခဲနက်ထောက်ခံမှု နဲ့ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တယ်။ ဒေါ်နယ်ထရန့်ဟာ သူတို့ဘက်မှာ ရှိတယ်လို့ အဲဒီလူဖြူတွေက ထင်တယ်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်ခြေကို ဘေးဖယ်ထားမယ်ဆိုရင်တောင် သူ့ရဲ့ စစ်မှန်တဲ့ မူဝါဒအစီအစဉ်ဟာ ခေတ်သစ် ရီပက်ဘလေကန်ဝါဒပါပဲ။ ဘီလျံနာတွေအတွက် အခွန်အတုပ်တွေ ရက်ရက်ရောရောလျှော့ချပေးမယ်။ အစိုးရရဲ့ ပြည်သူလူထုအစီအစဉ်တွေကိုတော့ ရက်ရက်စက်စက်လျှော့ချမယ်ဆိုတာပဲဖြစ်ပါတယ်။

ဆိုတော့ အလိမ်အညာဇာတ်လမ်းကို ဆက်လက်ရှင်သန်နေစေ ဖို့ မစ္စတာထရန့်တစ်ယောက် ဘာလုပ်နိုင်သလဲ။ အဖြေကတော့ အလုပ်တချို့ကို ကယ်တင်ချင် ယောင်ဆောင် ဟိုနားဒီနားသေး သေးမွှားမွှားဟန်ပြစွက်ဖက်ပေး ဖို့ပါပဲ။

လေးလေးနက်နက်ဆိုရင် တော့ ကြီးကျယ်တဲ့ နိုင်ငံတစ်ဝန်းမှာ အစက်အပြောက်လေးတွေပဲ ဖြစ်မှာပါ။ ဒါပေမဲ့လည်း ဒါဟာ လူထုဆက်ဆံရေးမဟာဗျူဟာ (PR)အတွက်တော့ အလုပ်ဖြစ်မှာပါ။ အနည်းဆုံး ခဏဖြစ်ဖြစ်ပါ။

အဲဒီလိုလှည့်ဖြားမှုမှာ ကော်ပိုရေးရှင်းတွေလည်း ပါဝင်နိုင်တယ်ဆိုတာ သိထားရပါမယ်။ သင်ဟာ အစိုးရသစ်နဲ့ ပနံသင့်ချင်တဲ့ စီအီးအိုတစ်ဦးဆိုပါစို့။ သင်လုပ်နိုင်တာ တစ်ခုက ထရန့်ရဲ့ ဟိုတယ်တွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေဆီကို သင့်စီးပွားရေးကို ဦးတည်ပေးလိုက်ဖို့ပါပဲ။ နောက်တစ်ခု သင်လုပ်နိုင်တာကတော့ ဒေါ်နယ်ထရန့်အကြိုက် ခေါင်းကြီးတွေ ကူညီဖန်တီးပေးဖို့ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို သတင်းမီဒီယာတွေနဲ့ ပူးပေါင်းကြံစည်မှု မပါဘဲ အလုပ်မဖြစ်ပါဘူး။ အတုအယောင်သတင်းတွေအကြောင်း ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ အဲဒါဟာကြီးမားတဲ့ ပြဿနာ ဖြစ်လာတာနဲ့အမျှ လေးစား လောက်ဖွယ် ပင်မရေစီးသတင်း တင်ပြမှုတွေအကြောင်း ပြောနေတာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့် က အလုပ်တွေကို ကယ်တင်လိုက်တယ်ဆိုပြီး ထပ်ကာထပ်ကာပြော နေတဲ့ ခေါင်းစီးတွေဟာ အဲဒီလိုပြောဆိုမှုတွေရဲ့ အတုအယောင် ပြစ်မှုကို မဖော်ပြဘဲနဲ့တော့ သတင်းစာပညာကို သစ္စာဖောက်တာဖြစ်ပါတယ်။ မှန်ပါတယ်။ အဲဒီလိုဘေးတီးပြီး လှော်ပေးကြတာ တွေကို ချေဖျက်ဖို့ စာပုဒ်တွေတော့ သတင်းတွေထဲပါတတ်ပါ တယ်။ ဒါပေမဲ့ စာဖတ်သူအများစုမဟုတ်တောင် အများအပြားက တော့ ခေါင်းစီးမှာ ရေးတာကို အ တည်ပြုမှုအဖြစ် ရယူသွားကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုဆိုးတာကတော့ အတုအယောင်မူဝါဒခေါင်းစီးတွေ များလွန်းပြီး စစ်မှန်တဲ့ မူဝါဒလုပ် ရပ်တွေကို ဖုံးကွယ်သွားမယ့် အ ရေးဖြစ်ပါတယ်။

Ref:The Age of Fake Policy By:Paul Krugman