ဦးသိန်းထွန်း၏သီးသန့် ကမ္ဘာထဲသို့ ဝင်ရောက်ရန် မြန်မာ့ထုံးစံအရ ဖိနပ်ချွတ်ပြီး ခြေဗလာဖြင့် သွားရမည်။ ခေတ်ကို နောက်ကြောင်း ပြန်သွားရမည်ဖြစ်သည်။ သူရုံး ထိုင်ရာ ရန်ကုန်မြို့လယ်ထွန်း ဖောင်ဒေးရှင်းဘဏ်ဒုတိယထပ်ရှိ သူ၏စားပွဲကနေ ထရပ်ကာ နွေး ထွေးသောအပြုံးကို ပြုံးပြသည်။ ပြည်တွင်းက မြန်မာအမျိုးသား အများစုကဲ့သို့ သူက မြန်မာဝတ်စုံကို ဝတ်ဆင်ထားသည်။ ခြေမျက်စိဖုံး လုံချည်နှင့် တိုက်ပုံအင်္ကျီမှာ
ပက်(ပ်)စီ ဦးသိန်းထွန်းဟု ပြည်တွင်း၌ လူသိများသော စီးပွားရေးလုပ်ငန်း ၁၇ မျိုးပိုင်ရှင် ဦးသိန်းထွန်း (ဓာတ်ပုံ - Minzayar Oo)

ဦးသိန်းထွန်း၏သီးသန့် ကမ္ဘာထဲသို့ ဝင်ရောက်ရန် မြန်မာ့ထုံးစံအရ ဖိနပ်ချွတ်ပြီး ခြေဗလာဖြင့် သွားရမည်။ ခေတ်ကို နောက်ကြောင်း ပြန်သွားရမည်ဖြစ်သည်။ သူရုံး ထိုင်ရာ ရန်ကုန်မြို့လယ်ထွန်း ဖောင်ဒေးရှင်းဘဏ်ဒုတိယထပ်ရှိ သူ၏စားပွဲကနေ ထရပ်ကာ နွေး ထွေးသောအပြုံးကို ပြုံးပြသည်။ ပြည်တွင်းက မြန်မာအမျိုးသား အများစုကဲ့သို့ သူက မြန်မာဝတ်စုံကို ဝတ်ဆင်ထားသည်။ ခြေမျက်စိဖုံး လုံချည်နှင့် တိုက်ပုံအင်္ကျီမှာ ကျေးလက်က ဆင်းရဲသော မိသားစုတစ်စုကနေ ဦးသိန်းထွန်းကြီး ပြင်းလာခဲ့ရသော ဗြိတိသျှကိုလိုနီ ခေတ်က ခေတ်စားခဲ့သည့် ဝတ်စုံ ဖြစ်သည်။ ပြင်ပအပူချိန်က ၃၇ ဒီဂရီဆဲလ်ဆီးရပ်စ်ရှိနေသော နေ့ မှာ သူ့ရုံးခန်းက လေအေးစက်မဖွင့် ထားသော်လည်း သူ့မျက်နှာက ချွေးပြန်နေပုံမရ။ 

သူ၏စားပွဲပေါ်က စာရွက်စာတမ်းများ၊ မှတ်တမ်းများ၊ ပုံများကြားမှာ လက်ပ်တော့ကွန်ပျူတာ နှစ်လုံးနှင့် သူပိုင်ဆိုင်သည့် မြန်မာတိုင်းမ်သတင်းစာများရှိ၏။ ရှေး ဟောင်းနဂါးပုံဗီရိုစင်ထဲမှာ သူထုတ်လုပ်သည့်ဘီယာ၊ ရေနှင့်ဝိုင် ပုလင်းများစီထားသည်။ ဘောင်သွင်းပြီး ပလတ်စတစ်အုပ်ထား သည့်ဓာတ်ပုံတစ်ပုံထဲတွင် သူတို့ ထွန်းဖောင်ဒေးရှင်းက ထောက်ပံ့ ပေးထားသည့်မိဘမဲ့ကလေးအုပ် စုကြီးနှင့် ဦးသိန်းထွန်းက ထိုင်နေ၏။ နောက်တစ်ပုံက ၂၀၁၃ အာဆီယံဘဏ်များကောင်စီအစည်းအ ဝေးမှာ သူက သဘာပတိလုပ်နေပုံ ဖြစ်သည်။ ကြမ်းပြင်ပေါ်မှာ နံရံကို မှီထောင်ထားသော ပန်းချီဆရာတစ်ဦးဆွဲထားသည့် သူစီစဉ်သော အပန်းဖြေကျွန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၏တစ်စိတ်တစ်ပိုင်းတစ် ခုဖြစ်သည့် လက်စွယ်အော်ကျွန်း ၏ပုံစံကြမ်းရှိသည်။ 

အသက်(၈၂)နှစ်အရွယ် ဦးသိန်းထွန်းသည် မြန်မာနိုင်ငံမှာ လူအလေးစားခံရဆုံးလုပ်ငန်းရှင်ကြီးများထဲက တစ်ဦးဖြစ်သည်။ သူ၏ကျယ်ပြန့်လှသော မိသားစု လုပ်ငန်းအင်ပါယာဖြစ်သည့် မြန်မာဂိုးလ်ဒင်းစတားအုပ်စု၏ဥက္ကဋ္ဌ အဖြစ် သူ့မှာ ရာထူးမျိုးစုံရှိသည်။ ကုန်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်စီမံခန့်ခွဲမှု၊ ငါးမွေးခြင်း၊ ရော်ဘာထုတ်လုပ်ခြင်းများအပါအဝင် စီးပွားရေးလုပ်ငန်း ၁၇ ခုမှာ ဝန်ထမ်း ၃,၀၀၀ အလုပ်လုပ်နေကြ၏။ 

သူသည် ကိုလိုနီစနစ် အဆုံးသတ်ပြီးနောက် မိရိုးဖလာလုပ်ငန်းကဏ္ဍမှာ လစ်ဟာနေသော ကွက်လပ်ကို ဘဏ်လုပ်ငန်း၊ အဆောက် အအုံဖွံ့ဖြိုးမှုလုပ်ငန်း၊ နောက်ဆုံး ပေါ်ဈေးကွက်မှာ ဈေးကွက်ချဲ့ဖို့ ကြိုးစားနေသော နိုင်ငံတကာတံ ဆိပ်များကို ဒေသခံလုပ်ငန်းခွဲအ ဖြစ် ပြန်လုပ်ခြင်း စသည်တို့ဖြင့် ဖြည့်ဆည်းခဲ့သည့် ပထမဆုံးစွန့်ဦး တီထွင်လုပ်ငန်းရှင်မျိုးဆက်၊ လုပ်ပိုင်ခွင့်ရသူတွေထဲက တစ်ဦးဖြစ်သည်။ 

ဦးသိန်းထွန်းသည် အချိုရည် နှင့် အဖျော်ယမကာများကို ပုလင်းသွတ်၊ ဖြန့်ဖြူးရောင်းချရန် နာမည် ကျော်ပက်(ပ်)စီနှင့် ကားလ်စ်ဘတ်ခ် ဘီယာတို့နှင့် ဖက်စပ်လုပ်ကိုင်ပြီး လုပ်ငန်းဝေစုများကို ပိုင်ဆိုင်သည့် လုပ်ငန်းကြီးကို ပိုင်ဆိုင်၏။ 

တကယ်တမ်းတွင် မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းက လူ ဟောင်းများကြားမှာ ၁၉၉၀ တုန်းက အမေရိကန်တံဆိပ်ဖြစ်သော ပက်(ပ်)စီအချိုရည်ကို မြန်မာပြည်သို့ ခေါ်သွင်းထုတ်လုပ်မှုကြောင့် သူ့ကို ပက်(ပ်)စီသိန်းထွန်းဟု သိနေကြဆဲဖြစ်၏။ နောက်ထပ် ခုနစ်နှစ်အကြာ အမေရိကန်၏စီးပွားရေး ပိတ်ဆို့မှုကြောင့် ပက်(ပ်)စီက မြန်မာပြည်ကနေ ထွက်ခွာရဖို့ဖြစ်လာ သည့်အခါ ထိုလုပ်ငန်းက သူ့ကို ကိုယ်ပိုင်အချိုရည်တံဆိပ်အဖြစ် စထုတ်ဖို့ လုံလောက်သည့် လုပ် ငန်းဆက်လုပ်ကိုင်ခွင့်နှင့် ဒေါ်လာ ၁၅ သန်းပေးခဲ့သည်။ 

‘‘ဈေးကွက်စီးပွားရေးအတွက် တိုင်းပြည်က တံခါးဖွင့်ပေးလိုက်တဲ့အခါ ကျွန်တော့်မှာ ရထားတဲ့အရာတွေအားလုံး ကျွန်တော် အသုံးပြုနိုင်ခဲ့တယ်’’ဟု သူက ဆိုသည်။ သူ့အသံက အပြင်ဘက်မှ ကားဟွန်းသံများနှင့် အပြိုင်ပြော နေရသည်။ 

သည်အရာများက ၂၀၁၁ တုန်းက ဖြစ်သည်။ စီးပွားရေး ခေတ်ကောင်းသည့် နှစ်များဖြစ်သည့် ၂၀၁၂ ကနေ ၂၀၁၄ အတွင်းမှာ သူ၏နှစ်စဉ်ဝင်ငွေက အမေရိ ကန်ဒေါ်လာ လေးသန်းမျှရှိခဲ့သည်ဟု ဦးသိန်းထွန်းက ခပ်လေးလေး မှန်မှန်ဖြင့် ခန့်မှန်းပြောကြား၏။ Forbes မဂ္ဂဇင်း၏နှစ်စဉ် ထုတ်ပြန်သည့် စာရင်းမှာ မြန်မာက တစ်ယောက်မျှ မပါခဲ့ဖူးသော်လည်း သူ၏များပြားလှသည့် ပိုင်ဆိုင်မှု များက သူ့ကို သန်းကြွယ်သူဌေး အဆင့်အထိ ရှိစေနိုင်သည်ဟု ဆို သည်။ 

အကယ်၍ စီးပွားရေးက ဆက်လက်ဖွံ့ဖြိုးမည်ဆိုလျှင် သူသည် သန်းကြွယ်သူဌေးအဆင့် ဖြစ်လာဖွယ်ရာရှိသည်။ သို့သော် စီးပွားရေးက မဖြစ်ခဲ့ပါ။ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ ထား) လူမျိုးများအပေါ် မြန်မာအ စိုးရက လူမျိုးရေး ရှင်းလင်းမှုများ လုပ်သည်ဟု နိုင်ငံတကာက စွပ်စွဲချက်များကြောင့် အနောက်နိုင်ငံက ခရီးသွားများက သူတို့၏ခရီးစဉ်များကို အတော်များများ ဖျက်သိမ်းခဲ့ကြသည်။ ယခုနှစ် ပထမသုံးလတွင် ဂျပန်၊ တရုတ်၊ ထိုင်း နှင့် တောင်ကိုရီးယားက ခရီးသွားများတိုးလာသော်လည်း နိုင်ငံတ ကာ ခရီးသွားစုစုပေါင်း ၉၂၀,၀၀၀ သာရှိခဲ့ပြီး ယခင်ကထက် ၃ ရာခိုင် နှုန်းကျဆင်းခဲ့သည်။ 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများမှာ ၂၀၁၅ အခြေအနေကို မမီသေးချေ။ ၂၀၁၄ ကထက်စာလျှင် အိမ်ရာမြေပိုင်ဆိုင်မှုများ က နေရာပေါ်လိုက်ပြီး ၁၀ ရာခိုင် နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ဦးသိန်းထွန်းက ပြော၏။ ထို့ကြောင့် သူအဆိုပြု ထားသော ရန်ကုန်ရုံးခန်းတာဝါကလည်း အရှိန်နှေးသွားခဲ့ရ၏။ 

ပြီးခဲ့သည့်နှစ် ဆောင်းဦးတွင် ပုဂံမှာ ကြယ်သုံးပွင့်ဟိုတယ်တစ်ခု ဆောက်လုပ်မှု ပြီးသွားပြီဖြစ်သ ဖြင့် ဖွင့်လှစ်ရန် သူ့မှာ တာဝန်ရှိ၏။ 

‘‘ကျွန်တော်တို့လတိုင်း ငွေ တွေ ရှုံးနေတယ်။ အခန်းလူရတာ က ၂၀ ကနေ ၃၀ ရာနှုန်းပဲ ရှိသေး တာ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပုံရိပ်ကို ကျွန်တော်တို့တည် ဆောက်ဖို့ လိုတယ်’’ဟု သက်ပြင်း ချရင်း ပြောသည်။ ရခိုင်အရေးကို ဖြေရှင်းနိုင်မှ ခရီးသွားကဏ္ဍတိုး တက်လာမည်ဟု သူက မှတ်ချက် ပြုသည်။ 

သူ၏လုပ်ငန်းများမှာ တွက် ခြေတောင်မကိုက်တော့ဟု သူက အတိုချုံးရှင်းပြ၏။ သူ၏ဟိုတယ် လုပ်ငန်းနှင့် ထုတ်ဝေရေးမှာ အရှုံး ပေါ်နေသည်။ လုပ်ငန်းနှစ်ခုကသာ အကျိုးအမြတ်ရနေသည်။ ငွေချေး သူ ၃၀,၀၀၀ ကို ချေးထားသည့် ထွန်းဖောင်ဒေးရှင်းအသေးစား ငွေချေးလုပ်ငန်းနှင့် ဘဏ်ခွဲ ၂၃ ခု၊ ဝန်ထမ်း ၈,၅၀၀၊ ငွေအပ်သူ ၄၀,၀၀၀၊ အပ်ငွေအမေရိကန်ဒေါ် လာသန်း ၁,၀၀၀ ခန့်ရှိ ထွန်း ဖောင်ဒေးရှင်းဘဏ်တို့ဖြစ်သည်။ အိမ်ရာမြေလုပ်ငန်း၊ ရော်ဘာနှင့် အချိုရည်လုပ်ငန်းတို့အပါအဝင် သူ၏တခြားစီးပွားရေးလုပ်ငန်း များမှာလည်း လုပ်သာလုပ်နေ သော်လည်း တိုးတက်မှုမရှိ။ နိုင်ငံ တကာ၏အရေးယူပိတ်ဆို့မှုများ ကို သူကြောက်ပါသလား။ 

‘‘ကျွန်တော်တို့စိတ်ပူသင့် တယ်။ ကျွန်တော်တို့လုပ်ငန်းတွေ၊ ကျွန်တော်တို့လူမျိုးတွေ ဒုက္ခတွေ့ လိမ့်မယ်။ အစိုးရက ဖြေရှင်းရ မယ်’’ဟု ဦးသိန်းထွန်းက ဆိုသည်။ မြန်မာလုပ်ငန်းရှင်သူဌေးအ များစုသည် တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်နေသော ဗိုလ်ချုပ် များနှင့် ဆက်သွယ်မှုကနေ ချမ်း သာလာပြီး လုပ်ငန်းအင်ပါယာ ထူထောင်ကြသည်။ သို့သော် သူ က အဆိုပါလူတန်းစားထဲမှာ မပါ ဝင်ဟု သူကပြော၏။ 

‘‘ကျွန်တော်က ခရိုနီမဟုတ် ဘူး။ ကျွန်တော်က ရိုးရိုးသမား’’

ထို့ပြင် သူက လာဘ်ပေးတာ ဘယ်တော့မှ မလုပ်၊ သူတို့ကို ပေးခဲ့တာကို ဝန်ခံသော်လည်း ပေးခဲ့တာမှန်သမျှ ပမာဏအများ ကြီးတော့မရှိခဲ့ဟုဆိုသည်။ သူ၏ နာမည်က အရေးယူပိတ်ဆို့မှုစာ ရင်းမှာလည်း တစ်ခါမှ မပါဝင်ခဲ့ ချေ။ လက်ရှိ နိုင်ငံ့ခေါင်းဆောင် များဖြစ်သော နိုင်ငံတော်၏အကြံ ပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် (သို့မဟုတ်) သမ္မတဦးဝင်းမြင့်နှင့်ပါ အဆက်အဆံမရှိဟု သူက ပြောသည်။ 

မေလနောက်ပိုင်းရက်တစ် ရက်တွင် အိန္ဒိယနိုင်ငံ ချနိုင်းခရီး စဉ်က ပြန်လာသော ဦးသိန်းထွန်း သည် သူ၏သတင်းစာအတွက် အလားအလာရှိသော အယ်ဒီတာ တစ်ဦးကို လူတွေ့မေးမြန်းဖို့ရှိ သည်။ သူ၏သတင်းစာမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရုံးများရှိ၏။ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် အပြင် အွန်လိုင်းနှင့်ပါ ထုတ်လုပ် သည်။ 

‘‘၂၀၁၄ မှာ ကျွန်တော်မိုက် မိုက်မဲမဲ တစ်ခုလုပ်ခဲ့မိတယ်။ မြန်မာတိုင်းမ်သတင်းစာကို ဝယ် ခဲ့တာပါ။ ကျွန်တော် ဒါကို ဝယ်ချင် လို့ကို ဝယ်ခဲ့တာ။ ဒါပေမဲ့ အဲဒါက ငွေမရဘူး’’ဟု သူက အားပါးတရ ရယ်ချလိုက်ရင်း ပြောပါသည်။ 

မြန်မာမှာ စီးပွားရေးလုပ်ရ သည်မှာ အလွန်ခက်ပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာကို စီးပွား ရေးလုပ်ရသည်မှာ အဆင်အပြေ ဆုံး နိုင်ငံစာရင်း၌ နံပါတ် (၁၇၁) မှာ စာရင်းသွင်းထားသည်။ (နယူးဇီ လန်နိုင်ငံက နံပါတ်(၁)မှာ ရှိပြီး စင်ကာပူက နံပါတ်(၂)မှာ ရှိသည်)။သူ၏ ကြီးမားများပြားလှ သော လုပ်ငန်းမျိုးစုံကို စီမံခန့်ခွဲရန် သူလုံးပန်း ကြိုးစားခဲ့ရသည်ဟု ဦးသိန်းထွန်းက ဝန်ခံ၏။ သတင်း စာက သူ၏အချိန်အတော်များများ ကို ယူထားသည်။ ရခိုင်အရေးနှင့် ပတ်သက်သည့် ခုခံကာကွယ်ရေး သားသော အာဘော်များကို ရေး သားထုတ်ဝေသောကြောင့်လည်း ဖြစ်နိုင်၏။ ထို့အပြင် သူ့ကုမ္ပဏီများ အတွက် မန်နေဂျာကောင်းကောင်း မရှာနိုင်သောကြောင့်လည်း ဖြစ် နိုင်သည်။ 

‘‘ဒီတိုင်းပြည်မှာ ရိုးသားပြီး အရည်အချင်းရှိတဲ့ သူရှာရတာ သိပ်ခက်တယ်’’ 

အသက်(၁၆)နှစ်အရွယ်တွင် ကျောင်းထွက်ခဲ့သည့် သူက မြန်မာ၏ညံ့ဖျင်းလှသော ပညာရေးစနစ် မှာ ပြဿနာအတော်များများအ တွက် အပြစ်တင်ရင်း သူက ညည်း လိုက်သည်။ 

နိုင်ငံခြားသားလုပ်ငန်းလက် တွဲသူများနှင့်ပတ်သက်ပြီး သူ့အ တွေ့အကြုံက မျိုးစုံဖြစ်၏။ ၂၀၁၃ တွင် Lotte-MGS အဖျော်ယမကာ လုပ်ငန်းတည်ထောင်ရန် သူ၏ ပက်(ပ်)စီနှင့် ပုပ္ပားရေသန့်၏ပိုင် ဆိုင်မှု ၇၀ ရာခိုင်နှုန်းကို ကိုရီးယားLotte အုပ်စုထံ ပျော်ပျော်ကြီး ရောင်းချခဲ့သည်။ အမေရိကန်ဒေါ် လာ ၁၁၄ သန်းတန်ဖိုးရှိသည်ဆို သည့်အဆိုပါလုပ်ငန်းက အမြတ်မရသေးပါ။ သို့သော်လည်း ကိုရီးယားကုမ္ပဏီဘက်က ဦးဆောင်ညွှန်ကြားရေးမှူး ဟာဘိုင်ဟွာက စိတ်ပူပုံမရ။ လုပ်ငန်းက အနာဂတ်မှာ တိုးတက်လာမည့်အနေအထား ရှိပြီး နှစ်စဉ် ဂဏန်းနှစ်လုံးခန့် တိုးတက်လာသည်ဟု ဆိုသည်။ နှစ်တွေကြာလေ တဖြည်းဖြည်း အမြတ်တိုးလာမည်ဟု မျှော်လင့်ထားသည်။ 

သို့သော် သူသည် တရုတ် နိုင်ငံနှင့် တွဲပြီး စီးပွားရေးထပ်လုပ် တော့မည်မဟုတ်ဟု ဦးသိန်းထွန်း က ပြောသည်။ 

‘‘ဘယ်တုန်းကမှ မကောင်း ဘူး’’

သူတို့ မြန်မာဂိုးလ်ဒင်းစတား ကုမ္ပဏီအတွက် တစ်နေ့ကို ပုလင်းနှစ်သိန်းထုတ်ပေးနိုင်သည်ဟု အာ မခံပေးသော တရုတ်ပီအီးတီကုမ္ပ ဏီက ထုတ်လုပ်ပေးသည့် စက် ခြောက်လုံးကို တစ်ခါက ဝယ်ခဲ့ဖူး သည်။ ထို့နောက် စက်က ပြော သည့်အတိုင်း ပုလင်းများစွာ မထုတ်လုပ်နိုင်သည့်အခါ ပြဿ နာအဖြေရှာဖို့ မြန်မာပြည်သို့ အဖွဲ့ တစ်ဖွဲ့စေလွှတ်ရန် သူက တရုတ်ကုမ္ပဏီထံ တောင်းဆိုခဲ့သည်။ 

‘‘အဲဒီစက်တွေက သူတို့ပြော တာရဲ့ တစ်ဝက်ပဲ ထုတ်လုပ်နိုင် တယ်။ သူတို့လည်း ဘယ်တော့မှ ပြန်မလာတော့ဘူး’’ဟု သူက ပြန် ပြောင်းပြောပြ၏။ 

သူ၏ဇနီးဖြစ်သူမှာ လွန်ခဲ့ သော ၂၅ နှစ်ကတည်းက ကွယ် လွန်သွားခဲ့သည်။ ထို့ကြောင့် သူ့ ရုံးကနေ မိနစ် ၂၀ ခန့် မောင်း ရသော တရုတ်နိုင်ငံ သံရုံးဘေးနား ကပ်လျက်က အိမ်မှာ သူတစ် ယောက်တည်းနေသည်။ ရန်ကုန် မှာ နေသည့်အခါ နံနက် ၅ နာရီမှာ နှိုးစက်က အသံပေးသည်။ သူ၏ နေ့စဉ် ငါးနာရီကြာ စာဖတ်ချိန် တစ်စိတ်တစ်ပိုင်းအဖြစ် နံနက် ၆ နာရီခွဲအထိ သတင်းစာအားလုံးကို ဖတ်သည်။ ထို့နောက် အကြီးတန်း မန်နေဂျာ ၁၂ ယောက်ပါသည့် အုပ်စုနှင့် ဖုန်းခေါ်အစည်းအဝေး လုပ်၏။ တစ်နေ့လုံး ဘဏ်က ရုံးခန်းမှာ (သို့မဟုတ်) မြန်မာဂိုးလ် ဒင်းစတားကုမ္ပဏီမှာ ရှိပြီးနောက် ည ၁၁ နာရီအထိ အလုပ်လုပ်ရန် အိမ်ကို ပြန်သည်။ ညဘက်ကို စွပ်ပြုတ်သာ စားပြီး အမြဲတမ်းရုံးသို့ နေ့လယ်စာထမင်းဘူးယူသည်။ 

‘‘ဝိုင်မပါဘူး။ ခြေလေး ချောင်းသားမပါဘူး။ သကြားမပါ ဘူး’’ဟု ခပ်တိုးတိုးရယ်ပြီး သူက ပြောသည်။ 

စားပွဲကြီးတစ်ခု၏အစွန်မှာ သူ့အတွင်းရေးမှူး မှာပေးသော အပြင်ကဝယ်သည့် နေ့လယ်စာ ဖြင့် ဧည့်ခံအပြီးမှာ ဧရာဝတီတိုင်း ဝါးခယ်မမြို့ကနေ လာခဲ့ရသော သူ၏ဘဝလမ်းကြောင်းကို ဦးသိန်း ထွန်းက ပြောပြ၏။ 

‘‘ကျွန်တော်က တက္ကသိုလ် မတက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန် တော် အရမ်းကြိုးစားခဲ့တယ်။ ငယ်တုန်းမှာ ကိုယ့်ကိုယ်ကိုယ် နှိပ် စက်ထားမှ။ နို့မို့ရင် ကြီးလာတဲ့ အခါ သူများတွေက ခင်ဗျားကို နှိပ် စက်လိမ့်မယ်။ ဒါက ကျွန်တော့် အယူအဆပဲ’’

သူ၏ပထမဆုံးကြိုးပမ်းအား ထုတ်မှုမှာ ဒေသခံလယ်သမားများ အကူအညီဖြင့် မြေပဲဆီထုတ်ပြီး ရောင်းချသည်ဟုဆိုသည်။ 

‘‘ကျွန်တော်က ငွေရရင် သုံး မျိုးစုတတ်တယ်။ မြေရယ်၊ ရှေး ဟောင်းပစ္စည်းရယ်၊ ရွှေဒင်္ဂါးပြား ရယ်’’

ယခုအခါ သူစီးပွားရေးလုပ် ငန်းရှင်ဘဝတွင် ရည်မှန်းချက်အ ကြီးမားဆုံး စီမံကိန်းဖြစ်သည့် ထိုင်းနယ်စပ်နားက အက်ဒမန်ပင်လယ်၊ မြန်မာတောင်ပိုင်းကမ်းရိုးတန်းက ဒိုမယ်လ်(လက်စွယ်အော်)ကျွန်း ပေါ်မှာ ဇိမ်ခံအပန်းဖြေစခန်းတစ်ခု ကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ထိုစီမံကိန်းအကြောင်း သရုပ်ဖော်ထားသည့် ဗီဒီယိုကို ဖွင့်ပြရင်း မြေဧက ၁,၄၀၀ ရှိသော ထိုကျွန်းကို အစိုးရဆီက သူဝယ် ထားသည်မှာ ၂ နှစ်ကြာပြီဖြစ် ကြောင်း၊ ယခု ထိုစီမံကိန်းကို ငွေ ကြေးပိုင်းဆိုင်ရာ ပံ့ပိုးရန် ပူးတွဲလုပ် ဆောင်သူများလိုအပ်နေကြောင်း ဦးသိန်းထွန်းက ရှင်းပြသည်။ 

အိန္ဒိယကနေ ပြန်လာခါစ ရှိသေးသော်လည်း နောက်တစ်နေ့ တွင် ထိုကျွန်းသို့ သူက သွားရောက် ဦးမည်ဖြစ်သည်။ ထိုကျွန်းတွင် ပုံစံ ပြသည့် အိမ်နှစ်လုံးဆောက်ထား ပြီး ဟိုတယ်နှင့် အပန်းဖြေအိမ် ၄၀၀ ဆောက်ရန် ဖိတ်ခေါ်မည်ဖြစ် သည်။ ဈေးနှုန်းမှာ အိပ်ခန်းသုံးခန်း ပါ အိမ်တစ်လုံးကို အမေရိကန် ဒေါ်လာ နှစ်သိန်းကနေ သုံးသိန်း အထိ စမည်ဖြစ်သည်။ သည်အိမ် ရာများကို ဈေးကွက်တင်ကြေညာ မှုအား အစောဆုံး နိုဝင်ဘာမှာ စတင်လုပ်ရန် ရှိပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် တရုတ်နိုင်ငံ တို့မှ လူကုံထံများကို ပစ်မှတ်ထား ရန် စီစဉ်ထားသည်။ 

‘‘ဒါ ကျွန်တော့်ဘဝရဲ့ နောက် ဆုံးစီမံကိန်းပါပဲ။ ဒါကတော့ အကျိုးအမြတ်ရလိမ့်မယ်လို့ ထင်ပါ တယ်’’

ကြားသိသမျှအရ အသက် (၈၀)ကျော် ဦးသိန်းထွန်းက ကုမ္ပ ဏီကို အဓိကထိန်းကျောင်းနေသူ ဖြစ်သည်ဆိုသည်။ သူ့ဆီမှာသာ လုပ်ငန်းနှင့်ပတ်သက်ပြီး ထိန်းချုပ် ထားမှုအကုန်ရှိနေသည်ဟု မိသား စုဝင်တွေက ပြောကြ၏။ 

သူ၏အကြီးဆုံးသား အသက်(၅၇)နှစ်အရွယ် ဦးသန့်ဇင်ထွန်းက မြန်မာဂိုးလ်ဒင်းစတား၏ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး အသက်(၅၅)နှစ်အ ရွယ် ဦးဦးထွန်းက စင်ကာပူကနေ ထွန်းထရေးဒင်းကို စီမံခန့်ခွဲသည်။ သူ၏သမီးရင်း ဒေါ်မာမာထွန်း (၅၆)နှစ်က သူ၏ခင်ပွန်းနှင့်အတူ မြန်မာအိုင်ဘီတီစီအုပ်စုကို လုပ် ကိုင်သည်။ 

‘‘ကျွန်တော့်အဖေက ကိုယ် တိုင်ကိုယ်ကျလုပ်တတ်တဲ့သူ။ သူ က ငွေရချင်လို့ သက်သက် ဒါတွေ ကို လုပ်နေတာမဟုတ်ဘူး။ စီးပွား ရေးလုပ်ရတာက သူ့ဝါသနာ။ သူ က ဒါလုပ်ရတာကို သဘောကျနေ တာ’’ဟု ဦးဦးထွန်းက ဖုန်းဖြင့် ရှင်း ပြသည်။ ဦးသန့်ဇင်ထွန်း၏သမီး ဖီရိုနာထွန်းကလည်း ‘‘ကျွန်မအဘိုး ကသာ ထိန်းထားတာ။ သူ့သဘော တူချက်မပါဘဲ ဘာမှ လုပ်လို့မရ ဘူး’’ဟု ဆိုသည်။ သူ့အဖေက စီး ပွားရေးသဘောတူညီချက်များ၏ နောက်ဆုံးအချောသပ်ကိုသာ အဓိကလုပ်ပေးရသည်ဟုလည်း ပြော၏။ ဦးသိန်းထွန်း၏စီးပွားရေး လုပ်ငန်းတွေထဲမှာ ပါဝင်လုပ်နေ သော သူ၏မိသားစုဝင်များတွင် မြေးသုံးဦးလည်း ပါဝင်သည်။ အား လုံးက အနောက်နိုင်ငံမှာ ဘွဲ့ရခဲ့ ပြီး အသက်(၂၀)ကျော်အရွယ်များ ဖြစ်ကြသည်။ ဖီရိုနာက မြန်မာ တိုင်းမ်မှာ၊ အယ်လဇဘက်ထွန်း က ဘဏ်မှာ၊ ဒင်နယယ်လ်ထွန်း က ကားလ်စ်ဘတ်ခ်ဘီယာမှာ အ ငယ်တန်းအမှုဆောင်အရာရှိများ အဖြစ် တာဝန်ယူဆောင်ရွက်နေ ကြသည်။ 

အသက်(၄)နှစ်အရွယ် မွေး စားသမီးလေး မြတ်ချယ်နှင့်အချိန် ပိုပေးရန် သူအငြိမ်းစားယူချင်ပြီ ဟု ဦးသိန်းထွန်းက ပြောသည်။ သူ၏လက်ကိုင်ဖုန်းထဲက မြတ် ချယ်၏ဓာတ်ပုံများကို လက်နှင့် ဆွဲကြည့်ရင်း သူက ပြုံးနေသည်။ ဆေးရုံနှစ်ရုံ၊ စာကြည့်တိုက်၊ မိဘ မဲ့ကလေး ၁၅၀ အတွက် နေအိမ် နှင့် ကျောင်းနေရေးကို ဆောင်ရွက် ပေးနေသော ထွန်းဖောင်ဒေးရှင်း ကိုလည်း သူက ပိုပြီး အလေးပေး လုပ်ချင်သည်။ 

‘‘ကျွန်မအဖေက တကယ့်ကို သဘောထားကြီးမြတ်တဲ့သူပါ’’ဟု အသက်(၃၄)နှစ်အရွယ် သမီးဖြစ် သူ ဒေါ်ကြည်ကြည်ခိုင်က ပြော သည်။ 

သူ့ကို ငယ်ငယ်လေးက တည်းကနေ ဦးသိန်းထွန်းက မွေးစားခဲ့ခြင်းဖြစ်သည်။ ရွာတစ်ရွာက ရေတွင်းလိုပြီဆိုလျှင် ရေတွင်းတူးရန် သူ့အဖေက အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးသည်ဟု ဒေါ်ကြည်ကြည်ခိုင်က ပြောပြသည်။ 

‘‘သူ့အတွက်တော့ အောင် မြင်မှုဆိုတာ မြန်မာပြည်က လူ ငယ်တိုင်းကို ကူညီသွားဖို့ပါပဲ’’ဟု ဒေါ်ကြည်ကြည်ခိုင်က ပြောသည်။ မြန်မာဂိုးလ်ဒင်းစတားမှာ အမှုဆောင်အရာရှိရာထူးကို ရထားပြီး ဦးသိန်းထွန်း တာဝန်ချပေးသည့် ပြဿနာများ ဖြေရှင်းပေးရသည့် နေရာမှာ ပါဝင်ဆောင်ရွက်သည် ဟုဆို၏။ 

‘‘သူနဲ့ အမီလိုက်ဖို့က ခက် တယ်။ သူကျေနပ်အောင် လုပ်ဖို့ ကလည်း ခက်တယ်။ ကျွန်မတော့ သူ တစ်သက်လုံး အငြိမ်းစားယူ မယ်လို့ မထင်ဘူး။ အလုပ်က သူ့ကိုသက်ဝင်လှုပ်ရှားနေအောင် လုပ် ထားတာ’’

(သြဂုတ်လထုတ် Forbes မဂ္ဂဇင်းပါ Myanmar Tycoon Thein Tun Faces Business Woes In Crisis-Torn Country ကိုလင်းလင်းက ဘာသာပြန်ဆိုသည်။)