(၁) ‘‘မနေ့ကပဲ ကားတစ်စီးစာ တရုတ်ကိုသွားကြတယ်။ ဒီမှာက အလုပ်မရှိဘူးလေ။ ရှိတဲ့အလုပ် ကျတော့လည်း ဝင်ငွေက ဖြစ်ဖြစ် မြောက်မြောက်မဟုတ်၊ မသေ မချာ၊ မရေမရာဆိုတော့ လူငယ် တွေက မလုပ်ချင်ကြတော့ဘူး။ စိတ်လည်း မဝင်စားကြတော့ဘူး။ ရေခြားမြေခြားဆိုတော့ အန္တရာယ်များနိုင်တာတော့ အမှန်ပဲ။ ဒါ့ထက်လည်း ပိုပြီးမရှာတတ်၊ မဖွေတတ်ကြတော့ တရုတ်ဘက် ဆိုလည်း တရုတ်လိုက်ထွက်ကြ၊ မလေးဆိုလည်း မလေးသွားလိုက် ကြ၊

(၁)

‘‘မနေ့ကပဲ ကားတစ်စီးစာ တရုတ်ကိုသွားကြတယ်။ ဒီမှာက အလုပ်မရှိဘူးလေ။ ရှိတဲ့အလုပ် ကျတော့လည်း ဝင်ငွေက ဖြစ်ဖြစ် မြောက်မြောက်မဟုတ်၊ မသေ မချာ၊ မရေမရာဆိုတော့ လူငယ် တွေက မလုပ်ချင်ကြတော့ဘူး။ စိတ်လည်း မဝင်စားကြတော့ဘူး။ ရေခြားမြေခြားဆိုတော့ အန္တရာယ်များနိုင်တာတော့ အမှန်ပဲ။ ဒါ့ထက်လည်း ပိုပြီးမရှာတတ်၊ မဖွေတတ်ကြတော့ တရုတ်ဘက် ဆိုလည်း တရုတ်လိုက်ထွက်ကြ၊ မလေးဆိုလည်း မလေးသွားလိုက် ကြ၊ ရွှေတောဆိုလည်း ရွှေတော တက်လိုက်ကြနဲ့ သံသရာလည် နေကြတာပါပဲ’’

ချင်းတွင်းမြစ်ရေဝင် ရွာတစ် ရွာမှ ဒေသခံအမျိုးသားကြီးတစ် ဦးက ပြောပြနေတာပါ။ ရွာရဲ့ အရှေ့ဘက်မှာက ချင်းတွင်းမြစ်၊ အနောက်ဘက်မှာက တောင်ကမူ ကျောက်ကုန်းကြောလေးတွေနဲ့ လယ်တစ်ဝက်၊ ကုန်းတစ်ဝက် လုပ်ကိုင်လည်ပတ်ကြတာပါ။ သိုး၊ ဝက်၊ နွား မိသားစုတစ်နိုင် တစ်ပိုင် မွေးကြတယ်။ မြစ်ရေကျ ချိန်မှာ ကိုင်းကျွန်းသီးနှံစိုက်တယ်။ ဖားရှာ၊ ငါးရှာ၊ မှိုရှာ၊ မျှစ်ရှာ၊ ထင်းခုတ်၊ ပျားဖွပ်နဲ့ အချိန်အခါ ရာသီကိုလိုက်ပြီး ကြုံရာကျပန်း အသက်မွေးဝမ်းကျောင်းရသူတွေ လည်းရှိပါတယ်။

အိမ်တွင်းမှုအနေနဲ့ တစ်ရွာ လုံးလိုလို သင်ဖျာရက်ကြပါ တယ်။ စီးပွားရေးလုပ်ငန်းကြီးတစ် ခုအနေနဲ့ အပြိုင်အဆိုင် နင်လား ငါလား အကြိတ်အနယ် ကြီးကြီး ကျယ်ကျယ် လုပ်ကြတာတော့ မဟုတ်ဘူးပေါ့။ အားတဲ့အချိန်၊ နားတဲ့အချိန် အိမ်မှာနေရင်း၊ စကားပြောရင်း၊ ကလေးထိန်း ရင်း၊ မီးဖိုချောင်ဝင်ရင်း အိမ်ရှင်မ တွေ၊ မိန်းမပျိုတွေ ရက်ကြတာ များပါတယ်။ ဆိုတော့ကာ အဲဒီ က ရလာတဲ့ ဝင်ငွေကလည်း မိသားစုနေမှု၊ ထိုင်မှုအပေါ် သိ သိသာသာ ဖြစ်ထွန်းမှု မရှိစေဘူး။

လူပျိုပေါက်အရွယ်ရောက် လာတဲ့ ယောက်ျားလေးတွေနဲ့ လူ လတ်ပိုင်းအမျိုးသားတွေက နယ် တကာရပ်တကာ အကြေအညာ ကို လှည့်လည်ပြီး သင်ဖျာတွေ ရောင်းချကြတယ်။ ဟိုခေတ်တုန်း ကတော့ လှေတစ်တန်၊ ကားတစ် တန်နဲ့ ခရီးဆက်ကာ ရောက်တဲ့ နေရာကနေပြီး ရွာရိုးကိုးပေါက် ခြေကျင်လျှောက်လျက် တစ်ရွာ ဝင်၊ တစ်ရွာထွက် ရောင်းချခဲ့ကြ တာလို့ ဆိုပါတယ်။ အခုခေတ်မှာ တရုတ်ဆိုင်ကယ်တွေနဲ့ ပတ်လို့ရ တာကြောင့် ပိုပြီး ခရီးတွင်တယ် လို့ပြောပြပါတယ်။ သို့သော် လည်း အားလုံးက မြို့နဲ့တိုက်ရိုက် အဆက်အသွယ် အရောင်းအဝယ် လုပ်နေကြတော့ နောက်ပိုင်းကာ လတွေမှာ အလုပ်မဖြစ်ကြတော့ ဘူးတဲ့။

(၂)

မြေရှိတယ်။ မြစ်ရှိတယ်။ ကုန်းရှိတယ်။ ရေရှိတယ်။ နွားနဲ့ လူနဲ့၊ လှည်းနဲ့လှေနဲ့ပဲ ဘိုးဘေးစဉ် ဆက် ရုန်းကန်ရပ်တည်ခဲ့ကြ တယ်။ စိုက်ပျိုးရေး မိရိုးဖလာ။ မွေးမြူရေး သမားရိုးကျ။ အိမ် တွင်းမှုလေးတွေက အေးတိအေး စက်။ လမ်းပန်းဆက်သွယ်ရေးက အပြင်ထွက်ဖို့၊ မြို့တက်ဖို့ အချိန် တွေအများကြီး ကြာခဲ့တော့ ရွာ ကလူတော်တော်များများက နဂို အတိုင်း ဒီအတိုင်း။  လျှပ်စစ်မီး ရတာတစ်ခုက ဖေးဖေးမမရှိနေလို့ တော်သေးတယ်။ အခုတော့ ဟို ရွာဒီရွာ စုပေါင်းစပ်ပေါင်းပြီး ကိုယ်ထူကိုယ်ထဆိုတဲ့ ဝေါဟာရ နဲ့ လမ်းတွေကို ဂျင်းမြေခင်းထား တယ်။ ရေကျော်တွေကို ကွန်က ရစ်ဖို့ထားတယ်။

ဆက်သွယ်ရေးတာဝါတိုင် တွေ ထိုးထိုးထောင်ထောင်နဲ့ ရောက်လာတယ်။ ဗီနိုင်းကြော်ငြာ တွေ အရောင်စုံ၊ ဒီဇိုင်းစုံ၊ နာမည် စုံက ခြံအမိုး၊ ခြံအကာ၊ အိမ် အမိုး၊ အိမ်အကာတွေမှာ နေရာ ယူကြတယ်။ ရယ်ဒီမိတ် (Ready made) စားသောက်ကုန်မျိုးစုံနဲ့ ကွာလတီ (Quality) ပေါပေါ လောလော လူသုံးကုန်ပစ္စည်းတွေ က ဘယ်အိမ်မှာမှ မကင်းကြ တော့ဘူး။ ပိုဆိုးတာက ကျန်းမာ ရေးနဲ့ ကိုယ်ခံအားကို ချက်ချင်း လက်ငင်း ထိပါးစေတဲ့ အချိုရည်၊ မုန့်ပဲသရေစာ၊ အရက်၊ ဘီယာ၊ ဝီစကီအဖြာဖြာက ဆယ့်နှစ်ရာသီ စိုးရိမ်အမှတ်ဖြစ်လာခဲ့တယ်။

သူတို့ရွာပတ်ဝန်းကျင်မှာ စက်မှုလယ်ယာဆိုတာ ဖြစ်မလာ ဘူး။ စိုက်ပျိုးရေးထုတ်ကုန်တွေ ဆန်းသစ်မလာဘူး။ ဈေးကွက်နဲ့ ခိုင်ခိုင်မာမာ မချိတ်ဆက်နိုင်ဘူး။ အိမ်တွင်းမှုအဆင့်ကနေ ဒေသ ထွက်ကုန် လုပ်ငန်းစက်ရုံအနေ အထားအထိ အကောင်အထည် မဖော်နိုင်ကြဘူး။ အဲဒီလိုဖြစ်ဖို့ကို အခြေအနေလည်း မပေးဘူး။ အကြံဉာဏ် အထောက်အပံ့မရ ဖူးဘူး။ အရင်းအနှီးအကူအညီ မရဖူးဘူး။ ဒီလိုနဲ့ ရွာကလေးက သိသိသာသာ ပြောင်းလဲတိုးတက် မှု ဘာမှဖြစ်မလာဘူး။

သွားရေးလာရေး၊ စီးပွား ရေးနဲ့ အကြောင်းအမျိုးမျိုးတွေ ကြောင့် ရွာက ကလေးတွေရဲ့ ပညာသင်ကြားမှုမှာ မူလတန်းနဲ့ ကျောင်းထွက်ကြတယ်။ အလယ် တန်းနဲ့ ကျောင်းရပ်ကြတယ်။ အထက်တန်းအထိ ဆက်ပြီး မတက်ကြတော့ဘူး။ ဒီလိုနဲ့ ပညာရေးတစ်ပိုင်းတစ်စ လုပ် သားအင်အားက ရွာထဲမှာ ဖြည်း ဖြည်းချင်း သိသိသာသာ များပြား လာတယ်။ အဲဒီ ငယ်ရွယ်နုပျိုတဲ့ လုပ်သားအင်အားတွေက ရွာ အတိုင်းအတာအရ လုပ်စရာမရှိ တော့တဲ့အခါ စောစောက ပြောခဲ့ သလို တစ်နယ်တခြားကို ရောက် ကုန်တော့တာပါပဲ။

(၃)

မော်တော်ဆိုင်ကယ်လေး တွေ၊ ထော်လာဂျီလေးတွေ၊ ရေ တင်ရေသွင်းအင်ဂျင်စက်ကလေး တွေ မောင်းနှင်လည်ပတ်ဖို့ အတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အင် ဂျင်ဝိုင်တွေ ဖြည့်တင်းကြရတယ်။ ဒေါ်လာဈေးက ပိုပိုပြီးတက်၊ မြန် မာငွေတန်ဖိုးက ပိုပိုပြီးကျလာ တော့ သူတို့လိုချင်တဲ့ စက်သုံးဆီ ပမာဏအတွက် သူတို့ပေးကြရ တဲ့ ငွေကျပ်အရေအတွက်က သိ သိသာသာ များပြားလာတယ်။ မသုံး၍မဖြစ်တဲ့ မြေဆီမြေသြဇာ ဈေးနှုန်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့ ကုသမှုကုန်ကျစရိတ်၊ ဘိလပ်မြေ၊ သွပ်၊ သံ၊ စတီးစတဲ့  အိမ်ဆောက်ပစ္စည်း ဝယ်ယူပေး ချေရမှုတွေအထိ ဒေါ်လာနဲ့ပတ် သက်နေတယ်ဆိုတာ ပိုပိုပြီး ကြားကြားလာကြရတယ်။

ဝင်ငွေကို မည်မည်ရရ မဖော်ပြနိုင်တဲ့ သူတို့ရဲ့ မျက် မှောက်လူနေမှုဖြစ်စဉ်မှာ မြန်မာ ငွေတန်ဖိုး ကျဆင်းတာက သူတို့ ရဲ့ ဝယ်ယူနိုင်စွမ်းကို ကြီးကြီးမား မား ထိပါးနစ်နာစေပါတယ်။ ပြန် လည်ပြီး ခုခံဖို့မပြောနဲ့။ ရှောင် ရှားကျော်လွှားဖို့တောင် မစဉ်းစား တတ်ကြပါဘူး။ ရှိနေတဲ့ လယ် ယာချောင်းမြေတွေနဲ့ လူသား အရင်းအမြစ်တွေ၊ လက်မှုပညာ လုပ်ငန်းလေးတွေကို နည်းပညာ တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မပေါင်း စပ်နိုင်ကြဘူး။

ကျေးလက်တောရွာများရဲ့ လုပ်သားအင်အားတွေ ရေခြား မြေခြားသို့ အစုလိုက်အပြုံလိုက် ထွက်ခွာရွှေ့ပြောင်းမှု (Out- migration) ဟာ အဲဒီကျေးလက် တောရွာများအတွက်ရော တိုင်း ပြည်အတွက်ပါ သက်ရောက်မှု များစွာ ရှိစေပါတယ်။ ကျေးလက် တောရွာများရှိ မဖြစ်ညစ်ကျယ် လက်ငုတ်လက်ရင်း လုပ်ငန်းတွေ အတွက် အလုပ်သမားရှားပါးမှု အခက်အခဲကို ပေါ်ပေါက်စေပါ တယ်။ ဒီလိုနဲ့ မတွင်ကျယ်၊ မဖွံ့ ဖြိုးမှုက ချာချာလည်နေပါတော့ တယ်။

စီမံအုပ်ချုပ်မှုနဲ့ ဦးစီးဌာန ကွင်းဆင်း ကြီးကြပ်ရသူတွေ၊ ဒေသခံ မဲဆန္ဒရှင်တွေကိုယ်စား နိုင်ငံရေးမှာ နေရာတာဝန်တစ်ခု ယူထားသူတွေ၊ အဘက်ဘက်က ပညာရှင်တွေ စဉ်းစဉ်းစားစား တွေးတွေးခေါ်ခေါ် အနာဂတ် အတွက် အမြော်အမြင်ရှိရှိ ထိထိ မိမိ ကြံဆကြိုးပမ်း ဆောင်ရွက် နိုင်မှသာလျှင် တစ်ရွာလုံး၊ တစ် ဒေသလုံး နိုင်ငံခြားကို လိုက်မီမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်သရွေ့ ကာလပတ်လုံး သူများတိုင်းပြည်၊ သူများနိုင်ငံမှာ အောက်ခြေ အလုပ်သမားတွေအဖြစ် ရွေ့လျားသွားလာ နေကြရဦးမှာ မဟုတ်ပါလား။   ။

(ဆောင်းပါးရှင် လွင်ချန်ဖြိုးသည် လူမှုရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)