ကိုယ်ဝန်ဆောင် ရုရှား အမျိုးသမီး တစ်ဦးသည် ပင်လယ်နီ ကမ်းခြေတွင် ရေဆင်းကူးရင်း မီးဖွားခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင် ရုရှား အမျိုးသမီး တစ်ဦးသည် ပင်လယ်နီ ကမ်းခြေတွင် ရေဆင်းကူးရင်း မီးဖွားခဲ့ကြောင်း သိရသည်။


မတ်လ ၁၀ ရက်က ဖွားမြင်ခဲ့သည့် ကလေးငယ်နှင့် ယင်း၏ မိသားစုဝင်များ ကမ်းစပ်တွင် ဗျာများနေသည့် ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်လာသည့်နောက် လူအများက စိတ်ဝင်တစား ဝေငှခဲ့ကြသည်။

အီဂျစ်နိုင်ငံ၊ ဒါဟက်ဘ်ရှိ ပင်လယ်နီ ကမ်းခြေတွင် အမျိုးသမီးနှင့် မိသားစုဝင်များ ရေဆင်းကူးနေရင်း ကလေးမီးဖွားခဲ့ခြင်းဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ မီးဖွားမှုကို အမျိုးသမီး၏ ခင်ပွန်းဖြစ်သူနှင့် ကမ်းခြေတွင် ရှိနေသည့် ဆရာဝန် တစ်ဦးက ကူညီပေးခဲ့ကြသည်။ မိခင်ဖြစ်လာသည့် အမျိုးသမီးသည် ကလေးငယ်ကို သဘာဝအတိုင်း ဖွားမြင်ခဲ့ပြီး နီတာရဲ ကလေးငယ်လေးကို တွေ့မြင်ရချိန်၌ ဝမ်းသာအံ့ဩရင်း တုန်လှုပ်နေဟန် တွေ့ရသည်။

ယင်းဓာတ်ပုံများကို ဟာဒီယာ ဟိုစ်နီ အယ်လ်ဆာ့ဒ် အမည်ရှိ အမျိုးသမီးက အင်တာနက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံများကို ဟာဒီယာ၏ ဦးလေးက ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

ဟာဒီယာက အမျိုးသမီးသည် ရေကူးရင်း မီးဖွားချင်လာသည့်နောက် အနီးတွင် ရှိနေသည့် ဆရာဝန်၏ အကြံပေးချက်အရ ပင်လယ်ကမ်းစပ်တွင်ပင် လိုအပ်သော လှုပ်ရှားမှုများ ပြုလုပ်ပြီး ကလေးမွေးခဲ့ခြင်းဟု ဆိုသည်။ ထို့အပြင် မီးဖွားပြီးချိန်၌လည်း အမျိုးသမီးသည် မတ်တပ်ရပ် လမ်းလျှောက်နိုင်နေသည်ကို တွေ့ရသည်။

Water Birthခေါ် ကလေးမွေးသည့် နည်းလမ်းတစ်ခုတွင် ရေထုကို အသုံးပြုခြင်းဖြင့် ကလေးမိခင်များ၏ နာကျင်မှု ဝေဒနာကို လျော့ပါးစေကြောင်း ပညာရှင်များက ယူဆကြသည်။ ထို့အပြင် ကလေးငယ်သည် အပြင်လောကသို့ ရောက်ရောက်ချင်း ရေဖြင့် ထိတွေ့ခြင်းက မိခင်ဝမ်းတွင်း၌ ကိုးလကြာ ၎င်းနေထိုင်ခဲ့ရသည့် ပတ်ဝန်းကျင်နှင့် ပိုမိုတူညီသည့် ကောင်းကျိုးလည်း ရှိနိုင်ကြောင်း သိရသည်။

ဟာဒီယာ တင်ထားသည့် ဓာတ်ပုံများတွင် အသက်ကြီးဟန်ရှိသည့် အမျိုးသားကြီး တစ်ဦးက ချက်ကြိုးတန်းလန်းနှင့် ကလေးငယ်ကို ပွေ့ချီ ခေါ်ဆောင်လာပြီး ယင်းသည် ဆရာဝန်ဖြစ်ကြောင်း ဟာဒီယာက ရေးသားထားသည်။ မိခင်ဖြစ်သူမှာ သတ်မှတ်မွေးရက် မတိုင်မီ အီဂျစ်၌ လာရောက် အပန်းဖြေနေခြင်းဖြစ်ရာ ကလေးသည် လမစေ့ဘဲ မွေးဖွားခဲ့ခြင်းဟု ယူဆရကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Ref: Sky News