ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုက အတည်ပြု ကြေညာခဲ့ပါတယ်။

 
ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုက အတည်ပြု ကြေညာခဲ့ပါတယ်။
 


သီအိုရီ အခြေပြု ရူပဗေဒ ပညာရှင် တစ်ဦးဖြစ်ပြီး စကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့ သုတေသီ တစ်ဦး အနေနဲ့လည်း တစ်ကမ္ဘာလုံးက လေးစားခြင်းကို ခံရတဲ့ ဗြိတိန်နိုင်ငံသားဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိနေပါပြီ။
 
ဟော့ကင်းဟာ နက္ခတ်ဗေဒပညာ၊ သင်္ချာပညာနဲ့ တခြားသော သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ် အများအပြားကိုလည်း ရေးသားခဲ့ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံးဖြစ်တဲ့ A Brief History of Timeဟာ ကမ္ဘာတလွှားမှာ အုပ်ရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။
 
ဟော့ကင်းဟာ အာရုံကြောတွေ ဆုတ်ယုတ်ပျက်စီးတဲ့ ရှားပါး ရောဂါတစ်မျိုး စွဲကပ် ခံစားလာရတာကြောင့် ဘဝရဲ့ အချိန်ကာလ အများစုကို ဘီးတပ် ကုလားထိုင်ပေါ်မှာသာ ဖြတ်သန်း အချိန်ကုန်ခဲ့ရပါတယ်။ လက်ချောင်းတွေရဲ့ လှုပ်ရှားမှုကို ဘာသာပြန်ဆိုပေးတဲ့ စက်ကိရိယာတွေရဲ့ အကူအညီကြောင့် ဟော့ကင်းဟာ လူတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်ခဲ့တာပါ။
 
သူ့အသက် ၂၁ နှစ်မှာ ရောဂါ စပေါ်လာပြီး ဆရာဝန်တွေက နှစ်အနည်းငယ်လောက်သာ အသက်ရှင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဟော့ကင်းဟာ အသက် ၇၆ နှစ်အထိ နေထိုင်သွားပြီး သိပ္ပံပညာ တိုးတက်ရေးအတွက် အရေးပါတဲ့ အချက်အလက် အများအပြားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
 
ဟော့ကင်းနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ ရိုဂျာပန်ရို့စ်တို့ဟာ အဲလ်ဘတ် အိုင်းစတိုင်းရဲ့ သီအိုရီတွေကို ပေါင်းစည်းပြီး အချိန်၊ နေရာနဲ့ Big Bang ဖြစ်စဉ် ဆက်စပ်မှုတွေကိုလည်း သီအိုရီထုတ်ခဲ့ပါတယ်။
 
ဟော့ကင်းဟာ အိမ်ထောင်နှစ်ဆက် ကျခဲ့ဖူးပြီး သားသမီး သုံးဦး ရှိပါတယ်။ ရောဂါဆိုးကြီး စွဲကပ် ခံစားခဲ့ရပေမယ့် သူ့ဘဝ တလျှောက်လုံး သာမန်လူတွေနဲ့ မခြားဘူးဆိုတဲ့ ခံယူချက်မျိုးနဲ့ ရှင်သန်နေထိုင်ဖို့ ကြိုးစားခဲ့ကြောင်းလည်း ဟော့ကင်းက ပြောဆိုဖူးပါတယ်။