နှစ်တစ်နှစ်ရဲ့ အကြီးကျယ်ဆုံး နည်းပညာ ပြပွဲကြီးအဖြစ် ညွှန်းဆိုခံရလေ့ရှိတဲ့ သုံးစွဲသူ အီလက်ထရောနစ် နည်းပညာပြပွဲ (CES 2017)ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အဲဒီပြပွဲကြီးမှာ ကုမ္ပဏီပေါင်း များစွာက ဈေးကွက်ထဲ တင်ပို့မယ့် ရောင်းတမ်းဝင် အဆင့်ရော၊ စမ်းသပ် အဆင့်မြှင့်တင်ဆဲ Prototypeအဆင့်ပါ နည်းပညာ ထုတ်ကုန် အမျိုးမျိုးကို ခင်းကျင်း ပြသခဲ့ပါတယ်။ CES 2017မှာ ပြသသွားတဲ့ အမျိုးမျိုးသော နည်းပညာသစ် ထုတ်ကုန် ပစ္စည်းတွေထဲကမှ စိတ်ဝင်စားစရာ ၇ မျိုးကို ရွေးထုတ် ဖော်ပြလိုက်ပါတယ်။  

နှစ်တစ်နှစ်ရဲ့ အကြီးကျယ်ဆုံး နည်းပညာ ပြပွဲကြီးအဖြစ် ညွှန်းဆိုခံရလေ့ရှိတဲ့ သုံးစွဲသူ အီလက်ထရောနစ် နည်းပညာပြပွဲ (CES 2017)ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အဲဒီပြပွဲကြီးမှာ ကုမ္ပဏီပေါင်း များစွာက ဈေးကွက်ထဲ တင်ပို့မယ့် ရောင်းတမ်းဝင် အဆင့်ရော၊ စမ်းသပ် အဆင့်မြှင့်တင်ဆဲ Prototypeအဆင့်ပါ နည်းပညာ ထုတ်ကုန် အမျိုးမျိုးကို ခင်းကျင်း ပြသခဲ့ပါတယ်။ CES 2017မှာ ပြသသွားတဲ့ အမျိုးမျိုးသော နည်းပညာသစ် ထုတ်ကုန် ပစ္စည်းတွေထဲကမှ စိတ်ဝင်စားစရာ ၇ မျိုးကို ရွေးထုတ် ဖော်ပြလိုက်ပါတယ်။
 

LGရဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ TV

ဒီနှစ် CES 2017မှာ Sony၊ LGနဲ့ Samsungတို့လို ကုမ္ပဏီတွေဟာ အထင်ကြီးလောက်စရာ TV အမျိုးအစားသစ်တွေကို မိတ်ဆက် ပြသခဲ့ပါတယ်။ အဲဒီထဲမှာမှ LGရဲ့ W7ကတော့ လူကြိုက်အများဆုံး ဖြစ်ခဲ့တယ်။ Prototype အဆင့်မှာပဲ ရှိသေးတဲ့ W7ရဲ့ မျက်နှာပြင်ဟာ ၄၀ ရာခိုင်နှုန်းလောက် အလင်းပေါက်တယ်လို့ LGက ပြောပါတယ်။ ၅၅ လက်မ အကျယ်ထိ အရွယ်အစား အစုံအလင်ရှိတဲ့ OLED Screenက ၂.၅ မီလီမီတာသာ ထူတာကလည်း အံ့ဩစရာ တည်ဆောက်မှုမျိုးပါ။ ပုံရိပ်ဖော် အရည်အသွေး အမြင့်ဆုံး ရှိနေတဲ့အပြင် နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ Dolby Atoms အသံဘားကို သီးခြား ဖြည့်စွက်ထားတာကြောင့် မြင်လိုက်တာနဲ့ စွဲမက်သွားစေမယ့် ဖန်တီးမှုမျိုးလို့ ညွှန်းရမှာ ဖြစ်ပါတယ်။
 

အလိုအလျောက် ဟန်ချက်ထိန်းနိုင်တဲ့ ဆိုင်ကယ်

Hondaက မောင်းနှင်မှု အထောက်အပံ့ နည်းပညာသစ် ပါရှိတဲ့ ဆိုင်ကယ် တစ်မျိုးကို CES 2017မှာ ပွဲထုတ်လာပါတယ်။ ဒီဆိုင်ကယ်ဟာ တစ်နာရီ ၃ မိုင်အောက်ထိ မြန်နှုန်း လျှော့ချထားတဲ့ အခြေအနေမှာ လဲကျမသွားအောင် ဟန်ချက်ကို အလိုလို ထိန်းညှိပေးနိုင်စွမ်း ရှိတယ်။ မီးပွိုင့်မိလို့ တရွေ့ရွေ့ ရှေ့တိုးနေရတဲ့ အခြေအနေမျိုးမှာ အကောင်းဆုံး အထောက်အကူ ဖြစ်စေမယ့် နည်းပညာ တစ်မျိုးလို့ Hondaက ပြောပါတယ်။ ဒီဆိုင်ကယ်ဟာ လတ်တလောမှာတော့ မွမ်းမံ အဆင့်မြှင့်နေဆဲ Concept အဆင့်မှာပဲ ရှိနေတုန်းပါ။ ဈေးကွက်ထဲ ရောက်လာရင်တော့ တကယ့်ကို အဆင်ပြေ အသုံးဝင်မယ့် ထုတ်ကုန်တစ်ခုလို့ ထောက်ခံရပါလိမ့်မယ်။
 


Samsungရဲ့ Tablet အသစ်
Samsungဟာ Chrome OSကို အသုံးပြုထားတဲ့ Tabletအသစ် တစ်မျိုးကို CES 2017မှာ မိတ်ဆက်သွားခဲ့ပါတယ်။ Samsungရဲ့ Chromebook Plusဟာ ၁၂.၃ လက်မအရွယ် Touchscreen Display ပါရှိပြီး တွဲဖက်ပေးထားတဲ့ S-Pen ကညစ်တံကိုပါ အသုံးပြုနိုင်မယ့် Tablet တစ်မျိုးဖြစ်ပါတယ်။ ဒီTabletရဲ့ စွမ်းဆောင်ရည်ပိုင်း အားဖြည့်မှုက အထင်ကြီးလောက်စရာပါပဲ။ Processor အနေနဲ့ 2.0GHz hexa-core Chipကို သုံးထားပြီး Screenရဲ့ ပုံဖော်မှု အရည်အသွေးကလည်း Quad HDအဆင့် Resolutionကို ရရှိစေပါတယ်။ Chrome OSအပြင် Android OSအတွက်ပါ အသုံးပြုနိုင်ပြီး ဖေဖော်ဝါရီ လဆန်းမှာ ဈေးကွက်ထဲ စရောင်းမယ်လို့ တောင်ကိုရီးယား ကုမ္ပဏီက ကြေညာထားပါတယ်။
 

Asusရဲ့ အကောင်းဆုံး စမတ်ဖုန်း

Zenfone ARဟာ CES 2017မှာ စိတ်ဝင်စားစရာ အကောင်းဆုံး စမတ်ဖုန်းအသစ်လို့ ညွှန်းရမယ့် အခြေအနေ ရှိပါတယ်။ Asusက ဒီအဆင့်မြင့် စမတ်ဖုန်းကို ဘက်ပေါင်းစုံက ထောင့်စေ့အောင် စဉ်းစားပြီး ဖန်တီး တည်ဆောက်ထားဟန် ရှိတယ်။ Android OSကို အသုံးပြုပြီး Googleရဲ့ Tango Augmented Reality နည်းပညာကို ထည့်သွင်း ပေါင်းစပ်ထားတဲ့ဖုန်းဟာ အံ့ဩဘနန်း စွမ်းဆောင်ရည် အခြေပြု တည်ဆောက်မှုမျိုး ပါရှိနေပါတယ်။ ၅.၇ လက်မအရွယ် Touchscreenက 2560x1440 Resolution ထောက်ပံ့နိုင်တဲ့ Super AMOLED အမျိုးအစား Displayပါ။ အားအကောင်းဆုံး Snapdragon 821 Processorကို အသုံးပြုပြီး RAM ပမာဏ 8GBနဲ့ ထောက်ပံ့ထားတယ်။ ရွေ့လျားမှုရော၊ ငြိမ်သက်မှုကိုပါ အသင့်တော်ဆုံး အာရုံခံ ထောက်လှမ်း ရိုက်ကူးနိုင်တဲ့ 23 megapixel ကင်မရာလည်း ပါရှိနေပါသေးတယ်။

 

Dellရဲ့ နှစ်မျိုးသုံး Laptop အသစ်

Laptopတွေ တည်ဆောက်မှု အပိုင်းမှာ Dellက နာမည်ကောင်းနဲ့ ရပ်တည်ခဲ့တာ ကြာပါပြီ။ ဒီအစဉ်အလာကို CES 2017မှာလည်း ဆက်ထိန်းသွားခဲ့တယ်။ XPS 13 အသစ်ဟာ Laptop အနေနဲ့ရော၊ Tablet အဖြစ်ပါ နှစ်မျိုးစလုံး ကောင်းကောင်း အသုံးဝင်ပါတယ်။ ပါးလွှာကျစ်လစ်ပြီး ၁၃ လက်မအရွယ် IGZO Screenကို တပ်ဆင်ထားသလို Windows Helloကို အရန်သင့် အသုံးပြုနိုင်မယ့် အခြေအနေနဲ့ ထည့်သွင်းပေးထားတယ်။ Thunderbolt စီးရီး Expansion Driveနဲ့ တခြား ဆက်စပ် ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ Tablet အနေနဲ့ရော၊ Laptop အဖြစ်ပါ အသုံးပြုရတာ သက်တောင့်သက်သာ အရှိဆုံးဖြစ်အောင်လည်း Dellက ဒီဇိုင်းပိုင်း ဖန်တီးမှုမှာ အသေအချာ အာရုံစိုက်ထားတယ်။
 

Macbookကို Touchscreen ပြောင်းပေးမယ့် AirBar

Appleက သူတို့ရဲ့ Macbookတွေကို Touchscreenနဲ့ ဘယ်တုန်းကမှ မထုတ်လုပ်ခဲ့သေးပါဘူး။ ဒါပေမဲ့ MacBookရဲ့ Screenကိုပဲ Touchscreenအဖြစ် ပြောင်းလဲ အသုံးပြုလို့တော့ ရနေပါပြီ။ ဒါကို AirBarက သက်သေပြခဲ့ပါတယ်။ ဒီရှည်မျောမျော ကိရိယာငယ်လေးကို ၁၃.၃ လက်မအရွယ် MacBook Air ကွန်ပျူတာ တစ်လုံးရဲ့ USB Portမှာ တပ်ဆင်ပြီး Screen အောက်ခြေမှာ ထားလိုက်ရုံနဲ့ Touchscreen နည်းပညာ အထောက်အပံ့ကို ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ AirBarမှာ ပါရှိတဲ့ အထူးပြု အာရုံခံ နည်းပညာက Macbookရဲ့ သမားရိုးကျ Displayကို Touchscreen တစ်ခုလို အမှန်တကယ် ပြောင်းလဲသွားတဲ့ အခြေအနေမျိုး ဖန်တီးပေးလိုက်တာပါ။
 


HPရဲ့ All-in-One ကွန်ပျူတာ

Appleရဲ့ iMacတွေကို အကောင်းဆုံး ယှဉ်ပြိုင်မယ့် လက်ရာတစ်ခုလို့ HPရဲ့ Envy 34ကို ညွှန်းဆိုရပါမယ်။ ၃၄ လက်မအရွယ် Displayဟာ ပါးစပ်အဟောင်းသား ဖြစ်ရလောက်တဲ့ 3440x1440 Resolutionကို ထောက်ပံ့ပေးပါတယ်။ Screenအကွေးက ဒီဇိုင်းသမားတွေ၊ မီဒီယာသမားတွေ စိတ်တိုင်းအကျဆုံး ပုံရိပ်ဖော် စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနေပါတယ်။ Bang & Olufsen Speakerတွေ တွဲဖက်ပါရှိပြီး Intelရဲ့ Kaby Lake မျိုးဆက်သစ် Processorတွေကို တပ်ဆင်ပေးထားတယ်။ Envy 34ဟာ ဒီဇိုင်းပိုင်းအရရော၊ စွမ်းဆောင်ရည် အရပါက အကောင်းဆုံးအဆင့် All-in-One ကွန်ပျူတာ တစ်လုံးဆိုတာ အငြင်းပွားစရာ မရှိပါဘူး။
 
Ref: Tech Radar