မြန်မာနိုင်ငံမှ ပြည်ပ ဆန်တင်ပို့မှုသည် ဘဏ္ဍာရေးနှစ် အကူးအပြောင်းကြားကာလ လေးလခန့်အတွင်း (၂၀၁၈ ဧပြီမှ ဇူလိုင်လကုန်ပိုင်းအထိ) တန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားပြီး ၀င်ငွေကန်ဒေါ်လာ သန်း ၂၇၀ ကျော်ရရှိ သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့သည့် ပမာဏသည် တန်ချိန် တစ်သိန်းကျော်လျော့နည်းသော်လည်း ၀င်ငွေပိုရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်
ယခုနှစ်တွင် လေးလခန့်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းတင်ပို့ထားသည်။ (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာနိုင်ငံမှ ပြည်ပ ဆန်တင်ပို့မှုသည် ဘဏ္ဍာရေးနှစ် အကူးအပြောင်းကြားကာလ လေးလခန့်အတွင်း (၂၀၁၈ ဧပြီမှ ဇူလိုင်လကုန်ပိုင်းအထိ) တန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားပြီး ၀င်ငွေကန်ဒေါ်လာ သန်း ၂၇၀ ကျော်ရရှိ သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့သည့် ပမာဏသည် တန်ချိန် တစ်သိန်းကျော်လျော့နည်းသော်လည်း ၀င်ငွေပိုရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကပြောသည်။

‘‘ရောင်းတဲ့ဆန် တစ်တန် ချင်းစီရဲ့ တန်ဖိုးတက်လာသလို ငွေလဲနှုန်းမြင့်တက်လာတာလည်းပါတာပေါ့’’ဟု ဦးမျိုးသူရအေးက ပြောသည်။

ပြည်ပသို့ တင်ပို့နိုင်သည့် ဆန်တန်ချိန် ရှစ်သိန်းကျော်တွင် နယ်စပ်ကုန်သွယ်ရေးမှ ၅၅ ရာခိုင်နှုန်းကျော်နှင့် ပင်လယ်ရေကြောင်းမှ ၄၄ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့သည်။ ‘‘ဒီရက်ပိုင်းမှာလည်း သင်္ဘောတင်တွေရှိတယ်။ ဒါပေမဲ့ ဈေးကွက်ထဲက ၀ယ်တာမျိုးမ ဟုတ်ဘူး။ ကြိုပြီးစုထားတဲ့ ဆန် တွေပါ’’ဟု ဘုရင့်နောင်ဆန်ကုန် စည်ဒိုင် အတွင်းရေးမှူး ဦးသန်း ဦးက ပြောသည်။

အာဖရိကအပါအ၀င် ပင် လယ်ရေကြောင်းမှ ပြည်ပတင်ပို့ သည့် ၂၅ မှတ် (အကျိုးအကြေ ၂၅ ရာခိုင်နှုန်း)ရှိသည့် ဆန်အမျိုးအ စားကို ပြည်တွင်းဈေးကွက်၌ အ ၀ယ်မရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်များကလည်း အ ၀ယ်နည်းပြီး ဈေးငြိမ်နေကြောင်း ၎င်းက ပြောသည်။

ဒေသအလိုက် ဆန်ထွက်ရှိ မှု ကုန်ဆုံးပြီး သိုလှောင်သူများ ဈေးကိုင် ရောင်းချခြင်းကြောင့် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း စားသုံးသည့် ဆန်အမျိုးအစား ဈေးနှုန်း မြင့်တက်နေကြောင်း ဘုရင့်နောင်ဆန်ကုန်သည်အချို့ က ပြောသည်။

ပြည်တွင်း စားသုံးသည့် ဆန်ကြမ်းရှယ်အမျိုးအစား တစ် အိတ်လျှင် ကျပ် ၂၇,၀၀၀ မှ ၃၃,၀၀၀ အကြား ဈေးရှိနေသည်။ ယင်းဆန် အမျိုးအစားသည် တစ်ရက်လျှင် ဆန်တစ်အိတ်ကျပ် ၁၀၀ မှ ၂၀၀ ခန့်ဈေးမြင့်တက်လာကြောင်း ဦးသန်းဦးက ဆိုသည်။ ထို့အပြင် ပေါ်ဆန်းအမျိုးအစား ဆန်ချောများသည် တစ်အိတ်လျှင် ကျပ် ၄၆,၀၀၀ မှ ၅၂,၀၀၀ ရှိသည်။

ပြည်တွင်းဈေးကွက်တွင် ဆန်အမျိုးအစား သုံးမျိုးရှိပြီး အာဖရိကအပါအ၀င် ပြည်ပသို့ တင်ပို့နေသည့် ၂၅ မှတ် ဆန်အမျိုးအစား၊ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံမှ ၀ယ်ယူနေသည့် အရည်အသွေးကောင်းသော ဆန် ကြမ်းအမျိုးအစားနှင့် ပြည်တွင်း စားသုံးသည့် ပေါ်ဆန်းကဲ့သို့ ဆန်ချောနှင့် ဆန်ကြမ်းရှယ်အမျိုးအစား ဖြစ်သည်။