"ပင်ရင်းရဲ့ရောင်းဈေးအပေါ်ယူပြီး တို့ရောင်းရတာလေ။ ပင်ရင်းဈေးနဲ့ ၁၀၀လောက်ခွာပြီးရောင်းရတာလေ။ သူတို့ရောင်းတဲ့ဈေးကအခု ၅၈၀ လောက်ရောင်းတယ်။ တို့က ၆၅၀ လောက်ပြန်ရောင်းတယ်လေ"

ရန်ကုန်၊ စက်တင်ဘာ ၁၄ ။     ။ တစ်စောင်လျှင် ကျပ် ၅၀၀ ရောင်းချရန် သတ်မှတ်ထားသော ထီလက်မှတ်များကို ဈေးတင်ရောင်းချနေမှုများ နှင့်ပတ်သက်ပြီး ထိန်းချုပ်ရန် ဥပဒေမရှိသေးကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။

"သဘောကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ထီဆိုင်ပေါင်းများစွာ ရှိတယ်။ ဆိုင်တိုင်းသည် အောင်ဘာလေသိန်းဆု ဌာနခွဲနဲ့ တိုက်ရိုက်ဝယ်ယူထားတဲ့ဆိုင်မျိုး မဟုတ်ဘူး။ အဲဒီဆိုင်တွေကနေ ဆင့်ပွားဆင့်ပွားဖြစ်လာတဲ့ ဖြစ်စဉ်တွေပေါ့နော်။ ဆိုင်တွေများလာတဲ့အတွက်ကြောင့် ထိန်းချုပ်မယ်ဆိုရင်တော့ မူရင်းရောင်းချသူကပဲ ထိန်းချုပ်လို့ ရမယ်။ နောက်တစ်ခုကတော့ အောက်ခြေအဆင့်ဆိုင်အထိ ထိန်းချုပ်ရခက်နေတာကြတော့ အောင်ဘာလေထီမှာ ဥပဒေ မရှိဘူး" ဟု အောင်ဘာလေသိန်းဆုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိဈေးကွက်အတွင်းတွင် ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၆၀၀ နှင့် ၇၀၀ ကျပ်အကြား ပေါ်တင် ရောင်းချလျက် ရှိနေသည်။

အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် တိုက်ရိုက်ဆက်သွယ်ဝယ်ယူနေသူများကို လစဉ်ခေါ်ယူတွေ့ဆုံကာ ဈေးနှုန်းမကြီးမြင့်စေရန် မှာကြားနိုင်သော်လည်း အောက်ခြေမှဆိုင်များကို မှာကြားရန် အခက်အခဲရှိသည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ယခုနှစ် မတ်လ ၁ ရက်မှ စတင်ကာ ရောင်းချသည့် ၅၀၀ ကျပ်တန် ထီလက်မှတ်များကို ဈေးပိုမိုရောင်းချပါက ထီကိုယ်စားလှယ်များအား အမည်ပျက်စာရင်း တင်သွင်းသွားမည်ဟု ယခင်က အောင်ဘာလေသိန်းဆုဌာနခွဲမှ ကြေညာထားသည်။

ထီဈေးကွက်သဘာဝအရ အဆင့်ဆင့်ထပ်မံရောင်းချရသည့်နေရာတွင် လက်ငင်းငွေပေးချေမှု၊ ထက်ဝက်ငွေ ပေးချေမှုနှင့် ရောင်းချပြီးငွေပေးချေမှုများဖြင့် လက်ကားဆိုင်များမှ လက်လီဆိုင်များသို့ရောက်ရှိနေရပြီး ထပ်ဆင့်ရောင်းချရသည်ဖြစ်ရာ အောက်ခြေမှရောင်းချသူများအတွက် အကျိုးအမြတ်ကျန်ရှိရန် ဈေးနှုန်း မြင့်တက်လာရခြင်းဖြစ်ကြောင်း ထီဈေးကွက်မှ သိရသည်။

 "ပင်ရင်းရဲ့ရောင်းဈေးအပေါ်ယူပြီး တို့ရောင်းရတာလေ။ ပင်ရင်းဈေးနဲ့ ၁၀၀လောက်ခွာပြီးရောင်းရတာလေ။ သူတို့ရောင်းတဲ့ဈေးကအခု ၅၈၀ လောက်ရောင်းတယ်။ တို့က ၆၅၀ လောက်ပြန်ရောင်းတယ်လေ" ဟု ကားဖြင့် ထီရောင်းချသူ ဦးမျိုးမြင့်က ပြောသည်။

 ထို့အပြင် ဈေးကွက်သဘောသဘာဝအရ ၀ယ်လိုအားနှင့်ရောင်းလိုအားအပေါ်မူတည်ကာ ထီလက်မှတ် ဈေးနှုန်း အတက်အကျရှိနိုင်ပြီး ၀ယ်ယူမည့်ပမာဏအား အတိအကျခန့်မှန်းနိုင်မည်မဟုတ်သည့်အတွက် ထီလက်မှတ် လိုအပ်ချက်များလည်း ရှိခဲ့ဖူးကြောင်း ရွှေမြန်မာထီရောင်းဝယ်ရေးမှ ဦးစန်းယု က ပြောသည်။

 "ဒီတစ်ခါကျတော့ ဒီဘက်နှစ်ကျတော့ထီထိုးတဲ့သူတွေက ပုံမှန်ထက်ပိုထိုးလိုက်တဲ့အခါကျတော့ ပစ္စည်း ပြတ်လပ်မှုဖြစ်သွားတာ ဈေးကွက်ထဲမှာထီမကျန်တော့လို့အဲဒီလိုတက်သွားတာပါ။ နိုင်ငံတော် အနေအထား နဲ့ကလည်း ပြီးခဲ့တဲ့နှစ်နဲ့ချိန်ပြီးတော့ ဥပမာပြီးခဲ့တဲ့နှစ်နဲ့ချိန်ပြီးတော့ အခုဆိုရင် လစဉ်လစဉ် ၄၅ ၄၆ အခုဆို ၄၇ သူကတိုးပြီးတော့ထုတ်ပေးတာပဲ။ ဒါပေမယ့်နောက်လဆိုရင်အလုံး ၅၀ ထုတ်ပေးဦးမှာ၊ ဈေးကွက်နဲ့ချိန်ပြီး သူ့ဟာနဲ့သူ ထုတ်ပေးတာပဲ။ အရင်ကလိုထုတ်လိုက်ရင်လဲ ထုတ်တဲ့ပစ္စည်းများသွားပြီး ၀ယ်လိုအား နည်းသွား ရင် ထီကကျန်ပြန်ရော။ လက်ရှိအနေအထားနဲ့ကတော့ ထီဈေးမြင့်တယ်ဆိုတာ အဲဒီအကြောင်းတွေကြောင့်ပါ" ဟု ဦးစန်းယု က ဆက်ပြောသည်။

ထီလက်မှတ်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပုံမှန်ထီလက်မှတ်ဝယ်ယူနေသူတစ်ဦးဖြစ်သည့် ၀န်ထမ်းတစ်ဦးက ယခင် သုံးစောင်တွဲဝယ်ယူရာမှ ယခုအခါ တစ်စောင်ခန့်သာ ၀ယ်ယူကံစမ်းနိုင်တော့ကြောင်း သိရသည်။

ယခင်က ကျပ် သိန်း ၁၅၀၀ ဆု ချီးမြှင့်ခဲ့ပြီး  ထီတစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကာ ယခု ထီတစ်စောင်လျှင် ၅၀၀ ကျပ်ဖြင့် ကျပ် သိန်းတစ်သောင်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကာ ဧပြီလ ၁ ရက်နေ့တွင် သိန်းတစ်သောင်း စတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။