“အောက်တိုဘာလ (၈-၁၁) ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် ရခိုင်ကမ်းလွန်ဒေသမှာ အားကောင်းတဲ့ လေစိုင်ဝဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ အဲဒီလေစိုင်ဝဲဟာ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ်”

ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရန်ကုန် ၊ အောက်တိုဘာ ၈ ။            ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က “အောက်တိုဘာလ (၈-၁၁) ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် ရခိုင်ကမ်းလွန်ဒေသမှာ အားကောင်းတဲ့ လေစိုင်ဝဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ အဲဒီလေစိုင်ဝဲဟာ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟုလည်း ဆိုသည်။

သို့သော်လည်း အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်သွားနိုင်သည်ဟု ဦးထွန်းလွင်က သုံးသပ်ထားသည်။

မိုးရွာသွန်းမှုအခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော် ၊ ကယား ၊ ကရင် ၊ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ကချင် ၊ ချင်း နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ ၊ ရန်ကုန် ၊ ဧရာဝတီ နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် ရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်ဟု မိုး/ဇလ က ဆိုသည်။

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်သည် (၆) ပေမှ (၉) ပေခန့်အထိရှိနိုင်သည်ဟု မိုး/ဇလ ကသတင်းထုတ်ပြန်ထားသည်။