ဆက်လက်ပြီးတော့လည်း ၀ါရှင်တန်အနေနဲ့ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး ဆွေးနွေးပြောဆိုမှုတွေမှာ မဆုတ်သာ မတိုးသာ အခြေအနေတစ်ရပ် ဖြစ်အောင် ဖန်တီးနေလျက်ရှိတယ်လို့လည်း ၎င်းက စွပ်စွဲသွားပါတယ်။

စက်တင်ဘာ ၃၀ ။            ။ အမေရိကန်အပေါ် အပြည့်အ၀ ယုံကြည်စိတ်ချလို့ မရနိုင်သေးဘဲနဲ့တော့ နျူကလီးယားလက်နက် ကင်းစင်အောင် လုပ်ဆောင်သွားဦးမှာ မဟုတ်ဘူးဆိုပြီး မြောက်ကိုရီးယား   နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၉ ရက်မှာ ကုလသမဂ္ဂကို ပြောကြားလိုက်ပါတယ်။

ပြုံယမ်းအပေါ် တင်းမာတဲ့ ဆန်ရှင်ချမှတ်မှုတွေ အမေရိကန်ဘက်က ဆက်လက် ဖိအားပေးချမှတ်နေသေးသ၍ ကာလပတ်လုံး ၎င်းရဲ့ နိုင်ငံဘက်ကလည်း အရင်စပြီး လက်နက်ဖြုတ်သိမ်းသွားစရာ အကြောင်းမရှိဘူးဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ရီယုံဟိုက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ၀ါရှင်တန်အနေနဲ့ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး ဆွေးနွေးပြောဆိုမှုတွေမှာ မဆုတ်သာ မတိုးသာ အခြေအနေတစ်ရပ် ဖြစ်အောင် ဖန်တီးနေလျက်ရှိတယ်လို့လည်း ၎င်းက စွပ်စွဲသွားပါတယ်။

“အမေရိကန်အပေါ် လုံ့ဝ ယုံကြည်လို့ မရသေးသရွေ့ကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေး အတွက်ကလည်း ဘာမှ အာမခံချက်ရှိမှာမဟုတ်ပါဘူး၊ ဒီတော့ အဲဒီလို အခြေအနေမျိုးအောက်မှာ ကျွန်တော်တို့ဘက်ကတော့ အရင်စပြီး ကိုယ့်ဘာသာ နျူလက်နက်ဖြုတ်သိမ်းဖို့ အကြောင်းမရှိပါဘူး” ဆိုပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောသွားခဲ့ပါတယ်။

“ အမေရိကန်တို့ဘက်က နျူကင်းစင်ရေးကို အရင်ဖြစ်အောင် လုပ်ဖို့ အခိုင်အမာ တိုက်တွန်းနေပါတယ်၊ ပြီးတော့ သူတို့ရည်မှန်းချက်အောင်မြင်အောင် အတင်းအကျပ်လုပ်တဲ့ အနေနဲ့  ဆန်ရှင်တွေနဲ့ တိုးမြှင့်ဖိအားပေးနေပါတယ်” ဆိုပြီး ၎င်းက ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ သမိုင်းဝင်တွေ့ဆုံပွဲအပြီး နှစ်ဘက်အကြား ဆက်ဆံရေး နွေးထွေးလာခဲ့သော်ငြား ယင်းနောက်ပိုင်းမှာလည်း နောက်ထပ်တိုးတက်မှုအခြေအနေမျိုးကို ထပ်မံမြင်တွေ့ထားရခြင်း မရှိသေးတာဖြစ်ပါတယ်။