ဖမ်းဆီးရမိခဲ့သူ(၂)ဦးအား ရဲအုပ်သက်နိုင်ဦးနှင့်အဖွဲ့မှ နေ့လယ် ၁၂နာရီခွဲအချိန်တွင် မင်းလှမြို့နယ်၊ရဲတပ်ဖွဲ့မှူး ရုံးသို့ဖမ်းဆီးခေါ်ဆောင်ကာ မပတ အက်ဥပဒေဖြင့် အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ ဖိုက်ဝမ်းဖိုက်(မဲဇလီ)

မင်းဘူး။ စက်တင်ဘာ ၂၄ ။           ။ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့၊ရွှေချောင်းကျေးရွာမြောက်ဘက် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၂၃၉/၄)အနီးတွင် အထောက်အထားမဲ့ တရားမ၀င် ၀င်ရောက်လာသူ (၂)ဦးကို စက်တင်ဘာ ၂၄ရက်နေ့ နေ့လယ် (၁၂)နာရီ ခန့်က ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်-မုံရွာ ကားလမ်းမပေါ်ရှိ ချင်းကုန်းကျေးရွာလမ်းပေါက်၊ဘန့်ပြင်ကျေးရွာလမ်းပေါက်၊ကန်တုတ်လမ်းဆုံနှင့် ယုဇနလမ်းပေါက်တို့တွင် အထောက်အထားမဲ့သူများ ဖြတ်သန်း သွားလာမှုမရှိစေရေးအတွက် ရပ်ကင်း၊ဝပ်ကင်းများဖြင့် စောင့်ဆိုင်းနေစဉ် အမည်မဖော်လိုသော ဒေသခံတစ်ဦးမှ ရှမ်းတပ်ကျေးရွာမြောက်ဘက်၊ပုသိမ်-မုံရွာလမ်း မိုင်တိုင်(၂၃၉/၄)တွင် မသင်္ကာဖွယ်ရာ လူစိမ်းနှစ်ဦးကို တွေ့ခဲ့ကြောင်း ဖုန်းဆက်သတင်းပေးလာသောကြောင့် အဆိုပါနေရာကိုသွားရောက်စစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရေနံမ နယ်မြေရဲစခန်း မှ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းကပြောသည်။

“သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ အထောက်အထားမဲ့စွာနဲ့ ဖြတ်သန်းဝင်ရောက်လာတဲ့မွတ်စလင်(၂)ဦးကိုရှာဖွေတွေ့ရှိခဲ့ရတယ်။ သူတို့ကို စစ်ဆေးခဲ့တဲ့အခါ သူတို့ဟာရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ပေပင်ရင်းကျေးရွာနေထိုင်သူ အစ္စလာမ်ဘာသာဝင်မာရိုရှီး(ခ)မင်းနိုင်(၂၀)နှစ်နဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ရွာသူကြီးရပ်ကွက်နေထိုင်သူ အစ္စလာမ်ဘာသာဝင်နိုဟာရှင်း(ခ)ကျော်မြင့်တို့ဖြစ်ကြတယ်လို့ထွက်ချက်ပေးထားပါတယ်" ဟု ရဲအုပ်မျိုးမင်းထွန်းက ဆိုသည်။

ဖမ်းဆီးရမိခဲ့သူ(၂)ဦးအား ရဲအုပ်သက်နိုင်ဦးနှင့်အဖွဲ့မှ နေ့လယ် ၁၂နာရီခွဲအချိန်တွင် မင်းလှမြို့နယ်၊ရဲတပ်ဖွဲ့မှူး ရုံးသို့ဖမ်းဆီးခေါ်ဆောင်ကာ မပတ အက်ဥပဒေဖြင့် အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ဘင်္ဂါလီများ ဖမ်းဆီးရမိခြင်းမှာ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ဒေသခံပြည်သူများအား သတိပေး ပညာပေး ဆောင်ရွက်မှုများပြုလုပ်ခဲ့သောကြောင့်သာ အတူပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြခြင်းဖြစ်ကြောင်း ရေနံမ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နေ့ကလည်း အထောက်အထားမဲ့ခိုးဝင်နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး  ၂၀၁၈ခုနှစ် မတ်လ မှ စက်တင်ဘာလ (၂၄)ရက်နေ့အထိ( ၇ )လ အတွင်း ဖမ်းဆီးရမိသည့် အရေအတွက်မှာ ၁၁၀ဦးအထိ ရှိနေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။