အဆိုပါ Eaton နှင့် Myanmar Golden Rock International ကုမ္ပဏီတို့ မြန်မာဈေးကွက်အတွက် ပူးပေါင်းကြောင်း လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့၊ Pullman ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

(ဓာတ်ပုံ-ကိုသက်ကို)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။        ။ ဆားကစ်ပြားမှစ၍ ဒေတာစင်တာများအထိထုတ်လုပ်နေသော အမေရိကန်အခြေစိုက် စွမ်းအင်စီမံခန့်ခွဲမှု ကုမ္ပဏီဖြစ်သည့် Eaton သည် မြန်မာနိုင်ငံရှိ Myanmar Golden Rock International ကုမ္ပဏီနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။

အဆိုပါ Eaton နှင့် Myanmar Golden Rock International ကုမ္ပဏီတို့ မြန်မာဈေးကွက်အတွက် ပူးပေါင်းကြောင်း လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့၊ Pullman ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

"ဒီမှာစိန်ခေါ်မှုက သိတဲ့အတိုင်းပဲ လျှပ်စစ်ဓာတ်အားပါ။ ၃၀ ရာခိုင်းနှုန်းသော မြန်မာပြည်သူတွေသာ တည်ငြိမ် တဲ့ လျှပ်စစ်ဓာတ်အားကိုးရနေပါတယ်။ ဒါကမကောင်းဘူးလို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီပြဿနာဘာကြောင့်ဖြစ်ရလဲဆိုတာကို နားလည်အောင်လုပ်ခဲ့ပါတယ်။ ဘယ်အရာက အကြောင်းအရင်း ဖြစ်မလဲ ဆိုတာကိုပေါ့။ ကျွန်တော်တို့မှာ မြန်မာနိုင်ငံနဲ့တူတဲ့ တခြားနိုင်ငံတွေရှိပါတယ်။ ကျွန်တော်တို့မှာ ဒီပြဿနာကိုဖြေရှင်းနိုင်တဲ့ အဖြေရှိနေပါတယ်" ဟု Eaton ကုမ္ပဏီ၏ Country Manager Mr. Kidsada Santisak က ပြောသည်။

စာချုပ်အရ Eaton ကုမ္ပဏီမှ ထုတ်ကုန်များကို Myanmar Golden Rock International ကုမ္ပဏီမှ ပြည်တွင်း ဈေးကွက်အတွင်းဖြန့်ဖြူးသွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းအတိအကျ မသတ်မှတ်ထားဘဲ ရေရှည်အတွက် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း Mr. Kidsada Santisak က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသွားမည့် ပမာဏကို ပြောဆိုခဲ့ခြင်းမရှိပေ။

"မြန်မာပြည်ကကျတော့လေ ပါဝါsupply က တည်ငြိမ်မှုမရှိတဲ့အတွက်ကြောင့် အခုအစ်မတို့သွင်းတဲ့ ထုတ်ကုန် ကို သုံးခြင်းအားဖြင့် ပါဝါ supply ကိုလည်းတည်ငြိမ်အောင်လုပ်ပေးနိုင်တယ်။ နောက်ပြီး ဒေတာစင်တာ တည်ဆောက်တဲ့အခါကျတော့ နေရာလည်းသက်သာစေမယ်။ Cooling system ပါ ပါပြီးသားဖြစ်တဲ့အတွက် ကြောင့် power supply ကိုလည်း လျော့ချပေးနိုင်တယ်။ ကုန်ကျစရိတ်လည်း သက်သာစေတယ်ပေါ့နော်" ဟု Myanmar Golden Rock International ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်လွင်လွင်ဦး က ပြောသည်။

စွမ်းအင်စီမံခန့်ခွဲမှုကုမ္ပဏီ Eaton သည် နိုင်ငံပေါင်း ၁၇၅ နိုင်ငံကျော်တွင် စွမ်းအင်နှင့်ပတ်သတ်သည့် ထုတ်ကုန် များကို ဖြန့်ဖြူးရောင်းချပေးနေပြီး ၂၀၁၇ ခုနှစ်၌ ကမ္ဘာတစ်ဝှမ်းရောင်းအား ၂၀.၄ ဘီလီယံ ရရှိခဲ့သည်။ မြန်မာ နိုင်ငံမှ Myanmar Golden Rock International ကုမ္ပဏီသည် ၁၉၉၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး Cannon Hitachi အစရှိသည့်ကုန်အမှတ်တံဆိပ်များမှ ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်ထဲသို့ဝင်ရောက်လာမှုမှ အာရှပစိဖိတ်ဒေသတစ်ခွင်တွင် ကုမ္ပဏီ၏ တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းတည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။