“ကျွန်တော် ကြားရပါတယ်။ စိတ်မကောင်းဘူးပေါ့။ Personally ကတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ကျွန်တော် မျှော်လင့်ချက်တစ်ခု ရှိပါတယ်။ ဒါကအယူခံဝင်တာ ရှိသေးတယ်လေ။ အယူခံဝင်တာ ရှိပါတယ်။ သူနဲ့ သူ့ရှေ့နေတွေတိုင်ပင်ပြီးတော့အယူခံဝင်တာ ရှိရမှာပေါ့”

နေပြည်တော်၊ စက်တင်ဘာ ၃ ။           ။ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေဖြင့် စက်တင်ဘာ ၃ရက် ယနေ့တွင် ထောင်ဒဏ် ၇ နှစ်စီ ချမှတ် ခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ အမှုအတွက် မျှော်လင့်ချက် ရှိသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

“ကျွန်တော် ကြားရပါတယ်။ စိတ်မကောင်းဘူးပေါ့။ Personally ကတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ကျွန်တော် မျှော်လင့်ချက်တစ်ခု ရှိပါတယ်။ ဒါကအယူခံဝင်တာ ရှိသေးတယ်လေ။ အယူခံဝင်တာ ရှိပါတယ်။ သူနဲ့ သူ့ရှေ့နေတွေတိုင်ပင်ပြီးတော့အယူခံဝင်တာ ရှိရမှာပေါ့” ဟု ဦးအောင်လှထွန်းက ပြောကြားသည်။

ယနေ့ စက်တင်ဘာ ၃ရက် နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ၄င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အတွက် အဟန့်အတားဖြစ်စေနိုင်သော ဥပဒေများရှိကြောင်းနှင့် ဥပဒေများကို လက်ရှိတွင် ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ သတင်းထောက်နှစ်ဦးအပေါ် နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုကို တည်ဆောက်ခဲ့ခြင်း သည် သဘာဝကျကျ အမှုကိုတည်ဆောက်ခဲ့ခြင်းလား သို့မဟုတ် အမှုကို ဖန်တီးပြီးတည်ဆောက်ခဲ့ခြင်းလား ဆိုသည့် အချက် ၂ချက်အပေါ်တွင် အဓိကဆောင်ရွက်ဖို့လိုကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ပဲခူးမဲဆန္ဒနယ် အမှတ် ၁၂ မှ ဦးအောင်သိန်းက ပြောသည်။

“အောက်ရုံးတစ်ရုံးရဲ့ အဆုံးအဖြတ်က မှန်တယ်လို့ပြောလို့မရဘူး။ အောက်ရုံးတစ်ရုံးရဲ့ ဆုံးဖြတ်ချက်က မှန်တယ်ဆိုရင် အပေါ်ရုံးတွေ ထားစရာမလိုတော့ဘူးပေါ့နော်။ အဲ့တော့ အပေါ်ရုံးတွေ ရှိပါသေးတယ်နော်။ သူတို့ တရားစွဲဆိုမှုနဲ့ ပတ်သတ်ပြီးတော့ အပေါ်ရုံးမှာ သုံး၊ လေးရုံး ရှိပါသေးတယ်။ အထူးအယူခံတွေ ရှိပါသေးတယ်။ အဲ့ဒီ အယူခံရုံးတွေကလည်း ဥပဒေနဲ့ အညီ သုံးသပ်ချက်ချလာတဲ့ အခါကျမှ အဲ့ဒီဥပဒေနဲ့ သူတို့ တရားစွဲတာ မှန်တယ် မမှန်ဘူး။ သူ့ ပြစ်ဒဏ်ဒီလိုသတ်မှတ်ချက်ဟာ မှန်တယ်၊ မမှန်ဘူးဆိုတာ အပေါ်ရုံး အဆင့်မြင့်ရောက်မှပဲ အတည်ဖြစ်မှာပဲ” ဟု ဦးအောင်သိန်းက ပြောသည်။

စွပ်စွဲခံရသူများ၏ ရှေ့နေများဘက်မှလည်း အထက်ရုံးတော်များသို့ တက်မည်ကို ယုံကြည်ကြောင်းနှင့် ဥပဒေ တွင်လည်း အားနည်းများရှိနေသည်ဆိုသည့်အချက်ကို ငြင်း၍မရသည်ကို ၄င်းအနေဖြင့် မြင်မိကြောင်း ဦးအောင်သိန်းက ပြောသည်။

အလားတူ အဆိုပါ သတင်းထောက်နှစ်ဦး စတင်ဖမ်းဆီးခံခဲ့ရသည့် မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကလည်း ဖမ်းဆီးခံခဲ့ရချိန်တွင် လုံလောက်သည့် ဥပဒေ၏ အကာအကွယ်ကို မရခဲ့ကြောင်းနှင့် ဥပဒေအကြောင်းအရ ညီညွတ်သည့်တိုင်အောင် အများပြည်သူ၏ အမြင်တွင် တရားစီရင်ရေးစနစ်ကို ယုံကြည်လာအောင် လုပ်ဆောင်မပေးနိုင်ခဲ့ဟု ပြောဆိုခဲ့သည်။

“အဲ့ဒါကြောင့်မို့လို့ ဒီ အထဲမှာ တရားစီရင်တဲ့ စနစ် အထဲမှာ တရားသူကြီးက ဘာကိုဆုံးဖြတ်ပြီးတော့ ဘာကို လုပ်လဲဆိုတာတော့ လျို့ဝှက်ကိစ္စဖြစ်တဲ့ အတွက် ကျွန်တော်တို့ မသိရပေမယ့် ဒီအများပြည်သူမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာစွာ ဒီတရားစီရင်ရေး စနစ်ကို ယုံကြည်မှု ရှိလာအောင်ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းချပြသင့်တယ် လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်။ ဘာကြောင့် သူ့ကို ထောင်ချခဲ့ရလဲ။ ဘာကြောင့် ဒီဟာဖြစ်ခဲ့ရလဲ အများပြည်သူ သိသင့်တယ်ပေါ့။ လျို့ဝှက်တဲ့ကိစ္စတွေကို ခဏထားလို့ တရားစီရင်ရေးစနစ်ကို ယုံကြည်အောင် ပိုပြီးတော့ လုပ်သင့်တယ်လို့ပဲ မြင်ပါတယ်” ဟု မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းဌာနမှ ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ်(၇) နှစ်စီကျခံစေရန် အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာလ ၃ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။